အင်္ဂုတ္တရနိကာယ်

၂-နာထဝဂ်

၄-စေတောခီလသုတ်

၁၄။ ရဟန်းတို့ မည်သည့် ရဟန်း ရဟန်းမိန်းမအားမဆို စိတ်၏ ငြောင့်တံသင်းငါးမျိုးတို့ကို မပယ်ရသေးကုန်၊ စိတ်၏ အနှောင်အဖွဲ့ငါးမျိုးတို့ကို မဖြတ်ရသေးကုန်၊ ထိုရဟန်း ရဟန်းမိန်းမအား ရောက်လာတိုင်းသော ညဉ့်နေ့ရှိသမျှ ကုသိုလ်တရားတို့၌ ဆုတ်ယုတ်မှုသာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်နိုင်၏၊ တိုးပွားမှု (ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။

ထိုပုဂ္ဂိုလ်အား အဘယ်စိတ်၏ ငြောင့်တံသင်း ငါးမျိုးတို့ကို မပယ်ရသေးသနည်း၊ ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းသည် ဘုရား၌ ယုံမှား၏၊ တွေးတော၏၊ မဆုံးဖြတ်နိုင်၊ မကြည်လင်၊ ရဟန်းတို့ ဘုရား၌ ယုံမှား တွေးတော မဆုံးဖြတ်နိုင် မကြည်လင်နိုင်သော ရဟန်း၏ စိတ်သည် အားထုတ်ရန် အကြိမ်ကြိမ်အားထုတ်ရန် မပြတ်အားထုတ်ရန် လွန်စွာအားထုတ်ရန် မညွတ်။ ဤသို့ အားထုတ်ရန် အကြိမ်ကြိမ်အားထုတ်ရန် မပြတ်အားထုတ်ရန် လွန်စွာအားထုတ်ရန် စိတ်မညွတ်သော ရဟန်းအား ပဌမ ဤစိတ်၏ ငြောင့်တံသင်းကို မပယ်ရသေးသည် ဖြစ်၏။ ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် တရား၌ ယုံမှား၏။ပ။ သံဃာတော်၌ ယုံမှား၏။ပ။ အကျင့် ‘သိက္ခာ’၌ ယုံမှား၏။ သီတင်းသုံးဖော်တို့၌ အမျက်ထွက်၏၊ မနှစ်သက်သော စိတ်ရှိ၏၊ ထိပါးပုတ်ခတ်လိုသော စိတ်ရှိ၏၊ ငြောင့်တံသင်းသဖွယ်ဖြစ်သည့် ဒေါသရှိ၏။ ရဟန်းတို့ သီတင်းသုံးဖော်တို့၌ အမျက်ထွက်သော၊ မနှစ်သက်သော စိတ်ရှိသော၊ ထိပါးပုတ်ခတ်လိုသော စိတ်ရှိသော၊ ငြောင့်တံ သင်းသဖွယ်ဖြစ်သည့် ဒေါသရှိသော ရဟန်း၏ စိတ်သည် အားထုတ်ရန် အကြိမ်ကြိ်မ်အားထုတ်ရန် မပြတ် အားထုတ်ရန် လွန်စွာအားထုတ်ရန် မညွတ်။ ဤသို့ အားထုတ်ရန် အကြိမ်ကြိမ်အားထုတ်ရန် မပြတ် အားထုတ်ရန် လွန်စွာအားထုတ်ရန် စိတ်မညွတ်သော ရဟန်းအား ပဉ္စမ ဤစိတ်၏ ငြောင့်တံသင်းကို မပယ်ရသေးသည် ဖြစ်၏။ ထိုရဟန်းအား ဤစိတ်၏ ငြောင့်တံသင်းငါးမျိုးတို့ကို မပယ်ရသေးသည် ဖြစ်ကုန်၏။ ထိုပုဂ္ဂိုလ်အား အဘယ် စိတ်၏ အနှောင်အဖွဲ့ ငါးမျိုးတို့ကို မဖြတ်ရသေးသနည်း၊ ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းသည် ကာမတို့၌ တပ်စွန်းမှု ‘ရာဂ’ မကင်းသေး၊ အလိုဆန္ဒ မကင်းသေး၊ ချစ်ခင်မှု မကင်းသေး၊ မွတ်သိပ်မှု မကင်းသေး၊ ပူလောင်မှု မကင်းသေး၊ တပ်မက်မှု ‘တဏှာ’ မကင်းသေး။ ရဟန်းတို့ ကာမတို့၌ တပ်စွန်းမှု ‘ရာဂ’ မကင်းသေးသော၊ အလိုဆန္ဒ မကင်းသေးသော၊ ချစ်ခင်မှု မကင်းသေးသော၊ မွတ်သိပ်မှု မကင်းသေးသော၊ ပူလောင်မှု မကင်းသေးသော၊ တပ်မက်မှု ‘တဏှာ’ မကင်းသေးသော ရဟန်း၏ စိတ်သည် အားထုတ်ရန် အကြိမ်ကြိမ်အားထုတ်ရန် မပြတ်အားထုတ်ရန် လွန်စွာအားထုတ်ရန် မညွတ်။ ဤသို့ အားထုတ်ရန် အကြိမ်ကြိမ်အားထုတ်ရန် မပြတ်အားထုတ်ရန် လွန်စွာအားထုတ်ရန် စိတ်မညွတ်သော ရဟန်းအား ပဌမ ဤစိတ်၏ အနှောင်အဖွဲ့ကို မဖြတ်ရသေးသည် ဖြစ်၏။ ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် (မိမိ) ကိုယ်၌ တပ်စွန်းမှု ‘ရာဂ’ မကင်းသေး။ပ။

