အင်္ဂုတ္တရနိကာယ်

(၈) ၃-ယောဓာဇီဝဝဂ်

၉-တတိယ အနာဂတဘယသုတ်

၇၉။ ရဟန်းတို့ ဤအနာဂတ်ဘေးငါးမျိုးတို့သည် ယခုအခါ မဖြစ်ပေါ်သေးကုန်၊ နောင်အခါတို့၌ ဖြစ်ပေါ်ကုန်လိမ့်ဦးမည်၊ ထိုဘေးတို့ကို သင်တို့ သိရမည်၊ သိပြီး၍လည်း ထိုဘေးတို့ကို ပယ်ရန် အားထုတ်ရမည်။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

ရဟန်းတို့ အနာဂတ်ကာလ၌ ရဟန်းတို့သည် ကိုယ်ကို မပွါးများသူ၊ သီလကို မပွါးများသူ၊ စိတ် ‘သမာဓိ’ကို မပွါးများသူ၊ ပညာကို မပွါးများသူတို့ ဖြစ်ကြလိမ့်မည်။

ထိုရဟန်းတို့သည် (မိမိတို့က) ကိုယ်ကို မပွါးများ သီလကို မပွါးများ စိတ် ‘သမာဓိ’ကို မပွါးများပညာကို မပွါးများကြကုန်သည် ဖြစ်ပါလျက် သူတစ်ပါးတို့ကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးလိမ့်ဦးမည်၊ (ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသော) ထိုဆရာတို့သည်လည်း လွန်မြတ်သောသီလ လွန်မြတ်သောစိတ်လွန်မြတ်သောပညာ၌ ဆုံးမခြင်းငှါ စွမ်းနိုင်ကြလိမ့်မည် မဟုတ်ကုန်၊ (ဤသို့သော ဆရာတို့ထံ ပဉ္စင်းခံကြကုန်သော) ထိုတပည့် ရဟန်းတို့သည်လည်း ကိုယ်ကို မပွါးများသူ၊ သီလကို မပွါးများသူ၊ စိတ်ကိုမပွါးများသူ၊ ပညာကို မပွါးများသူတို့ ဖြစ်ကြကုန်လိမ့်ဦးမည်။

ထိုတပည့်ဖြစ်သူ ရဟန်းတို့သည် (မိမိတို့က) ကိုယ်ကို မပွါးများ သီလကို မပွါးများ စိတ်ကို မပွါး များပညာကို မပွါးများကြကုန်သည် ဖြစ်ကြပါလျက် အခြားသူတို့ကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးကြကုန်လိမ့်ဦးမည်။

ထိုရဟန်းတို့သည်လည်း လွန်မြတ်သောသီလ လွန်မြတ်သောစိတ် လွန်မြတ်သောပညာ၌ ဆုံးမခြင်းငှါစွမ်းနိုင်ကြလိမ့်မည် မဟုတ်ကုန်။

ထိုတပည့်ရဟန်းတို့သည်လည်း ကိုယ်ကို မပွါးများသူ၊ သီလကို မပွါးများသူ၊ စိတ်ကို မပွါးများသူ၊ ပညာကို မပွါးများသူတို့ ဖြစ်ကြကုန်လိမ့်ဦးမည်။

ရဟန်းတို့ ဤသို့လျှင် တရားပျက်စီးခြင်းကြောင့် ဝိနည်းပျက်စီး၏၊ ဝိနည်းပျက်စီးခြင်းကြောင့် တရားပျက်စီး၏။

ရဟန်းတို့ ဤပဌမအနာဂတ်ဘေးသည် ယခုအခါ မဖြစ်ပေါ်သေး၊ နောင်အခါ၌ ဖြစ်ပေါ်လိမ့်ဦးမည်၊ ထိုဘေးကို သင်တို့ သိရမည်၊ သိပြီး၍လည်း ထိုဘေးကို ပယ်ရန် အားထုတ်ရမည်။

ရဟန်းတို့ နောက်တစ်မျိုးကား အနာဂတ်ကာလ၌ ရဟန်းတို့သည် ကိုယ်ကို မပွါးများသူ၊ သီလကိုမပွါးများသူ၊ စိတ်ကို မပွါးများသူ၊ ပညာကို မပွါးများသူ တို့ ဖြစ်ကြလိမ့်မည်။

