အင်္ဂုတ္တရနိကာယ်

၂-နာထဝဂ်

၇-ပဌမ နာထသုတ်

၁၇။ ရဟန်းတို့ မှီခိုရာရှိသည်ဖြစ်၍ နေကြကုန်လော့၊ မှီခိုရာမရှိမူ၍ မနေကြကုန်လင့်။ ရဟန်းတို့ မှီခိုရာ မရှိသူသည် ဆင်းရဲစွာ နေရ၏။ ရဟန်းတို့ မှီခိုရာကို ပြုတတ်သော တရားတို့သည် ဤဆယ်မျိုးတို့တည်း။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ—ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကိုစောင့်စည်းလျက် နေ၏၊ အကျင့်’အာစာရ’ ကျက်စားရာ’ဂေါစရ’နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟုရှုလေ့ရှိ၏၊ သိက္ခာပုဒ်တို့၌ ကောင်းစွာဆောက်တည်၍ ကျင့်၏။ ရဟန်းတို့ ရဟန်းသည် ယင်းသို့ သီလရှိ၏။ပ။ သိက္ခာပုဒ်တို့၌ ကောင်းစွာဆောက်တည်၍ ကျင့်၏ဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သော တရားတည်း။ (၁)

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အကြားအမြင်များ၏၊ အကြားအမြင်ကို ဆောင်နိုင်၏၊ အကြားအမြင်ကို ဆည်းပူး၏၊ အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိကြ၍ အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သောအကျင့်ကို ပြတတ်သော သဘောရှိသော တရားတို့ကို ထိုရဟန်းသည် များစွာသင်ကြားအပ်ကုန်၏၊ ဆောင်အပ်ကုန်၏၊ နှုတ်ဖြင့် လေ့လာအပ်ကုန်၏၊ စိတ်ဖြင့် ဆင်ခြင် မှတ်သားအပ်ကုန်၏၊ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိအပ်ကုန်၏၊ ရဟန်းတို့ ရဟန်းသည် ယင်းသို့ အကြားအမြင်များ၏။ပ။ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိအပ်ကုန်၏ဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သောတရားတည်း။ (၂)

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အဆွေခင်ပွန်းကောင်းရှိ၏၊ အပေါင်းအဖော်ကောင်း ရှိ၏၊ အဆွေခင်ပွန်းကောင်းတို့၌ ကိုင်းညွတ်၏။ ရဟန်းတို့ ရဟန်းသည် ယင်းသို့ အဆွေခင်ပွန်းကောင်း ရှိ၏၊ အပေါင်းအဖော်ကောင်းရှိ၏၊ အဆွေခင်ပွန်းကောင်းတို့၌ ကိုင်းညွတ်၏ဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သော တရားတည်း။ (၃)

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ဆိုဆုံးမလွယ်၏၊ ဆိုဆုံးမလွယ်ကြောင်း တရားတို့နှင့် ပြည့်စုံ၏၊ သည်းခံနိုင်၏၊ အဆုံးအမကို အရိုအသေခံယူတတ်၏၊ ရဟန်းတို့ ရဟန်းသည် ယင်းသို့ ဆိုဆုံးမလွယ်၏။ပ။ အဆုံးအမကို အရိုအသေခံယူတတ်၏ဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သော တရားတည်း။ (၄)

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် သီတင်းသုံးဖော်တို့၏ အသို့ပြုရမည်နည်းဟုဆို၍ ပြုအပ်သော ကြီးမားကုန်သေးငယ်ကုန်သော အမှုကိစ္စတို့၌ လိမ္မာ၏၊ ပျင်းရိခြင်းမရှိ၊ ထိုထိုအမှုကိစ္စတို့၌ အကြောင်းကို စူးစမ်းသော ပညာနှင့် ပြည့်စုံ၏၊ ပြုလုပ်ရန် စွမ်းနိုင်၏၊ စီရင်ရန် စွမ်းနိုင်၏။ ရဟန်းတို့ ရဟန်းသည် ယင်းသို့ သီတင်းသုံးဖော်တို့၏။ပ။ ပြုလုပ်ရန် စွမ်းနိုင်၏၊ စီရင်ရန် စွမ်းနိုင်၏ဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သော တရားတည်း။ (၅)