ရုပ်၌ တပ်စွန်းမှု မကင်းသေး။ပ။

အလိုရှိတိုင်း ဝမ်းပြည့်အောင်စား၍ အိပ်မှုချမ်းသာ တပြောင်းပြန်ပြန် လူးလဲမှုချမ်းသာ ငိုက်မျဉ်းမှု ချမ်းသာကို အားထုတ်လျက် နေ၏။ “ငါသည် ဤသီလဖြင့်လည်းကောင်း၊ ဤကျင့်ဝတ်ဖြင့်လည်းကောင်း၊ ဤခြိုးခြံမှုဖြင့်လည်းကောင်း၊ ဤမြတ်သောအကျင့်ဖြင့်လည်းကောင်း နတ်မင်းသော်လည်း ဖြစ်ရလို၏၊ နတ်သားသော်လည်း ဖြစ်ရလို၏”ဟု တစ်ပါးပါးသော နတ်အဖြစ်ကို တောင့်တ၍ မြတ်သောအကျင့်ကို ကျင့်၏။ ရဟန်းတို့ “ငါသည် ဤသီလဖြင့်လည်းကောင်း၊ ဤကျင့်ဝတ်ဖြင့်လည်းကောင်း၊ ဤခြိုးခြံမှုဖြင့်လည်းကောင်း၊ ဤမြတ်သော အကျင့်ဖြင့်လည်းကောင်း နတ်မင်းသော်လည်း ဖြစ်ရလို၏၊ နတ်သားသော်လည်း ဖြစ်ရလို၏”ဟု တစ်ပါး ပါးသော နတ်အဖြစ်ကို တောင့်တ၍ မြတ်သောအကျင့်ကို ကျင့်သော ရဟန်း၏ စိတ်သည် အားထုတ်ရန့်အကြိမ်ကြိမ်အားထုတ်ရန် မပြတ်အားထုတ်ရန် လွန်စွာအားထုတ်ရန် မညွတ်။ ဤသို့ အားထုတ်ရန် အကြိမ်ကြိမ်အားထုတ်ရန် မပြတ်အားထုတ်ရန် လွန်စွာအားထုတ်ရန် စိတ်မညွတ်သော ရဟန်းအား ပဉ္စမ ဤစိတ်၏ အနှောင်အဖွဲ့ကို မဖြတ်ရသေးသည် ဖြစ်၏။ ထိုရဟန်းအား ဤစိတ်၏ အနှောင်အဖွဲ့ ငါးမျိုးတို့ကို မဖြတ်ရသေးသည် ဖြစ်ကုန်၏။ ရဟန်းတို့ မည်သည့် ရဟန်း ရဟန်းမိန်းမအား မဆို ဤစိတ်၏ ငြောင့်တံသင်းငါးမျိုးတို့ကို မပယ်ရကုန်သေး၊ ဤစိတ်၏ အနှောင်အဖွဲ့ ငါးမျိုးတို့ကို မဖြတ်ရကုန်သေး။ ထိုရဟန်း ရဟန်းမိန်းမအား ရောက်လာတိုင်းသော ညဉ့်နေ့ရှိသမျှ ကုသိုလ်တရားတို့၌ ဆုတ်ယုတ်မှုသာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်နိုင်၏၊ တိုးပွါးမှု (ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။