ထိုရဟန်းတို့သည် (မိမိတို့က) ကိုယ်ကို မပွါးများ သီလကို မပွါးများ စိတ်ကို မပွါးများ ပညာကို့မပွါးများကြကုန်သည်ဖြစ်ပါလျက် အခြားသူတို့အား နိဿရည်း ပေးကြကုန်လိမ့်ဦးမည်။

(နိဿရည်း ဆရာပြုလုပ်သူ) ထိုဆရာတို့သည်လည်း လွန်မြတ်သောသီလ လွန်မြတ်သောစိတ်လွန်မြတ်သော ပညာ၌ ဆုံးမခြင်းငှါ စွမ်းနိုင်ကြလိမ့်မည် မဟုတ်ကုန်။

(ဤသို့သော ဆရာတို့ထံ နိဿရည်းခံယူကြကုန်သော) ထိုတပည့်တို့သည်လည်း ကိုယ်ကို မပွါးများသူ၊ သီလကို မပွါးများသူ၊ စိတ်ကို မပွါးများသူ၊ ပညာကို မပွါးများသူတို့ ဖြစ်ကြကုန်လိမ့်ဦးမည်။

ထိုရဟန်းတို့သည် (မိမိတို့က) ကိုယ်ကို မပွါးများသူ၊ သီလကို မပွါးများသူ၊ စိတ်ကို မပွါးများသူ၊ ပညာကို မပွါးများကြကုန်သည် ဖြစ်ပါလျက် အခြားသူတို့အား နိဿရည်းကို ပေးကြကုန်လိမ့်ဦးမည်။

ထိုရဟန်းတို့သည်လည်း လွန်မြတ်သောသီလ လွန်မြတ်သောစိတ် လွန်မြတ်သောပညာ၌ ဆုံးမခြင်းငှါစွမ်းနိုင်ကြလိမ့်မည် မဟုတ်ကုန်။

ထိုတပည့်ရဟန်းတို့သည်လည်း ကိုယ်ကို မပွါးများသူ၊ သီလကို မပွါးများသူ၊ စိတ်ကို မပွါးများသူ၊ ပညာကို မပွါးများသူ တို့ ဖြစ်ကြကုန်လိမ့်ဦးမည်။

ရဟန်းတို့ ဤသို့လျှင် တရားပျက်စီးခြင်းကြောင့် ဝိနည်းပျက်စီး၏၊ ဝိနည်းပျက်စီးခြင်းကြောင့်တရားပျက်စီး၏။

ရဟန်းတို့ ဤဒုတိယအနာဂတ်ဘေးသည် ယခုအခါ မဖြစ်ပေါ်သေး၊ နောင်အခါ၌ ဖြစ်ပေါ်လိမ့်ဦး မည်၊ ထိုဘေးကို သင်တို့ သိရမည်၊ သိပြီး၍လည်း ထိုဘေးကို ပယ်ရန် အားထုတ်ရမည်။

ရဟန်းတို့ နောက်တစ်မျိုးကား အနာဂတ်ကာလ၌ ရဟန်းတို့သည် ကိုယ်ကို မပွါးများသူ၊ သီလကိုမပွါးများသူ၊ စိတ်ကို မပွါးများသူ၊ ပညာကို မပွါးများသူ တို့ ဖြစ်ကြကုန်လိမ့်ဦးမည်။

ထိုရဟန်းတို့သည် (မိမိတို့က) ကိုယ်ကို မပွါးများ သီလကို မပွါးများ စိတ်ကို မပွါးများ ပညာကိုမပွါးများကြကုန်သည် ဖြစ်ပါလျက် (မြတ်သောသီလစသော တရားစကား) အဘိဓမ္မကထာနှင့်ဝေဒလ္လကထာကို ပြောဟောကုန်လျက် မည်းညစ်သော အကုသိုလ်တရားသို့ သက်ရောက်ကုန်သည် ဖြစ်၍ သိမြင်နိုင်ကြလိမ့်မည် မဟုတ်ကုန်၊ ရဟန်းတို့ ဤသို့လျှင် တရားပျက်စီးခြင်းကြောင့် ဝိနည်းပျက်စီး၏၊ ဝိနည်းပျက်စီးခြင်းကြောင့် တရားပျက်စီး၏။

