အင်္ဂုတ္တရနိကာယ်
(၁၂) ၂-ပစ္စောရောဟဏိဝဂ်
၂-ဒုတိယ အဓမ္မသုတ်
၁၁၄။ ရဟန်းတို့ တရားမဟုတ်သည်ကိုလည်းကောင်း၊ တရားကိုလည်းကောင်း သိအပ်၏၊ အကျိုး မဲ့ကိုလည်းကောင်း၊ အကျိုးကိုလည်းကောင်း သိအပ်၏။ တရားမဟုတ်သည်ကိုလည်းကောင်း၊ တရားကို လည်းကောင်း သိ၍ အကျိုးမဲ့ကိုလည်းကောင်း၊ အကျိုးကိုလည်းကောင်း သိ၍ တရားအားလျော်စွာ အကျိုးအားလျော်စွာ ကျင့်အပ်၏။ ရဟန်းတို့ တရားမဟုတ်ဟူသည် အဘယ်နည်း၊ တရားဟူသည် အဘယ်နည်း၊ အကျိုးမဲ့ဟူသည် အဘယ်နည်း၊ အကျိုးဟူသည် အဘယ်နည်း။
ရဟန်းတို့ မှားယွင်းသော အမြင်သည် တရားမဟုတ်၊ မှန်ကန်သော အမြင်သည် တရားမည်၏။ မှားယွင်းသော အမြင်ဟူသော အကြောင်းကြောင့်လည်း များစွာကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ဖြစ်ကုန်၏၊ ဤသည်ကား အကျိုးမဲ့တည်း။ မှန်ကန်သော အမြင်ဟူသော အကြောင်းကြောင့် လည်း များစွာကုန်သော ကုသိုလ်တရားတို့သည် ပွါးများပြည့်စုံခြင်းသို့ ရောက်ကုန်၏။ ဤသည်ကား အကျိုးတည်း။
ရဟန်းတို့ မှားယွင်းသော အကြံအစည်သည် တရားမဟုတ်၊ မှန်ကန်သော အကြံအစည်သည် တရား မည်၏။ မှားယွင်းသော အကြံအစည်ဟူသော အကြောင်းကြောင့်လည်း များစွာကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ဖြစ်ကုန်၏၊ ဤသည်ကား အကျိုးမဲ့တည်း။ မှန်ကန်သော အကြံအစည်ဟူသော အကြောင်းကြောင့်လည်း များစွာကုန်သော ကုသိုလ်တရားတို့သည် ပွါးများပြည့်စုံခြင်းသို့ ရောက်ကုန်၏။ ဤသည်ကား အကျိုးတည်း။
ရဟန်းတို့ မှားယွင်းသော စကားသည် တရားမဟုတ်၊ မှန်ကန်သော စကားသည် တရားမည်၏။ မှားယွင်းသော စကားဟူသောအကြောင်းကြောင့်လည်း များစွာကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ဖြစ်ကုန်၏၊ ဤသည်ကား အကျိုးမဲ့တည်း။ မှန်ကန်သော စကားဟူသော အကြောင်းကြောင့် လည်း များစွာကုန်သော ကုသိုလ်တရားတို့သည် ပွါးများပြည့်စုံခြင်းသို့ ရောက်ကုန်၏။ ဤသည်ကား အကျိုးတည်း။
ရဟန်းတို့ မှားယွင်းသော အလုပ်သည် တရားမဟုတ်၊ မှန်ကန်သော အလုပ်သည် တရားမည်၏။ မှားယွင်းသော အလုပ်ဟူသောအကြောင်းကြောင့်လည်း များစွာကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ဖြစ်ကုန်၏၊ ဤသည်ကား အကျိုးမဲ့တည်း။ မှန်ကန်သော အလုပ်ဟူသော အကြောင်းကြောင့် လည်း များစွာကုန်သော ကုသိုလ်တရားတို့သည် ပွါးများပြည့်စုံခြင်းသို့ ရောက်ကုန်၏။ ဤသည်ကား အကျိုးတည်း။
ရဟန်းတို့ မှားယွင်းသော အသက်မွေးမှုသည် တရားမဟုတ်၊ မှန်ကန်သော အသက်မွေးမှုသည် တရားမည်၏။ မှားယွင်းသော အသက်မွေးမှုဟူသော အကြောင်းကြောင့်လည်း များစွာကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ဖြစ်ကုန်၏၊ ဤသည်ကား အကျိုးမဲ့တည်း။ မှန်ကန်သော အသက်မွေးမှုဟူသော အကြောင်းကြောင့်လည်း များစွာကုန်သော ကုသိုလ်တရားတို့သည် ပွါးများ ပြည့်စုံခြင်းသို့ ရောက်ကုန်၏။ ဤသည်ကား အကျိုးတည်း။