ရဟန်းတို့ လဆုတ်ပက္ခ၌ လသည် ရောက်လာတိုင်းသော ညဉ့်နေ့ရှိသမျှ အဆင်းအားဖြင့် ဆုတ်ယုတ်သည်သာ အဝန်း (အဝိုင်း) အားဖြင့် ဆုတ်ယုတ်သည်သာ အရောင်အားဖြင့် ဆုတ်ယုတ်သည်သာ လုံးရပ် (အရှည်အပြန့် ) အားဖြင့် ဆုတ်ယုတ်သည်သာ ဖြစ်သကဲ့သို့၊ ရဟန်းတို့ ဤအတူပင် မည်သည့် ရဟန်း ရဟန်းမိန်းမအား မဆို ဤစိတ်၏ ငြောင့်တံသင်း ငါးမျိုးတို့ကို မပယ်ရသေး၊ ဤစိတ်၏ အနှောင်အဖွဲ့ ငါးမျိုးတို့ကို မဖြတ်ရကုန်သေး။ ထိုရဟန်း ရဟန်းမိန်းမအား ရောက်လာတိုင်းကုန်သော ညဉ့် နေ့ရှိသမျှ ကုသိုလ်တရားတို့၌ ဆုတ်ယုတ်မှုသာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်နိုင်၏၊ တိုးပွားမှု (ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။

ရဟန်းတို့ မည်သည့် ရဟန်း ရဟန်းမိန်းအားမဆို စိတ်၏ ငြောင့်တံသင်း ငါးမျိုးတို့ကို ပယ်ပြီး ဖြစ်ကုန်၏၊ စိတ်၏ အနှောင်အဖွဲ့ ငါးမျိုးတို့ကို ဖြတ်ပြီး ဖြစ်ကုန်၏၊ ထိုရဟန်း ရဟန်းမိန်းမအား ရောက်လာတိုင်းသော ညဉ့်နေ့ရှိသမျှ ကုသိုလ်တရားတို့၌ တိုးပွါးမှုသာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့် နိုင်၏၊ ဆုတ်ယုတ်မှု (ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။

ထိုပုဂ္ဂိုလ်အား အဘယ်စိတ်၏ ငြောင့်တံသင်းငါးမျိုးတို့ကို ပယ်ပြီး ဖြစ်ကုန်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဘုရား၌ မယုံမှား၊ မတွေးတော၊ ဆုံးဖြတ်နိုင်၏၊ ကြည်လင်နိုင်၏။ ရဟန်းတို့ ဘုရား၌ မယုံမှား မတွေးတော ဆုံးဖြတ်နိုင် ကြည်လင်နိုင်သော ရဟန်း၏ စိတ်သည် အားထုတ်ရန် အကြိမ်ကြိမ် အားထုတ်ရန် မပြတ်အားထုတ်ရန် လွန်စွာအားထုတ်ရန် ညွတ်၏။ ဤသို့ အားထုတ်ရန် အကြိမ်ကြိမ်အားထုတ်ရန် မပြတ်အားထုတ်ရန် လွန်စွာ အားထုတ်ရန် စိတ်ညွတ်သော ရဟန်းအား ပဌမ ဤစိတ်၏ ငြောင့်တံသင်းကို ပယ်ထားပြီး ဖြစ်၏။ ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် တရား၌ မယုံမှား။ပ။

