အင်္ဂုတ္တရနိကာယ်

(၆) ၁-သစိတ္တဝဂ်

၄-သမထသုတ်

၅၄။ ရဟန်းတို့ အကယ်၍ ရဟန်းသည် သူတစ်ပါးစိတ်ဖြစ်ပုံ၌ လိမ္မာသူ မဖြစ်ခဲ့သော် “(ငါသည်) မိမိစိတ်ဖြစ်ပုံ၌ လိမ္မာသူ ဖြစ်ရမည်”ဟု ဤသို့သာလျှင် သင်တို့ ကျင့်အပ်၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် မိမိစိတ်ဖြစ်ပုံ၌ လိမ္မာသူ ဖြစ်သနည်း။ ရဟန်းတို့ ဥပမာသော်ကား ငယ်ရွယ်နုပျို၍ တန်ဆာဆင်လေ့ရှိသော မိန်းမသည်လည်းကောင်း၊ ယောကျာ်းသည်လည်းကောင်း ထက်ဝန်းကျင် စင်ကြယ်ဖြူစင်သော ကြေးမုံ (မှန်) ၌ဖြစ်စေ ကြည်လင်သော ရေခွက်၌ဖြစ်စေ မိမိ မျက်နှာရိပ်ကို (ကြည့်ရှု) ဆင်ခြင်လတ်သော် ထို(ကြေးမုံ—ရေခွက်)၌ အကယ်၍ မြူမှုန်ကိုသော်လည်းကောင်း၊ (မှဲ့စသော) အညစ်အကြေးကိုသော်လည်းကောင်း မြင်ခဲ့မူ ထိုမြူမှုန် (မှဲ့စသော) အညစ်အကြေး ကို ပယ်ရန်အလို့ငှါ လုံ့လပြု၏၊ ထို (ကြေးမုံ—ရေခွက်) ၌ မြူမှုန် (မှဲ့စသော) အညစ်အကြေးကို မမြင်ခဲ့မူ ထိုမမြင်ခြင်းကြောင့်ပင် “ငါ့အား အရတော်လေစွ၊ ငါသည် ထက်ဝန်းကျင် စင်ကြယ်လေစွ”ဟု ဝမ်းမြောက်မှု အကြံပြည့်စုံမှု ဖြစ်ရ၏။ ရဟန်းတို့ ဤအတူပင် “(ငါသည်) မိမိသန္တာန်၌ စိတ်ကို ငြိမ်းအေးစေသော သမထကို ရသူဖြစ်သလော၊ မိမိသန္တာန်၌ စိတ်ကို ငြိမ်းအေးစေသော သမထကို မရသူ ဖြစ်သလော၊ အဓိပညာဓမ္မဝိပဿနာ (အခြားလောကီပညာတို့ထက် သာလွန်သောပညာဖြစ်၍ ခန္ဓာငါးပါးတို့၌ အနိစ္စစသည်ဖြင့် အမျိုးမျိုးရှုတတ်သောတရားလည်းဖြစ်သော ဝိပဿနာဉာဏ်)ကို ရသူဖြစ်သလော၊ အဓိပညာဓမ္မဝိပဿနာကို မရသူ ဖြစ်သလော”ဟု ဆင်ခြင်မှု ‘ပစ္စဝေက္ခဏာ’သည် ရဟန်းအား ကုသိုလ် တရားတို့ ၌ ကျေးဇူးများ၏။ ရဟန်းတို့ ဆင်ခြင်သော ရဟန်းသည် “(ငါသည်) မိမိသန္တာန်၌ စိတ်ကို ငြိမ်းအေးစေသော သမထကို ရသူဖြစ်၏၊ အဓိပညာဓမ္မဝိပဿနာကို မရသူ ဖြစ်၏”ဟု အကယ်၍ သိပါမူ ရဟန်းတို့ ထိုရဟန်းသည် မိမိသန္တာန်၌ စိတ်ကို ငြိမ်းအေးစေသော သမထ၌ တည်၍ အဓိပညာဓမ္မဝိပဿနာအလို့ငှါ အားထုတ်မှုကို ပြုသင့်၏။ ထိုရဟန်းသည် အခါတစ်ပါး၌ မိမိသန္တာန်ဝယ် စိတ်ကို ငြိမ်းအေးစေသော သမထကိုလည်း ရသူဖြစ်၏၊ အဓိပညာဓမ္မဝိပဿနာကိုလည်း ရသူဖြစ်၏။ ရဟန်းတို့ ဆင်ခြင်သော ရဟန်းသည် “(ငါသည်) အဓိပညာဓမ္မဝိပဿနာကို ရသူ ဖြစ်၏။ မိမိသန္တာန်၌ စိတ်ကို ငြိမ်းအေးစေသော သမထကို မရသူ ဖြစ်၏”ဟု အကယ်၍ သိပါမူ ရဟန်းတို့ ထိုရဟန်းသည် အဓိပညာဓမ္မဝိပဿနာ၌ တည်၍ မိမိသန္တာန်၌ စိတ်ကို ငြိမ်းအေးစေသော သမထအလို့ငှါ အားထုတ်မှုကို ပြုသင့်၏။ ထိုရဟန်းသည် အခါတစ်ပါး၌ အဓိပညာဓမ္မဝိပဿနာကိုလည်း ရသူဖြစ်၏၊ မိမိသန္တာန်၌ စိတ်ကို ငြိမ်းအေးစေသော သမထကိုလည်း ရသူဖြစ်၏၊

