အင်္ဂုတ္တရနိကာယ်
(၂၁) ၁-ကရဇကာယဝဂ်
၉-ကရဇကာယသုတ်
၂၁၉။ ရဟန်းတို့စေ့ဆော်အပ် အားထုတ်အပ် ပြုလုပ်အပ် ဆည်းပူးအပ်ကုန်သော ကံတို့၏ (အကျိုးကို) မခံစားရပဲ ကင်းပျောက်မှုကို ငါမဆို၊ ထိုအကျိုးကိုလည်း မျက်မှောက်ဘဝ၌သော်လည်းကောင်း၊ အခြားမဲ့ (ဒုတိယ) ဘဝ၌သော်လည်းကောင်း၊ နောက်ဘဝအဆက်ဆက်၌သော်လည်းကောင်း ခံစားရ၏။ ရဟန်းတို့စေ့ဆော်အပ် အားထုတ်အပ် ပြုလုပ်အပ် ဆည်းပူးအပ်ကုန်သော ကံတို့၏ (အကျိုးကို) မခံစားရပဲ ဆင်းရဲကုန်ဆုံးရန် ပြုနိုင်မှုကို ငါမဆိုသည်သာတည်း။
ရဟန်းတို့ အရိယာတပည့်သည် အဘိဇ္ဈာနှင့်ဗျာပါဒကင်း၍ မတွေဝေပဲ ဆင်ခြင်ဉာဏ်ရှိသည် ထင်သော သတိရှိသည် ဖြစ်၍ မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက် အောက် ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ရှိသော သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍နေ၏။ ထိုသူသည် “ငါ၏ ဤစိတ်သည် ရှေးက သေးငယ်၏၊ မပွါးရသေး၊ ယခုမူကား ငါ၏ ဤစိတ်သည် အတိုင်းအရှည်မရှိ ကောင်းစွာ ပွါးပြီးဖြစ်၏၊ တစ်စုံတစ်ရာ ပမာဏပြုအပ်သော (ကာမာဝစရ) ကံသည် ထို(မဟဂ္ဂုတ်ကံ)၌ မကြွင်းကျန်၊ ထို(မဟဂ္ဂုတ်ကံ)၌ မတည်”ဟု ဤသို့ သိ၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ဤသူငယ်သည် ကလေးအရွယ်မှစ၍ မေတ္တာဟူသော စိတ်၏ လွတ်မြောက်မှုကို ပွါးများခဲ့လျှင် မကောင်းမှုကို ပြုလုပ်ရာသလောဟု (မေးတော်မူ၏)။ “အသျှင်ဘုရား ဤပြုလုပ်ခြင်းသည် မဖြစ်နိုင်ပါ”။
မကောင်းမှုမပြုလုပ်သူသို့ ဆင်းရဲခြင်းသည် ထိရောက်ရာသလောဟု (မေးတော်မူ၏)။ “အသျှင်ဘုရား ဤထိရောက်ခြင်းသည် မဖြစ်နိုင်ပါ၊ အသျှင်ဘုရား အမှန်အားဖြင့် မကောင်းမှုမပြုသူသို့ ဆင်းရဲ သည် အဘယ်မှာ ထိရောက်ပါအံ့နည်း”ဟု (လျှောက်၏)။
ရဟန်းတို့ ဤမေတ္တာဟူသော စိတ်၏လွတ်မြောက်မှုကို မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ ပွါးများ အပ်သည်သာတည်း၊ ရဟန်းတို့ မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ ဤခန္ဓာကိုယ်ကို ယူဆောင်၍ မသွားနိုင်၊ ရဟန်းတို့ ဤသတ္တဝါအပေါင်းသည် စုတိစိတ်ဟူသော အကြောင်းရှိ၏၁။ ထိုသူသည် “ရှေးက ငါ၏့ဤကရဇကာယကြောင့် ဖြစ်သော ကိုယ်ဖြင့် ငါသည် မကောင်းမှု တစ်စုံတစ်ခုကို ပြုခဲ့၏၊ ထိုမကောင်းမှုကံ အားလုံးကို ဤဘဝ၌ ခံစားအပ်၏၊ ထိုကံသည် ဘဝတစ်ပါးသို့ အစဉ်လိုက်တော့မည် မဟုတ်”ဟု ဤသို့ သိ၏။ ရဟန်းတို့ ဤသို့ပွါးများအပ်သော မေတ္တာဟူသော စိတ်၏လွတ်မြောက်မှုသည် ဤသာသနာတော်၌ ပညာရှိသော ရဟန်းအား လွတ်မြောက်မှု ‘အရဟတ္တဖိုလ်’ကို ထိုးထွင်း၍ မသိသေးလျှင် အနာဂါမ်ဖြစ်ရန် အလို့ငှါ ဖြစ်၏။ ကရုဏာနှင့်ယှဉ်သော စိတ်ဖြင့်။ မုဒိတာနှင့်ယှဉ်သော စိတ်ဖြင့်။ ဥပေက္ခာနှင့်ယှဉ်ဖြစ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍နေ၏၊ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍နေ၏။ ဤနည်းအားဖြင့် အထက် အောက် ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ရှိသော သတ္တဝါအားလုံးကို မိမိနှင့်အတူပြု၍ သတ္တဝါအားလုံး ပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်ခြင်း မရှိသော ဥပေက္ခာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ ထိုသူသည် “ငါ၏ ဤစိတ်သည် ရှေးက သေးငယ်၏၊ မပွါးများရသေး၊ ယခုမူကား ငါ၏ ဤ စိတ်သည် အတိုင်းအရှည်မရှိ ကောင်းစွာ ပွါးပြီးဖြစ်၏၊ တစ်စုံတစ်ရာ ပမာဏပြုအပ်သော (ကာမာဝစရ) ကံသည် ထို(မဟဂ္ဂုတ်ကံ)၌ မကြွင်းကျန်၊ ထို(မဟဂ္ဂုတ်ကံ)၌ မတည်”ဟု ဤသို့ သိ၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ဤသူငယ်သည် ကလေးအရွယ်မှစ၍ ဥပေက္ခာဟူသော စိတ်၏ လွတ်မြောက်မှုကို ပွါးခဲ့လျှင် မကောင်းမှုကို ပြုလုပ်ရာသလောဟု (မေးတော်မူ၏)။ “အသျှင်ဘုရား ဤပြုလုပ်ခြင်းသည် မဖြစ်နိုင်ပါ”။
မကောင်းမှုမပြုလုပ်သူသို့ ဆင်းရဲခြင်းသည် ထိရောက်ရာသလောဟု (မေးတော်မူ၏)။ “အသျှင်ဘုရား ဤထိရောက်ခြင်းသည် မဖြစ်နိုင်ပါ၊ အသျှင်ဘုရား အမှန်အားဖြင့် မကောင်းမှုမပြုသူသို့ ဆင်းရဲ သည် အဘယ်မှာ ထိရောက်ပါအံ့နည်း”ဟု (လျှောက်၏)။
ရဟန်းတို့ ဤဥပေက္ခာဟူသော စိတ်၏လွတ်မြောက်မှုကို မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ ပွါးများ အပ်သည်သာတည်း။ ရဟန်းတို့ မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ ဤခန္ဓာကိုယ်ကို ယူဆောင်၍ မသွားနိုင်၊ ရဟန်းတို့ ဤသတ္တဝါသည် စုတိစိတ်ဟူသော အကြောင်းရှိ၏။ ထိုသူသည် “ရှေးက ငါ၏ ဤကရဇ ကာယကြောင့်ဖြစ်သော ကိုယ်ဖြင့် ငါသည် မကောင်းမှု တစ်စုံတစ်ခုကို ပြုခဲ့၏၊ ထိုမကောင်းမှုကံ အားလုံး ကို ဤဘဝ၌ ခံစားအပ်၏၊ ထိုကံသည် ဘဝတစ်ပါးသို့ အစဉ်လိုက်တော့မည် မဟုတ်”ဟု ဤသို့ သိ၏။ ရဟန်းတို့ ဤသို့ပွါးများအပ်သော ဥပေက္ခာဟူသော စိတ်၏လွတ်မြောက်မှုသည် ဤသာသနာတော်၌ ပညာရှိသော ရဟန်းအား လွတ်မြောက်မှု ‘အရဟတ္တဖိုလ်’ကို ထိုးထွင်း၍ မသိသေးလျှင် အနာဂါမ်ဖြစ်ရန် အလို့ငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
နဝမသုတ်။
၁။ စုတိစိတ်ကျပြီးမှသာ ဘဝတစ်ခုခု၌ ပဋိသန္ဓေစိတ်ဖြစ်နိုင်ခွင့်ရ၍ လူ နတ် စသော သတ္တဝါ ဖြစ်လာရသည်ကို ရန်ညွှန်း သည်။