သံဃာ၌ မယုံမှား။

အကျင့် ‘သိက္ခာ’၌ မယုံမှား။

သီတင်းသုံးဖော်တို့၌ အမျက်မထွက်၊ နှစ်သက်သော စိတ်ရှိ၏၊ ထိပါးပုတ်ခတ်လိုသော စိတ်မရှိ၊ ငြောင့်တံသင်းသဖွယ်ဖြစ်သည့် ဒေါသမရှိ။ ရဟန်းတို့ သီတင်းသုံးဖော်တို့၌ အမျက်မထွက်သော၊ နှစ်သက်သော စိတ်ရှိသော၊ ထိပါးပုတ်ခတ်လိုသော စိတ်မရှိသော၊ ငြောင့်တံသင်းသဖွယ်ဖြစ်သည့် ဒေါသမရှိသော ရဟန်း၏ စိတ်သည် အားထုတ်ရန် အကြိမ်ကြိမ်အားထုတ်ရန် မပြတ်အားထုတ်ရန် လွန်စွာအားထုတ်ရန် ညွတ်၏။ ဤသို့ အားထုတ်ရန် အကြိမ်ကြိမ်အားထုတ်ရန် မပြတ်အားထုတ်ရန် လွန်စွာအားထုတ်ရန် စိတ်ညွတ်သော ရဟန်းအား ပဉ္စမ ဤစိတ်၏ ငြောင့်(တံသင်း)ကို ပယ်ထားပြီးသည် ဖြစ်၏။ ထိုရဟန်း အား ဤစိတ်၏ ငြောင့်တံသင်းငါးမျိုးတို့ကို ပယ်ထားပြီး ဖြစ်ကုန်၏။ ထိုပုဂ္ဂိုလ်အား အဘယ် စိတ်၏ အနှောင်အဖွဲ့ငါးမျိုးတို့ကို ကောင်းစွာဖြတ်ထားပြီး ဖြစ်ကုန်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့၌ တပ်စွန်းမှု ‘ရာဂ’ ကင်း၏၊ အလိုဆန္ဒ ကင်း၏၊ ချစ်ခင်မှု ကင်း၏၊ မွတ်သိပ်မှု ကင်း၏၊ ပူလောင်မှု ကင်း၏၊ တပ်မက်မှု ‘တဏှာ’ ကင်း၏။ ရဟန်းတို့ကာမတို့၌ တပ်စွန်းမှု ‘ရာဂ’ ကင်းသော၊ အလိုဆန္ဒကင်းသော၊ ချစ်ခင်မှုကင်းသော၊ မွတ်သိပ်မှု ကင်းသော၊ ပူလောင်မှုကင်းသော၊ တပ်မက်မှု ‘တဏှာ’ ကင်းသော ရဟန်း၏ စိတ်သည် အားထုတ်ရန် အကြိမ်ကြိမ်အားထုတ်ရန် မပြတ်အားထုတ်ရန် လွန်စွာအားထုတ်ရန် ညွတ်၏။ ဤသို့ အားထုတ်ရန် အကြိမ်ကြိမ် အားထုတ်ရန် မပြတ်အားထုတ်ရန် လွန်စွာအားထုတ်ရန် စိတ်ညွတ်သော ရဟန်းအား ပဌမ ဤစိတ်၏အနှောင်အဖွဲ့ကို ကောင်းစွာ ဖြတ်ထားပြီး ဖြစ်၏။ ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် (မိမိ) ကိုယ်၌ တပ်စွန်းမှု ‘ရာဂ’ ကင်း၏။ပ။

ရုပ်၌ တပ်စွန်းမှု ‘ရာဂ’ ကင်း၏။ပ။

အလိုရှိတိုင်း ဝမ်းပြည့်အောင်စား၍ အိပ်မှုချမ်းသာ တပြောင်းပြန်ပြန်လူးလဲမှုချမ်းသာ ငိုက်မျဉ်းမှု ချမ်းသာကို အားထုတ်လျက် မနေ။