ရဟန်းတို့ ဤတတိယအနာဂတ်ဘေးသည် ယခုအခါ မဖြစ်ပေါ်သေး၊ နောင်အခါ၌ ဖြစ်ပေါ်လိမ့်ဦး မည်၊ ထိုဘေးကို သင်တို့ သိရမည်၊ သိပြီး၍လည်း ထိုဘေးကို ပယ်ရန် အားထုတ်ရမည်။

ရဟန်းတို့ နောက်တစ်မျိုးကား အနာဂတ်ကာလ၌ ရဟန်းတို့သည် ကိုယ်ကို မပွါးများသူ၊ သီလကိုမပွါးများသူ၊ စိတ်ကို မပွါးများသူ၊ ပညာကို မပွါးများသူ တို့ ဖြစ်ကြကုန်လိမ့်မည်။

ထိုရဟန်းတို့သည် (မိမိတို့က) ကိုယ်ကို မပွါးများ သီလကို မပွါးများ စိတ်ကို မပွါးများ ပညာကိုမပွါးများကြကုန်သည် ဖြစ်ပါလျက် မြတ်စွာဘုရား ဟောတော်မူအပ်ကုန်သော၊ နက်နဲကုန်သော၊ နက်နဲသော အနက်ရှိကုန်သော၊ လောကမှ ထွက်မြောက်ကြောင်း ဖြစ်ကုန်လျက် (သတ္တမှ) ဆိတ်သုဉ်းခြင်းနှင့်ယှဉ်ကုန်သော သုတ္တန်တရားတို့ကို ဟောအပ်ကုန်သည်ရှိသော် ကောင်းစွာ နာယူကြလိမ့်မည် မဟုတ်ကုန်၊ နားထောင်ကြလိမ့်မည် မဟုတ်ကုန်၊ သိရှိနားလည်လိုသော စိတ်ကို ဖြစ်စေကြလိမ့်မည် မဟုတ်ကုန်၊ ထိုသုတ္တန်တရားတို့ကို သင်ယူအပ် အဖန်တလဲလဲ လေ့လာအပ်၏ဟူ၍ မှတ်ထင်ကြလိမ့်မည် မဟုတ်ကုန်၊ ကဗျာဆရာတို့ ပြုအပ်ကုန်၍ ကဗျာဆရာတို့၏ဥစ္စာဖြစ်ကုန်သော ဆန်းကြယ်သော အက္ခရာ သဒ္ဒါပုဒ်ဗျည်းရှိကုန်လျက် (သာသနာတော်မှ) အပဖြစ်ကုန်၍ (သာသနာပဆရာတို့၏) တပည့်ဟော သုတ္တန်ပါဠိတို့ကို ဟောအပ်ကုန်သည်ရှိသော် ကောင်းစွာ နာယူကြကုန်လိမ့်မည်၊ နားထောင်ကြကုန်လိမ့်မည်၊ သိရှိနားလည်လိုသော စိတ်ကို ဖြစ်စေကြကုန်လိမ့်မည်၊ ထိုသုတ္တန်တရားတို့ကို သင်ယူအပ် အဖန်တလဲလဲလေ့လာအပ်၏ဟူ၍ မှတ်ထင်ကြကုန်လိမ့်မည်။

ရဟန်းတို့ ဤသို့လျှင် တရားပျက်စီးခြင်းကြောင့် ဝိနည်းပျက်စီး၏၊ ဝိနည်းပျက်စီးခြင်းကြောင့် တရား့ပျက်စီး၏။

ရဟန်းတို့ ဤစတုတ္ထအနာဂတ်ဘေးသည် ယခုအခါ မဖြစ်ပေါ်သေး၊ နောင်အခါ၌ ဖြစ်ပေါ်လိမ့်ဦး မည်၊ ထိုဘေးကို သင်တို့ သိရမည်၊ သိပြီး၍လည်း ထိုဘေးကို ပယ်ရန် အားထုတ်ရမည်။

