အင်္ဂုတ္တရနိကာယ်

၃-မဟာဝဂ်

၁ဝ-ဒုတိယ ကောသလသုတ်

၃ဝ။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ပသေနဒိကောသလမင်းသည် စစ်မြေပြင်၌ အောင်မြင်၍ အလိုပြည့်သဖြင့် စစ်တိုက်ရာမှ ပြန်လှည့်ခဲ့၏။ ထိုအခါ ပသေနဒိကောသလမင်းသည် ထိုအရံသို့ သွား၏၊ ယာဉ်ဖြင့် သွားနိုင်သမျှသော အရပ်တိုင်အောင် ယာဉ်ဖြင့် သွား၍ ယာဉ်မှ သက်ပြီးသော် ခြေကျင်သာလျှင် အရံသို့ ဝင်၏။ ထိုအခါ၌ ရဟန်းများစွာတို့သည် လွင်တီးခေါင်၌ စကြံသွားနေကုန်၏။ ထိုအခါ ပသေနဒိကောသလမင်းသည် ထိုရဟန်းတို့ထံသို့ချဉ်းကပ်၍ ထိုရဟန်းတို့အား— “အသျှင်ဘုရားတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ယခု အဘယ်မှာ သီတင်းသုံးနေတော်မူပါသနည်း။ အသျှင်ဘုရားတို့ အကျွန်ုပ်တို့သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြော်လိုပါကုန်၏”ဟု လျှောက်၏။ မင်းမြတ် တံခါးပိတ်ထားသော ဤကျောင်းသို့ တိတ်ဆိတ်စွာ ချဉ်းကပ်ပြီးနောက် မုခ်ဦးသို့ ဖြည်းညင်းစွာ ဝင်၍ ချောင်းဟန့်ပြီးလျှင် တံခါးကို ခေါက်လော့၊ မြတ်စွာဘုရားသည် သင့်အား တံခါးဖွင့်ပေးပါလိမ့်မည်ဟု (ဆိုကုန်၏ )။

ထိုအခါ ပသေနဒိကောသလမင်းသည် တံခါးပိတ်ထားသော ကျောင်းသို့ တိတ်ဆိတ်စွာ ချဉ်းကပ်ပြီး နောက် မုခ်ဦးသို့ ဖြည်းညင်းစွာ ဝင်၍ ချောင်းဟန့်ပြီးလျှင် တံခါးကို ခေါက်၏။ မြတ်စွာဘုရားသည့်တံခါးကို ဖွင့်တော်မူ၏။ ထိုနောက် ပသေနဒိကောသလမင်းသည် ကျောင်းတွင်းသို့ ဝင်ကာ မြတ်စွာဘုရား၏ ခြေတော်တို့၌ ဦးတိုက်၍ မြတ်စွာဘုရား၏ ခြေတော်တို့ကို ခံတွင်းဖြင့် စုပ်၏၊ လက်တို့ဖြင့်လည်း ဆုပ်နယ် (ပွတ်သပ်)၏။ “အသျှင်ဘုရား အကျွန်ုပ်သည် ပသေနဒိကောသလမင်းပါတည်း၊ အသျှင်ဘုရား အကျွန်ုပ်သည် ပသေနဒိကောသလမင်းပါတည်း”ဟု အမည်ကိုလည်း ကြားလျှောက်၏။ မင်းကြီး သင်သည် အဘယ်အကြောင်းထူးကို မြော်မြင်၍ ဤကိုယ် (ခန္ဓာ) ၌ ဤသို့သဘောရှိသော အလွန်ပျပ်ဝပ်နှိမ့်ချမှုကို ပြုဘိသနည်း၊ မေတ္တာဖြင့် ပူဇော်ခြင်းကို ပြဘိသနည်းဟု (မေးတော်မူ၏ )။