ရဟန်းတို့ ဆင်ခြင်သော ရဟန်းသည် “(ငါသည်) မိမိသန္တာန်၌ စိတ်ကို ငြိမ်းအေးစေသော သမထကို့မရသူ ဖြစ်၏၊ အဓိပညာဓမ္မဝိပဿနာကို မရသူ ဖြစ်၏”ဟု အကယ်၍ သိပါမူ ရဟန်းတို့ ထိုရဟန်းသည် ထိုကုသိုလ်တရားတို့ကိုသာလျှင် ရရန် လွန်ကဲသော အလို လုံ့လ အားထုတ်မှု အလွန် အားထုတ်မှု မဆုတ်နစ်မှု အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ကို ပြုသင့်၏။ ရဟန်းတို့ ဥပမာသော်ကား အဝတ်မီးလောင်သူသည်လည်းကောင်း၊ ဦးခေါင်းမီးလောင်သူသည် လည်းကောင်း ထိုအဝတ်,ဦးခေါင်းကိုသာလျှင် ငြိမ်းစေရန် လွန်ကဲသော အလို လုံ့လ အားထုတ်မှု အလွန် အားထုတ်မှု မဆုတ်နစ်မှု အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ကို ပြုရာ၏၊ ရဟန်းတို့ ဤအတူပင် ထိုရဟန်းသည် ထိုကုသိုလ်တရားတို့ကိုသာလျှင် ရရန် လွန်ကဲသော အလို လုံ့လ အားထုတ်မှု အလွန်အားထုတ်မှု မဆုတ်နစ်မှု အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ကို ပြုသင့်၏။ ထိုရဟန်းသည် အခါတစ်ပါး၌ မိမိသန္တာန်ဝယ် စိတ်ကို ငြိမ်းအေးစေသော သမထကိုလည်း ရသူဖြစ်၏၊ အဓိပညာဓမ္မဝိပဿနာကိုလည်း ရသူဖြစ်၏။ ရဟန်းတို့ ဆင်ခြင်သော ရဟန်းသည် “(ငါသည်) မိမိသန္တာန်၌ စိတ်ကို ငြိမ်းအေးစေသော သမထကိုလည်း ရသူ ဖြစ်၏၊ အဓိပညာဓမ္မဝိပဿနာကိုလည်း ရသူ ဖြစ်၏”ဟု အကယ်၍ သိပါမူ ရဟန်းတို့ ထိုရဟန်းသည် ထိုကုသိုလ်တရားတို့၌သာလျှင် တည်၍ ထို့ထက်အလွန် အာသဝေါတရားတို့၏ ကုန်ရန်အလို့ငှါ အားထုတ်မှုကို ပြုသင့်၏။ ရဟန်းတို့ သင်္ကန်းကိုလည်း မှီဝဲသင့်၊ မမှီဝဲသင့်ဟု နှစ်မျိုးအားဖြင့် ငါဆို၏။ ရဟန်းတို့ ဆွမ်းကို လည်း မှီဝဲသင့်၊ မမှီဝဲသင့်ဟု နှစ်မျိုးအားဖြင့် ငါဆို၏။ ရဟန်းတို့ ကျောင်းကိုလည်း မှီဝဲသင့်၊ မမှီဝဲသင့်ဟု နှစ်မျိုးအားဖြင့် ငါဆို၏။ ရဟန်းတို့ ရွာနိဂုံးကိုလည်း မှီဝဲသင့်၊ မမှီဝဲသင့်ဟု နှစ်မျိုးအားဖြင့် ငါဆို၏။ ရဟန်းတို့ ဇနပုဒ်ကိုလည်း မှီဝဲသင့်၊ မမှီဝဲသင့်ဟု နှစ်မျိုးအားဖြင့် ငါဆို၏။ ရဟန်းတို့ ပုဂ္ဂိုလ် ကိုလည်း မှီဝဲသင့်၊ မမှီဝဲသင့်ဟု နှစ်မျိုးအားဖြင့် ငါဆို၏။ “ရဟန်းတို့ သင်္ကန်းကိုလည်း မှီဝဲသင့်၊ မမှီဝဲသင့်ဟု နှစ်မျိုးအားဖြင့် ငါဆို၏”ဟု ဆိုခဲ့သော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုအပ်သနည်း။ ထိုသင်္ကန်းတို့တွင် အကြင်သင်္ကန်းကို “ဤသင်္ကန်းကို မှီဝဲသော ငါ့အား