အင်္ဂုတ္တရနိကာယ်
(၈) ၃-ယောဓာဇီဝဝဂ်
၁-ပဌမစေတောဝိမုတ္တိဖလသုတ်
၇၁။ ရဟန်းတို့ ဤတရားငါးမျိုးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည်ရှိသော်လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်ဟူသော အကျိုးလည်း ရှိကုန်၏၊ လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်ဟူသော အာနိသင်လည်း ရှိကုန်၏၊ လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာဟူသော အကျိုးလည်း ရှိကုန်၏၊ လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာဟူသောအာနိသင်လည်း ရှိကုန်၏။
အဘယ်တရား ငါးမျိုးတို့နည်းဟူမူ —
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကိုယ်ခန္ဓာ၌ ် မတင့်မတယ်ဟု ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
မျိုအပ်သော အစာ ‘အာဟာရ’၌ စက်ဆုပ်ရွံရှာဖွယ်ဟု အမှတ်ရှိ၏။
လောကအားလုံး၌ မွေ့လျော်ဖွယ်မရှိဟု အမှတ်ရှိ၏။
အလုံးစုံသော သင်္ခါရတို့၌ မမြဲဟု ရှုလေ့ရှိ၏။
သေခြင်း၌ ဖြစ်သော အမှတ် ‘မရဏသညာ’သည် ထိုရဟန်း၏ အတွင်းသန္တာန်၌ ကောင်းစွာ တည်၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည်ရှိသော် လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်ဟူသော အကျိုးလည်း ရှိကုန်၏၊ လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်ဟူသော အာနိသင်လည်း ရှိကုန်၏၊ လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာဟူသော အကျိုးလည်းရှိကုန်၏၊ လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာဟူသော အာနိသင်လည်း ရှိကုန်၏။
ရဟန်းတို့ အကြင်အခါ၌ ရဟန်းသည် လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်လည်း ရှိ၏၊ လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာလည်း ရှိ၏၊ ရဟန်းတို့ (ထိုအခါ၌ ) ဤရဟန်းကို “တံခါးကျည်ကိုပယ်ချပြီးသူ”ဟူ၍လည်းကောင်း၊ “ကျုံးကို ဖျက်ဆီးပြီးသူ”ဟူ၍လည်းကောင်း၊ “တံခါးတိုင်ကို နုတ်ပြီးသူ”ဟူ၍လည်းကောင်း၊ “တံခါးရွက်ကို ဖွင့်ပြီးသူ”ဟူ၍လည်းကောင်း၊ “အလံကို ချပြီးသော၊ ဝန်ကို့ချပြီးသော၊ (ဝဋ်ဆင်းရဲနှင့်) မစပ်ယှဉ်သော မြတ်သောသူ”ဟူ၍လည်းကောင်း ဆိုအပ်၏။
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် တံခါးကျည်ကို ပယ်ချပြီးသူ ဖြစ်သနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မသိမှု ‘အဝိဇ္ဇာ’ ကို ပယ်ပြီးဖြစ်၏၊ အမြစ်ကိုဖြတ်ပြီးဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ အသစ်မဖြစ်ခြင်းကို ပြုပြီးဖြစ်၏၊ နောင်အခါ၌ ဖြစ်ခြင်းသဘော မရှိတော့ပြီ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် တံခါးကျည်ကို ပယ်ချပြီးသူ ဖြစ်၏။
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ကျုံးကို ဖျက်ဆီးပြီးသူ ဖြစ်သနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တစ်ဖန်ဘဝသစ်ကို ဖြစ်စေတတ်သည့် ဇာတိသံသရာ (ပုညာဘိသင်္ခါရ) ကို ပယ်ပြီးဖြစ်၏၊ အမြစ်ကို ဖြတ်ပြီးဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ အသစ် မဖြစ်ခြင်းကို ပြုပြီးဖြစ်၏၊ နောင်အခါ၌ ဖြစ်ခြင်းသဘော မရှိတော့ပြီ။ ရဟန်းတို့ဤသို့လျှင် ရဟန်းသည် ကျုံးကို ဖျက်ဆီးပြီးသူ ဖြစ်၏။
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် တံခါးတိုင်ကို နုတ်ပြီးသူ ဖြစ်သနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တပ်မက်ခြင်း ‘တဏှာ’ကို ပယ်ပြီးဖြစ်၏၊ အမြစ်ကို ဖြတ်ပြီးဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ အသစ်မဖြစ်ခြင်းကို ပြုပြီးဖြစ်၏၊ နောင်အခါ၌ ဖြစ်ခြင်းသဘော မရှိတော့ပြီ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် တံခါးတိုင်ကို နုတ်ပြီးသူ ဖြစ်၏။
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် တံခါးရွက်ကို ဖွင့်ပြီးသူ ဖြစ်သနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အောက်ပိုင်း သံယောဇဉ်ငါးမျိုးတို့ကို ပယ်ပြီးဖြစ်၏၊ အမြစ်ကို ဖြတ်ပြီးဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ အသစ်မဖြစ်ခြင်းကို ပြုပြီးဖြစ်၏၊ နောင်အခါ၌ ဖြစ်ခြင်းသဘော မရှိတော့ပြီ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် တံခါးရွက်ကို ဖွင့်ပြီးသူဖြစ်၏။
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အလံကိုချပြီးသော၊ ဝန်ကိုချ ပြီးသော၊ (ဝဋ်ဆင်းရဲနှင့်) မစပ်ယှဉ်သော မြတ်သောသူ ဖြစ်သနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ငါတကားဟု ထောင်လွှားခြင်း ‘အသ္မိမာန’ကို ပယ်ပြီးဖြစ်၏၊ အမြစ်ကို ဖြတ်ပြီးဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ အသစ်မဖြစ်ခြင်းကိုပြုပြီးဖြစ်၏၊ နောင်အခါ၌ ဖြစ်ခြင်းသဘော မရှိတော့ပြီ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အလံကိုချပြီးသော၊ ဝန်ကိုချပြီးသော၊ (ဝဋ်ဆင်းရဲနှင့်) မစပ်ယှဉ်သော မြတ်သောသူ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။