အသျှင်ဘုရား အကျွန်ုပ်သည် ပြုဖူးသည့် ကျေးဇူးကို သိမှု ‘ကတညုတ’ နှင့် ပြုရမည်ကို ထင်စွာ သိမှု ‘ကတဝေဒီ’ကို မြော်မြင်၍ မြတ်စွာဘုရား၌ ဤသို့ သဘောရှိသော အလွန်ပျပ်ဝပ်နှိမ့်ချမှုကို ပြုပါ၏၊ မေတ္တာဖြင့် ပူဇော်ခြင်းကို ပြပါ၏။ အသျှင်ဘုရား မြတ်စွာဘုရားသည် လူအများ၏ စီးပွါးအလို့ငှါ လူအများ၏ ချမ်းသာရန်အလို့ငှါ ကျင့်တော်မူပါ၏၊ ကောင်းသောတရားရှိခြင်း အပြစ်ကင်းသောတရားရှိခြင်းဖြင့် လူအများကို မြတ်သော ဉာဏ်၌ တည်စေတော်မူပါ၏။ အသျှင်ဘုရား မြတ်စွာဘုရားသည် လူအများ၏ စီးပွါးအလို့ငှါ လူအများ၏ ချမ်းသာရန်အလို့ငှါ ကျင့်တော်မူခြင်း၊ ကောင်းသောတရားရှိခြင်း၊ အပြစ်ကင်းသော တရားရှိခြင်းဖြင့် လူအများကို မြတ်သော ဉာဏ်၌ တည်စေခြင်းဟူသော ဤအကြောင်းထူးကို မြော်မြင်၍ မြတ်စွာဘုရား၌ ဤသို့ သဘောရှိသော အလွန်ပျပ်ဝပ်နှိမ့်ချခြင်းကို ပြုပါ၏၊ မေတ္တာဖြင့် ပူဇော်ခြင်းကို ပြပါ၏။ (၁)

အသျှင်ဘုရား နောက်တစ်မျိုးကား မြတ်စွာဘုရားသည် သီလရှိတော်မူပါ၏၊ ကြီးပွါးသောသီလ မြတ်သောသီလ အပြစ်ကင်းသောသီလ ရှိတော်မူပါ၏၊ အပြစ်ကင်းသော သီလနှင့် ပြည့်စုံတော်မူပါ၏။ အသျှင်ဘုရား မြတ်စွာဘုရား၏ သီလရှိတော်မူခြင်း၊ ကြီးပွါးသောသီလ မြတ်သောသီလ အပြစ်ကင်းသော သီလရှိတော်မူခြင်း အပြစ်ကင်းသော သီလနှင့် ပြည့်စုံတော်မူခြင်းဟူသော ဤအကြောင်းထူးကိုလည်း မြော်မြင်၍ မြတ်စွာဘုရား၌ ဤသို့ သဘောရှိသော အလွန်ပျပ်ဝပ်နှိမ့်ချခြင်းကို ပြုပါ၏၊ မေတ္တာဖြင့် ပူဇော်ခြင်းကို ပြပါ၏။ (၂)

အသျှင်ဘုရား နောက်တစ်မျိုးကား မြတ်စွာဘုရားသည် ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး တော ကျောင်း နေတော်မူပါ၏၊ အစွန်အဖျားကျသော တောကျောင်းတို့ကို မှီဝဲတော်မူပါ၏။ အသျှင်ဘုရား မြတ်စွာဘုရား၏ ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး တောကျောင်းနေတော်မူခြင်း အစွန်အဖျားကျသော တောကျောင်းတို့ကို မှီဝဲတော်မူခြင်းဟူသော ဤအကြောင်းထူးကိုလည်း မြော်မြင်၍ မြတ်စွာဘုရား၌ ဤသို့ သဘောရှိသော အလွန်ပျပ်ဝပ် နှိမ့်ချခြင်းကို ပြုပါ၏၊ မေတ္တာဖြင့် ပူဇော်ခြင်းကို ပြပါ၏။ (၃)

အသျှင်ဘုရား နောက်တစ်မျိုးကား မြတ်စွာဘုရားသည် ရတတ်သမျှသော သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်ဖြင့် ရောင့်ရဲတော်မူပါ၏။ အသျှင်ဘုရား မြတ်စွာဘုရား၏ ရတတ်သမျှသော သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်ဖြင့် ရောင့်ရဲခြင်းဟူသော ဤအကြောင်းထူးကိုလည်း မြော်မြင်၍ မြတ်စွာဘုရား၌ ဤသို့သဘောရှိသော အလွန်ပျပ်ဝပ် နှိမ့်ချခြင်းကို ပြုပါ၏၊ မေတ္တာဖြင့် ပူဇော်ခြင်းကို ပြပါ၏။ (၄)