ရဟန်းတို့ မှားယွင်းသော လုံ့လသည် တရားမဟုတ်၊ မှန်ကန်သော လုံ့လသည် တရားမည်၏။ မှားယွင်းသော လုံ့လဟူသော အကြောင်းကြောင့်လည်း များစွာကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ဖြစ်ကုန်၏၊ ဤသည်ကား အကျိုးမဲ့တည်း။ မှန်ကန်သော လုံ့လဟူသော အကြောင်းကြောင့် လည်း များစွာကုန်သော ကုသိုလ်တရားတို့သည် ပွါးများပြည့်စုံခြင်းသို့ ရောက်ကုန်၏။ ဤသည်ကား အကျိုးတည်း။
ရဟန်းတို့ မှားယွင်းသော သတိသည် တရားမဟုတ်၊ မှန်ကန်သော သတိသည် တရားမည်၏။ မှားယွင်းသော သတိဟူသော အကြောင်းကြောင့်လည်း များစွာကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ဖြစ်ကုန်၏၊ ဤသည်ကား အကျိုးမဲ့တည်း။ မှန်ကန်သော သတိဟူသော အကြောင်းကြောင့် လည်း များစွာကုန်သော ကုသိုလ်တရားတို့သည် ပွါးများပြည့်စုံခြင်းသို့ ရောက်ကုန်၏။ ဤသည်ကား အကျိုးတည်း။
ရဟန်းတို့ မှားယွင်းသော သမာဓိသည် တရားမဟုတ်၊ မှန်ကန်သော သမာဓိသည် တရားမည်၏။ မှားယွင်းသော သမာဓိဟူသော အကြောင်းကြောင့်လည်း များစွာကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ဖြစ်ကုန်၏၊ ဤသည်ကား အကျိုးမဲ့တည်း။ မှန်ကန်သော သမာဓိဟူသောအကြောင်းကြောင့် လည်း များစွာကုန်သော ကုသိုလ်တရားတို့သည် ပွါးများပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ ဤသည်ကား အကျိုးတည်း။
ရဟန်းတို့ မှားယွင်းသော ဉာဏ်သည် တရားမဟုတ်၊ မှန်ကန်သော ဉာဏ်သည် တရားမည်၏။ မှားယွင်းသော ဉာဏ်ဟူသော အကြောင်းကြောင့်လည်း များစွာကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ဖြစ်ကုန်၏၊ ဤသည်ကား အကျိုးမဲ့တည်း။ မှန်ကန်သော ဉာဏ်ဟူသော အကြောင်းကြောင့် လည်း များစွာကုန်သော ကုသိုလ်တရားတို့သည် ပွါးများပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ ဤသည်ကား အကျိုးတည်း။
ရဟန်းတို့ မှားယွင်းသော လွတ်မြောက်မှုသည် တရားမဟုတ်၊ မှန်ကန်သော လွတ်မြောက်မှုသည် တရားမည်၏။ မှားယွင်းသော လွတ်မြောက်မှုဟူသော အကြောင်းကြောင့်လည်း များစွာကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ဖြစ်ကုန်၏၊ ဤသည်ကား အကျိုးမဲ့တည်း။ မှန်ကန်သော လွတ်မြောက် မှုဟူသော အကြောင်းကြောင့်လည်း များစွာကုန်သော ကုသိုလ်တရားတို့သည် ပွါးများ ပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ ဤသည်ကား အကျိုးတည်း။
“ရဟန်းတို့ တရားမဟုတ်သည်ကိုလည်းကောင်း၊ တရားကိုလည်းကောင်း သိအပ်၏၊ အကျိုးမဲ့ကို လည်းကောင်း၊ အကျိုးကိုလည်းကောင်း သိအပ်၏၊ တရားမဟုတ်သည်ကိုလည်းကောင်း၊ တရားကိုလည်းကောင်း သိ၍ အကျိုးမဲ့ကိုလည်းကောင်း၊ အကျိုးကိုလည်းကောင်း သိ၍ တရားအားလျော်စွာ အကျိုးအား လျော်စွာ ကျင့်အပ်၏”ဟု ဆိုခဲ့သော စကားကို ဤသည်ကို စွဲ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။