“ငါသည် ဤသီလဖြင့်လည်းကောင်း၊ ဤကျင့်ဝတ်ဖြင့်လည်းကောင်း၊ ဤခြိုးခြံမှုဖြင့်လည်းကောင်း ဤမြတ်သော အကျင့်ဖြင့်လည်းကောင်း နတ်မင်းသော်လည်း ဖြစ်ရလို၏၊ နတ်သားသော်လည်း ဖြစ်ရ လို၏”ဟု တစ်ပါးပါးသော နတ်အဖြစ်ကို တောင့်တ၍ မြတ်သော အကျင့်ကို မကျင့်။ ရဟန်းတို့ “ငါသည် ဤသီလဖြင့်လည်းကောင်း၊ ဤကျင့်ဝတ်ဖြင့်လည်းကောင်း၊ ဤခြိုးခြံမှုဖြင့်လည်းကောင်း၊ ဤမြတ်သော အကျင့်ဖြင့်လည်းကောင်း နတ်မင်းသော်လည်း ဖြစ်လို၏။ နတ်သားသော်လည်း ဖြစ်ရလို၏”ဟု တစ်ပါး ပါးသော နတ်အဖြစ်ကို တောင့်တ၍ မြတ်သော အကျင့်ကို မကျင့်သော ရဟန်း၏ စိတ်သည် အားထုတ်ရန် အကြိမ်ကြိမ်အားထုတ်ရန် မပြတ်အားထုတ်ရန် လွန်စွာအားထုတ်ရန် ညွတ်၏။ ဤသို့ အားထုတ်ရန် အကြိမ်ကြိမ်အားထုတ်ရန် မပြတ်အားထုတ်ရန် လွန်စွာအားထုတ်ရန် စိတ်ညွတ်သော ရဟန်းအား ပဉ္စမ ဤစိတ်၏ အနှောင်အဖွဲ့ကို ကောင်းစွာ ဖြတ်ထားပြီး ဖြစ်၏။ ထိုရဟန်းအား ဤစိတ်၏ အနှောင်အဖွဲ့ ငါးမျိုးတို့ကို ကောင်းစွာ ဖြတ်ထားပြီး ဖြစ်ကုန်၏။ ရဟန်းတို့ မည်သည့် ရဟန်း ရဟန်းမိန်းမအားမဆို ဤစိတ်၏ ငြောင့်တံသင်းငါးမျိုးတို့ကို ပယ်ပြီး ဖြစ်ကုန်၏၊ ဤစိတ်၏ အနှောင်အဖွဲ့ ငါးမျိုးတို့ကို ကောင်းစွာဖြတ်ပြီး ဖြစ်ကုန်၏။ ထိုရဟန်း ရဟန်းမိန်းမအား ရောက်လာသော ညဉ့်နေ့ရှိသမျှ ကုသိုလ်တရားတို့၌ တိုးပွားမှုသာ (မချွတ်ဖြစ်လိမ့် ည်ဟု) မျှော်လင့်နိုင်၏၊ ဆုတ်ယုတ်မှု (ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။

ရဟန်းတို့ လဆန်းပက္ခ၌ လသည် ရောက်လာတိုင်းသော ညဉ့်နေ့ရှိသမျှ အဆင်းအားဖြင့် တိုးပွား သည်သာ အဝန်း(အဝိုင်း)အားဖြင့် တိုးပွားသည်သာ အရောင်အားဖြင့် တိုးပွားသည်သာ လုံးရပ် (အရှည် အပြန့်) အားဖြင့် တိုးပွားသည်သာ ဖြစ်သကဲ့သို့၊ ရဟန်းတို့ ဤအတူပင် မည်သည့်ရဟန်း ရဟန်း မိန်းမအား မဆို ဤစိတ်၏ ငြောင့် (တံသင်း) ငါးမျိုးတို့ကို ပယ်ပြီး ဖြစ်ကုန်၏၊ ဤစိတ်၏ အနှောင်အဖွဲ့ ငါးမျိုးတို့ကို ကောင်းစွာ ဖြတ်ပြီးဖြစ်ကုန်၏။ ထိုရဟန်း ရဟန်းမိန်းမအား ရောက်လာတိုင်းသော ညဉ့်နေ့ရှိသမျှ ကုသိုလ်တရားတို့၌ တိုးပွားမှုသာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်နိုင်၏၊ ဆုတ်ယုတ်မှု (ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။