အသျှင်ဘုရား နောက်တစ်မျိုးကား မြတ်စွာဘုရားသည် (အရပ်ဝေးမှ) ဆောင်ယူလာ၍ ပေးလှူသော အလှူကိုလည်း ခံတော်မူထိုက်ပါပေ၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော အလှူကိုလည်း ခံတော်မူထိုက် ပါပေ၏၊ တမလွန်အတွက် ရည်မျှော်သောအလှူကိုလည်း ခံတော်မူထိုက်ပါပေ၏၊ လက်အုပ်ချီခြင်းငှါ ထိုက်တော်မူပါပေ၏။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်တော်မူပါပေ၏။ အသျှင်ဘုရား မြတ်စွာဘုရား၏ (အရပ်ဝေးမှ) ဆောင်ယူလာ၍ ပေးလှူအပ်သော အလှူကိုလည်း ခံတော်မူထိုက်ခြင်း၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော အလှူကိုလည်း ခံတော်မူထိုက်ခြင်း၊ တမလွန်အတွက် ရည်မျှော်သော အလှူကိုလည်း ခံတော်မူထိုက်ခြင်း၊ လက်အုပ်ချီခြင်းငှါ ထိုက်တော်မူခြင်း၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်တော်မူခြင်းဟူသော ဤအကြောင်းထူးကိုလည်း မြော်မြင်၍ မြတ်စွာဘုရား၌ ဤသို့သဘောရှိသော အလွန်ပျပ်ဝပ်နှိမ့်ချခြင်းကို ပြုပါ၏၊ မေတ္တာဖြင့် ပူဇော်ခြင်းကို ပြပါ၏။ (၅)

အသျှင်ဘုရား နောက်တစ်မျိုးကား မြတ်စွာဘုရားသည် (ကိလေသာကို) အလွန်ခေါင်းပါးစေတတ်သော စိတ်ပွင့်လင်းခြင်းငှါ လျောက်ပတ်သောသဘောရှိသည့် အလိုနည်းမှု၊ ရောင့်ရဲလွယ်မှု၊ ကင်းဆိတ်မှု၊ မရောနှောမှု၊ ဝီရိယကိုအားထုတ်မှု၊ သီလပြည့်စုံမှု၊ သမာဓိပြည့်စုံမှု၊ ပညာပြည့်စုံမှု၊ အရဟတ္တဖိုလ်နှင့် ပြည့်စုံမှု၊ ပစ္စဝေက္ခဏာဉာဏ်နှင့် ပြည့်စုံမှုတို့နှင့် စပ်သော စကားတို့ကို အလိုရှိတိုင်း ရတော်မူပါပေ၏၊ မငြိုမငြင်ရတော်မူပါပေ၏၊ မပင်မပန်း ရတော်မူပါပေ၏။ အသျှင်ဘုရား မြတ်စွာဘုရား၏ (ကိလေသာကို) အလွန်ခေါင်းပါးစေတတ်သော စိတ်ပွင့်လင်းခြင်းငှါ လျောက်ပတ်သော သဘောရှိသည့် အလိုနည်းမှု။ပ။ ပစ္စဝေက္ခဏာ ဉာဏ်အမြင်နှင့် စပ်သော စကားတို့ကို အလိုရှိတိုင်းရတော်မူခြင်း၊ မငြိုမငြင်ရတော်မူခြင်း၊ မပင်မပန်း ရတော်မူခြင်းဟူသော ဤအကြောင်းထူးကိုလည်း မြော်မြင်၍ မြတ်စွာဘုရား၌ ဤသို့ သဘော ရှိသော အလွန်ပျပ်ဝပ်နှိမ့်ချခြင်းကို ပြုပါ၏၊ မေတ္တာဖြင့် ပူဇော်ခြင်းကို ပြပါ၏။ (၆)

အသျှင်ဘုရား နောက်တစ်မျိုးကား မြတ်စွာဘုရားသည် လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်းဖြစ်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရတော်မူပါပေ၏၊ မငြိုမငြင် ရတော်မူပါပေ၏၊ မပင်မပန်း ရတော်မူပါပေ၏။ အသျှင်ဘုရား မြတ်စွာဘုရား၏ လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်းဖြစ်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရတော်မူခြင်း၊ မငြိုမငြင် ရတော်မူခြင်း၊ မပင်မပန်း ရတော်မူခြင်းဟူသော ဤအကြောင်းထူးကိုလည်း မြော်မြင်၍ မြတ်စွာဘုရား၌ ဤသို့ သဘောရှိသော အလွန်ပျပ်ဝပ်နှိမ့်ချခြင်းကို ပြုပါ၏၊ မေတ္တာဖြင့် ပူဇော်ခြင်းကို ပြပါ၏။ (၇)