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် တရားတော်ကို အလိုရှိ၏၊ ချစ်ဖွယ်ကို ပြောဆိုတတ်၏၊ လွန်မြတ်သော သုတ် အဘိဓမ္မာ ဝိနည်း၌ များစွာ မြတ်နိုးခြင်းရှိ၏။ ရဟန်းတို့ ရဟန်းသည် ယင်းသို့တရားတော်ကို အလိုရှိ၏၊ ချစ်ဖွယ်ကို ပြောဆိုတတ်၏၊ လွန်မြတ်သော သုတ် အဘိဓမ္မာ ဝိနည်းတရား၌ များစွာ မြတ်နိုးခြင်းရှိ၏ဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သော တရားတည်း။ (၆)

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့နှင့် ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိသည်ဖြစ်၍ နေ၏၊ အားအစွမ်း ရှိ၏၊ မြဲမြံသော ဝီရိယရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်း မရှိ။ ရဟန်းတို့ ရဟန်းသည် ယင်းသို့ အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့နှင့် ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိသည်ဖြစ်၍နေ၏၊ အား အစွမ်း ရှိ၏၊ မြဲမြံသော ဝီရိယရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်းမရှိဟူသော ဤတရား သည်လည်း မှီခိုရာကို ပြုတတ်သော တရားတည်း။ (၇)

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ရတတ်သမျှသော သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးဟူသော အဆောက်အဦဖြင့် ရောင့်ရဲ၏။ ရဟန်းတို့ ရဟန်းသည် ယင်းသို့ ရတတ် သမျှသော သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးဟူသော အဆောက်အဦဖြင့် ရောင့်ရဲ၏ဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သော တရားတည်း။ (၈)

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် သတိနှင့်ပြည့်စုံ၏။ လွန်ကဲရင့်ကျက်သော သတိနှင့် ပြည့်စုံ၏၊ ကြာမြင့်စွာက ပြုပြီးသော အလုပ်ကိုလည်းကောင်း၊ ကြာမြင့်စွာက ပြောပြီးသော စကားကို လည်းကောင်း အောက်မေ့နိုင်၏၊ အဖန်တလဲလဲ အောက်မေ့နိုင်၏။ ရဟန်းတို့ ရဟန်းသည် ယင်းသို့ သတိနှင့် ပြည့်စုံ၏၊ လွန်ကဲ ရင့်ကျက်သော သတိနှင့် ပြည့်စုံ၏၊ ကြာမြင့်စွာက ပြုပြီးသော အလုပ်ကို လည်းကောင်း၊ ကြာမြင့်စွာက ပြောပြီးသော စကားကိုလည်းကောင်း အောက်မေ့နိုင်၏၊ အဖန်တလဲလဲ အောက်မေ့နိုင်၏ဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သော တရားတည်း။ (၉)

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ပညာရှိ၏၊ အဖြစ်အပျက်ကို သိသော၊ ကိလေသာကို ဖောက်ခွဲနိုင်သော၊ ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေတတ်သော၊ မြတ်သော ပညာနှင့် ပြည့်စုံ၏။ ရဟန်းတို့ ရဟန်းသည် ယင်းသို့ ပညာရှိ၏၊ အဖြစ်အပျက်ကို သိသော၊ ကိလေသာကို ဖောက်ခွဲနိုင်သော၊ ဆင်းရဲကုန်ရာနိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေတတ်သော၊ မြတ်သော ပညာနှင့် ပြည့်စုံ၏ဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သော တရားတည်း။ (၁ဝ)

ရဟန်းတို့ မှီခိုရာ ရှိသည်ဖြစ်၍ နေကြကုန်လော့၊ မှီခိုရာ မရှိဘဲ မနေကြကုန်လင့်။ ရဟန်းတို့ မှီခိုရာ မရှိသူသည် ဆင်းရဲစွာ နေရ၏။ ရဟန်းတို့ ဤသည်တို့ကား မှီခိုရာကို ပြုတတ်သောတရား ဆယ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။