အင်္ဂုတ္တရနိကာယ်

(၇) ၂-သညာဝဂ်

၁ဝ-အာသဝက္ခယသုတ်

၇ဝ။ ရဟန်းတို့ ဤတရားငါးမျိုးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည်ရှိသော်အာသဝေါတရားတို့၏ကုန်ခြင်းငှါ ဖြစ်ကုန်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကိုယ်ခန္ဓာ၌ မတင့်မတယ်ဟု ရှုလေ့ရှိသည်ဖြစ်၍် နေ၏။

မျိုအပ်သော အစာ ‘အာဟာရ’၌ စက်ဆုပ်ရွံရှာဖွယ်ဟု အမှတ်ရှိ၏။

လောကအားလုံး၌ မွေ့လျော်ဖွယ်မရှိဟု အမှတ်ရှိ၏။

အလုံးစုံသော သင်္ခါရတရားတို့၌ မမြဲဟု ရှုလေ့ရှိ၏။

သေခြင်း၌ ဖြစ်သော အမှတ် ‘မရဏသညာ’သည် ထိုရဟန်း၏ အတွင်းသန္တာန်၌ ကောင်းစွာ တည်၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည်ရှိသော် အာသဝေါတရားတို့၏ကုန်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

နှစ်ခုမြောက် သညာဝဂ် ပြီး၏။