ရဟန်းတို့ နောက်တစ်မျိုးကား အနာဂတ်ကာလ၌ ရဟန်းတို့သည် ကိုယ်ကို မပွါးများသူ၊ သီလကိုမပွါးများသူ၊ စိတ်ကို မပွါးများသူ၊ ပညာကို မပွါးများသူ တို့ ဖြစ်ကြကုန်လိမ့်ဦးမည်။

ထိုရဟန်းတို့သည် (မိမိတို့က) ကိုယ်ကို မပွါးများ သီလကို မပွါးများ စိတ်ကို မပွါးများ ပညာကိုမပွါးများကြကုန်သည် ဖြစ်ပါလျက် မထေရ်ကြီးရဟန်းတို့သည် ပစ္စည်းများရန်သာ ကျင့်ကြကုန်လိမ့်မည်၊ (သိက္ခာကို) လျော့လျော့ ပေါ့ပေါ့သာ ကျင့်ကြကုန်လိမ့်မည်၊ အောက်သို့ သက်စေတတ်သော တရား၌ ရှေ့သွားဖြစ်ကြကုန်လိမ့်မည်၊ ဥပဓိဝိဝေက (နိဗ္ဗာန်)၌ တာဝန်မဲ့ ဖြစ်ကြကုန်လိမ့်မည်။

မရောက်သေးသည့် (ဈာန် မဂ် ဖိုလ်)သို့ ရောက်ရန် မရသေးသည့် (ဈာန် မဂ် ဖိုလ်) ကို ရရန်မျက်မှောက်မပြုရသေးသည့် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန် လုံ့လဝီရိယကို အားထုတ်ကြကုန်လိမ့်မည်မဟုတ်ကုန်၊ နောင်လာ နောက်သား လူအများတို့သည် မြင်ရသော ဆရာ့အပြုအမူသို့ အစဉ်တစိုက်လိုက်ကြကုန်လိမ့်မည်၊ ထိုနောင်လာ နောက်သား လူအများသည်လည်း ပစ္စည်းပေါများရန်သာ ကျင့်ကြကုန်လိမ့်မည်၊ (သိက္ခာကို) လျော့လျော့ပေါ့ပေါ့ ကျင့်ကြကုန်လိမ့်မည်၊ အောက်သို့ သက်စေတတ်သောတရား၌ ရှေ့သွား ဖြစ်ကြကုန်လိမ့်မည်၊ ဥပဓိဝိဝေက (နိဗ္ဗာန်)၌ တာဝန်မဲ့ ဖြစ်ကြကုန်လိမ့်မည်။ မရောက်သေးသည့် (ဈာန် မဂ် ဖိုလ်)သို့ ရောက်ရန် မရသေးသည့် (ဈာန် မဂ် ဖိုလ်) ကို ရရန်မျက်မှောက်မပြုရသေးသည့် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန် လုံ့လဝီရိယကို အားထုတ်ကြကုန်လိမ့်မည်မဟုတ်ကုန်။

ရဟန်းတို့ ဤသို့လျှင် တရားပျက်စီးခြင်းကြောင့် ဝိနည်းပျက်စီး၏၊ ဝိနည်းပျက်စီးခြင်းကြောင့် တရားပျက်စီး၏။

ရဟန်းတို့ ဤပဉ္စမအနာဂတ်ဘေးသည် ယခုအခါ မဖြစ်ပေါ်သေး၊ နောင်အခါ၌ ဖြစ်ပေါ်လိမ့်ဦးမည်၊ ထိုဘေးကို သင်တို့ သိရမည်၊ သိပြီး၍လည်း ထိုဘေးကို ပယ်ရန် အားထုတ်ရမည်။

ရဟန်းတို့ ဤအနာဂတ် ဘေးငါးမျိုးတို့သည် ယခုအခါ မဖြစ်ပေါ်သေးကုန်၊ နောင်အခါ၌ ဖြစ်ပေါ်ကုန်လိမ့်ဦးမည်၊ ထိုဘေးတို့ကို သင်တို့ သိရမည်၊ သိပြီး၍လည်း ထိုဘေးတို့ကို ပယ်ရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။

နဝမသုတ်။