အသျှင်ဘုရား နောက်တစ်မျိုးကား မြတ်စွာဘုရားသည် များသော အပြားရှိသော ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့၏။ ဤသည်တို့ကား အဘယ်တို့နည်း၊ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကို လည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊ ဘဝလေးဆယ်တို့ကိုလည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိုလည်းကောင်း၊ ဘဝတစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကို လည်းကောင်း၊ များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း “ဤမည်သောဘဝ၌ (ငါသည်) ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြားရှိခဲ့၏၊ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤမည်သော ဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌ လည်း (ငါသည်) ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်း အခြားရှိခဲ့၏၊ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏”ဟု ဤသို့ အခြင်းအရာနှင့် တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏။ အသျှင်ဘုရား မြတ်စွာဘုရား၏ တစ်ပါးမက (များစွာ)သော ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့ တော်မူနိုင်ခြင်း၊ ယင်းခန္ဓာအစဉ်ဟူသည်မှာ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာတို့နှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ နေဖူးသည့် ခန္ဓာအစဉ်ကို အောက်မေ့တော်မူနိုင်ခြင်းဟူသော ဤအကြောင်းထူးကိုလည်း မြော်မြင်၍ မြတ်စွာဘုရား၌့အလွန်ပျပ်ဝပ်နှိမ့်ချခြင်းကို ပြုပါ၏၊ မေတ္တာဖြင့် ပူဇော်ခြင်းကို ပြပါ၏။ (၈)

အသျှင်ဘုရား နောက်တစ်မျိုးကား မြတ်စွာဘုရားသည် အထူးသဖြင့် စင်ကြယ်သောလူတို့၏ မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိနှင့်တူသော မျက်စိ ‘ဒိဗ္ဗစက္ခု’ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲ သတ္တဝါ ယုတ်သော သတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ “အချင်းတို့ ဤ သတ္တဝါတို့သည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘ကာယဒုစရိုက်’၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘ဝစီဒုစရိုက်’၊ စိတ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘မနောဒုစရိုက်’နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသော အယူရှိကုန်၏၊ မှားသော အယူဖြင့် ပြုသော ကံရှိကုန်၏၊ ထို (သတ္တဝါ)တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ ရောက်ကုန်၏။ အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့် ပြုသော ကောင်းသော အကျင့် ‘ကာယသုစရိုက်’၊ နှုတ်ဖြင့်ပြုသော ကောင်းသော အကျင့် ‘ဝစီသုစရိုက်’၊ စိတ်ဖြင့် ပြုသော ကောင်းသော အကျင့် ‘မနောသုစရိုက်’နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို မစွပ်စွဲကုန်၊ မှန်သော အယူရှိကုန်၏၊ မှန်သော အယူဖြင့် ပြုသော ကံရှိကုန်၏။ ထို (သတ္တဝါ)တို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်၌ ဖြစ်ကုန်၏”ဟု ကံအားလျော်စွာ ဖြစ်ပေါ်လာသော သတ္တဝါတို့ကို သိတော်မူ၏။ အသျှင်ဘုရား မြတ်စွာဘုရား၏ အထူးစင်ကြယ်သော လူတို့၏ မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိဖြင့်။ပ။ ကံအားလျော်စွာ ဖြစ်ကြသော သတ္တဝါတို့ကို သိတော်မူခြင်းဟူသော ဤအကြောင်းထူးကိုလည်း မြော်မြင်၍ မြတ်စွာဘုရား၌ အလွန်ပျပ်ဝပ် နှိမ့်ချခြင်းကို ပြုပါ၏၊ မေတ္တာဖြင့် ပူဇော်ခြင်းကို ပြပါ၏။ (၉)

အသျှင်ဘုရား နောက်တစ်မျိုးကား မြတ်စွာဘုရားသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ရောက်၍ နေတော်မူပါ၏။ အသျှင်ဘုရား မြတ်စွာဘုရား၏ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’စိတ်နှင့်။ပ။ ရောက်၍ နေတော်မူခြင်းဟူသော ဤအကြောင်းထူးကိုလည်း မြော်မြင်၍ မြတ်စွာဘုရား၌ အလွန်ပျပ်ဝပ်နှိမ့်ချခြင်းကို ပြုပါ၏၊ မေတ္တာဖြင့် ပူဇော်ခြင်းကို ပြပါ၏။ (၁ဝ)

အသျှင်ဘုရား ယခုအခါ အကျွန်ုပ်တို့သည် သွားပါကုန်ဦးအံ့၊ အကျွန်ုပ်တို့သည် ကိစ္စများပါကုန်၏၊ ပြုဖွယ်များပါကုန်၏ဟု (လျှောက်၏)။ မင်းကြီး သင်သည် သွားရန် အချိန်ကို သိ၏ (သွားရန်မှာ သင့်အလိုအတိုင်းပင် ဖြစ်၏)ဟု (မိန့်တော်မူ၏)။ ထို့နောက် ပသေနဒိကောသလမင်းသည် နေရာမှထကာ မြတ်စွာဘုရားကို ရှိခိုး၍ ဖဲသွားလေ၏။

ဒသမသုတ်။

သုံးခုမြောက် မဟာဝဂ် ပြီးပြီ။