အင်္ဂုတ္တရနိကာယ်
၃-မဟာဝဂ်
၈-ဒုတိယ မဟာပဥှာသုတ်
၂၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကဇင်္ဂလာမြို့ ဝါးတော၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ကဇင်္ဂလာမြို့သား ဥပါသကာများစွာတို့သည် ကဇင်္ဂလာမြို့သူ ရဟန်းမိန်းမအထံသို့ ချဉ်းကပ် ကြ၍့ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေကုန်လျက် ကဇင်္ဂလာမြို့သူ ရဟန်းမိန်းမအား ဤစကား ကို ပြောဆိုကြကုန်၏ — အရှင်မ မြတ်စွာဘုရားသည် ပြဿနာကြီးတို့၌ “ပြဿနာတစ်ခု ရည်ညွှန်းချက် တစ်ခု ဖြေဆိုချက်တစ်ခု၊ ပြဿနာနှစ်ခု ရည်ညွှန်းချက်နှစ်ခု ဖြေဆိုချက်နှစ်ခု၊ ပြဿနာသုံးခု ရည်ညွှန်းချက်သုံးခု ဖြေဆိုချက်သုံးခု၊ ပြဿနာလေးခု ရည်ညွှန်းချက်လေးခု ဖြေဆိုချက်လေးခု၊ ပြဿနာ ငါးခု ရည်ညွှန်းချက်ငါးခု ဖြေဆိုချက်ငါးခု၊ ပြဿနာခြောက်ခု ရည်ညွှန်းချက်ခြောက်ခု ဖြေဆိုချက်ခြောက်ခု၊ ပြဿနာခုနစ်ခု ရည်ညွှန်းချက်ခုနစ်ခု ဖြေဆိုချက်ခုနစ်ခု၊ ပြဿနာရှစ်ခု ရည်ညွှန်းချက်ရှစ်ခု ဖြေဆိုချက် ရှစ်ခု၊ ပြဿနာကိုးခု ရည်ညွှန်းချက်ကိုးခု ဖြေဆိုချက်ကိုးခု၊ ပြဿနာဆယ်ခု ရည်ညွှန်းချက်ဆယ်ခု ဖြေဆိုချက်ဆယ်ခု”ဟု ဤစကားကို ဟောတော်မူထားပါ၏၊ အရှင်မ မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောထားတော်မူသော ဤစကား၏ အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် အဘယ်သို့ သိမှတ်ရပါမည်နည်းဟု (ပြောဆိုကြကုန်၏)။
ဒါယကာတို့ ထိုစကားကို မြတ်စွာဘုရား၏ မျက်မှောက်တော်မှ မကြားရဖူးပါ၊ မျက်မှောက်တော်မှ မခံယူရဖူးပါ၊ စိတ်ကို ပွါးစေကြသော ရဟန်းတို့၏ မျက်မှောက်မှလည်း မကြားရဖူးပါ။ မျက်မှောက်မှ လည်း မခံယူရဖူးပါ။ သို့ပင်ဖြစ်သော်လည်း ဤစကားအရာ၌ အကျွန်ုပ်၏ ထင်မြင်ချက်ကို ဆိုပါအံ့၊ ထိုစကားကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့ ဟောပြပါအံ့ဟု (ဆို၏)။ “ကောင်းပါပြီ အရှင်မ”ဟု ကဇင်္ဂလာမြို့သား ဥပါသကာတို့သည် ကဇင်္ဂလာမြို့သူ ရဟန်းမိန်းမအား ပြန်ကြားကုန်၏။ ကဇင်္ဂလာမြို့သူ ရဟန်းမိန်းမသည် ဤစကားကို မိန့်ဆို၏ —
“ပြဿနာတစ်ခု ရည်ညွှန်းချက်တစ်ခု ဖြေဆိုချက်တစ်ခု”ဟု မြတ်စွာဘုရား ဟောတော်မူသော ထိုစကားကို အဘယ်ကို စွဲ၍ ဟောတော်မူအပ်သနည်း။ ဒါယကာတို့ တရားတစ်ခု၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံး အပိုင်းအခြားကို ရှုလေ့ရှိသည် ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခ အဆုံးကို ပြု၏။ အဘယ်တရား တစ်ခုနည်း၊ သတ္တဝါအားလုံးတို့သည် အာဟာရလျှင် တည်ရာရှိကုန်၏။ ဒါယကာတို့ ဤ (အာဟာရ) တရားတစ်ခု၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်း ကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက် သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ “ပြဿနာတစ်ခု ရည်ညွှန်းချက်တစ်ခု ဖြေဆိုချက်တစ်ခု”ဟု မြတ်စွာဘုရားဟောတော်မူသော ထိုစကားကို ဤသည်ကို စွဲ၍ ဟောတော်မူအပ်၏။ “ပြဿနာနှစ်ခု ရည်ညွှန်းချက်နှစ်ခု ဖြေဆိုချက်နှစ်ခု”ဟု မြတ်စွာဘုရား ဟောတော်မူသော ထိုစကားကို အဘယ်ကို စွဲ၍ ဟောတော်မူအပ်သနည်း။ ဒါယကာတို့ တရားနှစ်မျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံး အပိုင်းအခြားကို ရှုလေ့ရှိသည် ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခ အဆုံးကို ပြု၏။ အဘယ်နှစ်မျိုးတို့နည်း၊ နာမ်၊ ရုပ်တို့တည်း။ပ။ အဘယ်သုံးမျိုးတို့နည်း၊ ဝေဒနာ သုံးမျိုးတို့တည်း။ ဒါယကာတို့ ဤ (ဝေဒနာ) တရားသုံးမျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိ သည်ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ “ပြဿနာသုံးခု ရည်ညွှန်းချက်သုံးခု ဖြေဆိုချက်သုံးခု”ဟု မြတ်စွာဘုရားဟောတော်မူသော ထိုစကားကို ဤသည်ကို စွဲ၍ ဟောတော်မူအပ်၏။ “ပြဿနာလေးခု ရည်ညွှန်းချက်လေးခု ဖြေဆိုချက်လေးခု”ဟု မြတ်စွာဘုရား ဟောတော်မူသော ထိုစကားကို အဘယ်ကို စွဲ၍ ဟောတော်မူအပ်သနည်း။ ဒါယကာတို့ တရားလေးမျိုးတို့၌ ရဟန်းသည့်ကောင်းစွာ စိတ်ကို ပွါးစေပြီးသည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက် သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ အဘယ်လေးမျိုးတို့နည်း၊ သတိပဋ္ဌာန်လေးပါးတို့တည်း။ ဒါယကာတို့ ဤ (သတိပဋ္ဌာန်)တရား လေးပါးတို့၌ ရဟန်းသည် ကောင်းစွာ စိတ်ကို ပွါးစေပြီးသည် ကောင်းစွာ အဆုံး အပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက် သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ “ပြဿနာလေးခု ရည်ညွှန်းချက်လေးခု ဖြေဆိုချက်လေးခု”ဟု မြတ်စွာဘုရား ဟောတော်မူသော ထိုစကားကို ဤသည်ကို စွဲ၍ ဟောတော်မူအပ်၏။ “ပြဿနာငါးခု ရည်ညွှန်းချက်ငါးခု ဖြေဆိုချက်ငါးခု”ဟု မြတ်စွာဘုရား ဟောတော်မူသော ထိုစကား ကို အဘယ်ကို စွဲ၍ ဟောတော်မူအပ်သနည်း။ ဒါယကာတို့ တရားငါးမျိုးတို့၌ ရဟန်းသည် ကောင်းစွာ စိတ်ကို ပွါးစေပြီးသည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ အဘယ်ငါးမျိုးတို့နည်း — ဣန္ဒြေ ငါးပါးတို့တည်း။ပ။ အဘယ်ခြောက်မျိုးတို့နည်း၊ ကိလေသာတို့မှ ထွက်မြောက်ရာ ‘နိဿရဏီယ’ ဓာတ် ခြောက်မျိုးတို့တည်း။ပ။ အဘယ်ခုနစ်မျိုးတို့နည်း၊ ဗောဇ္ဈင်ခုနစ်ပါးတို့တည်း။ပ။ အဘယ်ရှစ်မျိုးတို့နည်း၊ အင်္ဂါရှစ်ပါးရှိသော အရိယာမဂ်တို့တည်း။ ဒါယကာတို့ ဤ(အရိယာမဂ်)တရား ရှစ်ပါးတို့၌ ရဟန်းသည် ကောင်းစွာ စိတ်ကို ပွါးစေပြီးသည် ကောင်းစွာ အဆုံးအပိုင်း အခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက် သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ “ပြဿနာရှစ်ခု ရည်ညွှန်းချက်ရှစ်ခု ဖြေဆိုချက်ရှစ်ခု”ဟု မြတ်စွာဘုရား ဟောတော်မူသော ထိုစကားကို ဤသည်ကို စွဲ၍ ဟောတော်မူအပ်၏။ “ပြဿနာကိုးခု ရည်ညွှန်းချက်ကိုးခု ဖြေဆိုချက်ကိုးခု”ဟု မြတ်စွာဘုရား ဟောတော်မူသော ထိုစကားကို အဘယ်ကို စွဲ၍ ဟောတော်မူအပ်သနည်း။ ဒါယကာတို့ တရားကိုးမျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံး အပိုင်းအခြားကို ရှုလေ့ရှိသည် ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခ အဆုံးကို ပြု၏။ အဘယ်ကိုးမျိုးတို့နည်း၊ သတ္တာဝါသကိုးမျိုးတို့တည်း။ ဒါယကာတို့ ဤ (သတ္တာဝါသ) တရားကိုးမျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ “ပြဿနာကိုးခု ရည်ညွှန်းချက်ကိုးခု ဖြေဆိုချက် ကိုးခု”ဟု မြတ်စွာဘုရား ဟောတော်မူသော ထိုစကားကို ဤသည်ကို စွဲ၍ ဟောတော်မူအပ်၏။ “ပြဿနာဆယ်ခု ရည်ညွှန်းချက်ဆယ်ခု ဖြေဆိုချက်ဆယ်ခု”ဟု မြတ်စွာဘုရား ဟောတော်မူသော ထိုစကားကို အဘယ်ကို စွဲ၍ ဟောတော်မူအပ်သနည်း။ ဒါယကာတို့ တရားဆယ်မျိုးတို့၌ ရဟန်းသည် စိတ်ကို ကောင်းစွာ ပွါးစေပြီးသည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက် သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ အဘယ်ဆယ်မျိုးတို့နည်း၊ ကုသလကမ္မပထတရား ဆယ်ပါးတို့တည်း။ ဒါယကာတို့ ဤ (ကုသလကမ္မပထ) တရား ဆယ်ပါးတို့၌ ရဟန်းသည် စိတ်ကို ကောင်းစွာ ပွါးစေပြီးသည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ “ပြဿနာဆယ်ခု ရည်ညွှန်းချက်ဆယ်ခု ဖြေဆိုချက်ဆယ်ခု”ဟု မြတ်စွာဘုရား ဟောတော်မူသော ထိုစကားကို ဤသည်ကို စွဲ၍ ဟောတော်မူအပ်၏။ ဒါယကာတို့ မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောတော်မူအပ်သော ပြဿနာကြီးတို့၌့”ပြဿနာတစ်ခု ရည်ညွှန်းချက်တစ်ခု ဖြေဆိုချက်တစ်ခု။ပ။ ပြဿနာဆယ်ခု ရည်ညွှန်းချက်ဆယ်ခု ဖြေဆိုချက်ဆယ်ခု”ဟူသော ဤစကား၏ အနက် (အဓိပ္ပါယ်) ကို ဤသို့ အကျယ်အားဖြင့် ငါသိ၏။ ဒါယကာတို့ သင်တို့ အလိုရှိကြပါမူကား မြတ်စွာဘုရားသို့သာလျှင် ချဉ်းကပ်၍ ဤအနက်သဘောကို မေး လျှောက်ကုန်လော့။ ထိုအနက်ကို မြတ်စွာဘုရား ဖြေတော်မူတိုင်း ဆောင်မှတ်ကုန်လော့ဟု (မိန့်ဆို၏)။
“ကောင်းပါပြီ အရှင်မ”ဟု ကဇင်္ဂလာမြို့သား ဥပါသကာတို့သည် ကဇင်္ဂလာမြို့သူ ရဟန်းမိန်းမ၏ စကားကို နှစ်သက်ဝမ်းမြောက်ကုန်၍ နေရာမှ ထကာ ကဇင်္ဂလာမြို့သူ ရဟန်းမိန်းမကို ရှိခိုးကြပြီး၍ အရို အသေပြုပြီးလျှင် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးကာ တစ်ခုသောနေရာ၌ ထိုင်နေကုန်လျက် ကဇင်္ဂလာမြို့သူ ရဟန်းမိန်းမနှင့်အတူ ပြောဆိုသမျှ စကားအားလုံးကို မြတ်စွာဘုရားအား လျှောက်ထားကုန်၏။ သူကြွယ်တို့ ကောင်းပေစွ ကောင်းပေစွ၊ သူကြွယ်တို့ ကဇင်္ဂလာမြို့သူ ရဟန်းမိန်းမသည် ပညာရှိ၏၊ သူကြွယ်တို့ ကဇင်္ဂလာမြို့သူ ရဟန်းမိန်းမသည် ပညာကြီး၏၊ သူကြွယ်တို့ ငါ့ကို ချဉ်းကပ်၍ ဤအနက် (သဘော) ကို မေးလျှင်လည်း ဤအနက် (သဘော) ကို ဤသို့ ကဇင်္ဂလာမြို့သူ ရဟန်းမိန်းမ ဖြေသကဲ့ သို့သာ ငါဖြေရာ၏။ ဤသည်သာလျှင်လည်း ထိုစကား၏ အနက် (သဘော) ပေတည်း၊ ဤသို့ သာလျှင် ထိုအနက်သဘောကို မှတ်ကုန်လော့ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။