အကုသိုလ်တရားတို့ တိုးပွါးကုန်၏၊ ကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏”ဟု သိပါမူ ဤသို့ သဘောရှိသော သင်္ကန်းကို မမှီဝဲသင့်။ ထိုသင်္ကန်းတို့တွင် အကြင်သင်္ကန်းကို “ဤသင်္ကန်းကို မှီဝဲသော ငါ့အား အကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏၊ ကုသိုလ်တရားတို့ တိုးပွါးကုန်၏”ဟု သိပါမူ ဤသို့ သဘောရှိသော သင်္ကန်းကို မှီဝဲသင့်၏။ “ရဟန်းတို့ သင်္ကန်းကိုလည်း မှီဝဲသင့်၊ မမှီဝဲသင့်ဟု နှစ်မျိုးအားဖြင့် ငါဆို၏”ဟု ဆိုခဲ့သော စကားကို ဤအကြောင်းကို စွဲ၍ ဆိုအပ်၏။ ရဟန်းတို့ ဆွမ်းကိုလည်း မှီဝဲသင့်၊ မမှီဝဲသင့်ဟု နှစ်မျိုးအားဖြင့် ငါဆို၏”ဟု ဆိုခဲ့သော ထို စကားကို အဘယ်ကို စွဲ၍ ဆိုအပ်သနည်း။ ထိုဆွမ်းတို့တွင် အကြင်ဆွမ်းကို “ဤဆွမ်းကို မှီဝဲသော ငါ့အား အကုသိုလ်တရားတို့ တိုးပွါးကုန်၏၊ ကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏”ဟု သိပါမူ ဤသို့ သဘောရှိသော ဆွမ်းကို မမှီဝဲသင့်။ ထိုဆွမ်းတို့တွင် အကြင်ဆွမ်းကို “ဤဆွမ်းကို မှီဝဲသော ငါ့အား အကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏၊ ကုသိုလ်တရားတို့ တိုးပွားကုန်၏”ဟု သိပါမူ ဤသို့ သဘော ရှိသော ဆွမ်းကို မှီဝဲသင့်၏။ “ရဟန်းတို့ ဆွမ်းကိုလည်း မှီဝဲသင့်၊ မမှီဝဲသင့်ဟု နှစ်မျိုးအားဖြင့် ငါဆို၏”ဟု ဆိုခဲ့သော စကားကို ဤအကြောင်းကို စွဲ၍ ဆိုအပ်၏။ ရဟန်းတို့ ကျောင်းကိုလည်း မှီဝဲသင့်၊ မမှီဝဲသင့်ဟု နှစ်မျိုးအားဖြင့် ငါဆို၏”ဟု ဆိုခဲ့သော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုအပ်သနည်း။ ထိုကျောင်းတို့တွင် အကြင်ကျောင်းကို “ဤကျောင်းကို မှီဝဲသော ငါ့အား အကုသိုလ်တရားတို့ တိုးပွါးကုန်၏၊ ကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏”ဟု သိပါမူ ဤသို့ သဘောရှိသော ကျောင်းကို မမှီဝဲသင့်။ ထိုကျောင်းတို့တွင် အကြင်ကျောင်းကို “ဤကျောင်းကို မှီဝဲသော ငါ့အား အကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏၊ ကုသိုလ်တရားတို့ တိုးပွါးကုန်၏”ဟု သိပါမူ ဤသို့သဘောရှိသော ကျောင်းကို မှီဝဲသင့်၏။ “ရဟန်းတို့ ကျောင်းကိုလည်း မှီဝဲသင့်၊ မမှီဝဲသင့်ဟု နှစ်မျိုးအားဖြင့် ငါဆို၏”ဟု ဆိုခဲ့သော စကားကို ဤအကြောင်းကို စွဲ၍ ဆိုအပ်၏။ ရဟန်းတို့ ရွာနိဂုံးကိုလည်း မှီဝဲသင့်၊ မမှီဝဲသင့်ဟု နှစ်မျိုးအားဖြင့် ငါဆို၏”ဟု ဆိုခဲ့သော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုအပ်သနည်း။ ထိုရွာနိဂုံးတို့တွင် အကြင်ရွာနိဂုံးကို “ဤရွာနိဂုံးကို မှီဝဲသော ငါ့အား အကုသိုလ်တရားတို့ တိုးပွါးကုန်၏၊ ကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏”ဟု သိပါမူ ဤသို့သဘောရှိသော ရွာနိဂုံးကို မမှီဝဲသင့်။ ထိုရွာနိဂုံးတို့တွင် အကြင်ရွာနိဂုံးကို “ဤရွာနိဂုံးကို မှီဝဲသော ငါ့အား အကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏၊ ကုသိုလ်တရားတို့ တိုးပွါးကုန်၏”ဟု သိပါမူ ဤသို့ သဘောရှိသော ရွာနိဂုံးကို မှီဝဲသင့်၏။ “ရဟန်းတို့ ရွာနိဂုံးကိုလည်း မှီဝဲသင့်၊ မမှီဝဲသင့်ဟု နှစ်မျိုး အားဖြင့် ငါဆို၏”ဟု ဆိုခဲ့သော စကားကို ဤအကြောင်းကို စွဲ၍ ဆိုအပ်၏။ ရဟန်းတို့ ဇနပုဒ်ကိုလည်း မှီဝဲသင့်၊ မမှီဝဲသင့်ဟု နှစ်မျိုးအားဖြင့် ငါဆို၏”ဟု ဆိုခဲ့သော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုအပ်သနည်း။ ထိုဇနပုဒ်တို့တွင် အကြင်ဇနပုဒ်ကို “ဤဇနပုဒ်ကို မှီဝဲသော ငါ့အား အကုသိုလ်တရားတို့ တိုးပွါးကုန်၏၊ ကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏”ဟု သိပါမူ ဤသို့ သဘောရှိသော ဇနပုဒ်ကို မမှီဝဲသင့်။ ထိုဇနပုဒ်တို့တွင် အကြင်ဇနပုဒ်ကို “ဤဇနပုဒ်ကို မှီဝဲသော ငါ့အား အကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏၊ ကုသိုလ်တရားတို့ တိုးပွါးကုန်၏”ဟု သိပါမူ ဤသို့ သဘောရှိသော ဇနပုဒ်ကို မှီဝဲသင့်၏။ “ရဟန်းတို့ ဇနပုဒ်ကိုလည်း မှီဝဲသင့်၊ မမှီဝဲသင့်ဟု နှစ်မျိုးအားဖြင့် ငါဆို၏”ဟု ဆိုခဲ့သော စကားကို ဤအကြောင်းကို စွဲ၍ ဆိုအပ်၏။ ရဟန်းတို့ ပုဂ္ဂိုလ်ကိုလည်း မှီဝဲသင့်၊ မမှီဝဲသင့်ဟု နှစ်မျိုးအားဖြင့် ငါဆို၏”ဟု ဆိုခဲ့သော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုအပ်သနည်း။ ထိုပုဂ္ဂိုလ်တို့တွင် အကြင်ပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်ကို မှီဝဲသော ငါ့အား အကုသိုလ်တရားတို့ တိုးပွါးကုန်၏၊ ကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏”ဟု သိပါမူ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို မမှီဝဲသင့်။ ထိုပုဂ္ဂိုလ်တို့တွင် အကြင်ပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်ကို မှီဝဲသော ငါ့အား အကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏၊ ကုသိုလ်တရားတို့ တိုးပွါးကုန်၏”ဟု သိပါမူ ဤသို့ သဘော ရှိသော ပုဂ္ဂိုလ်ကို မှီဝဲသင့်၏။ “ရဟန်းတို့ ပုဂ္ဂိုလ်ကိုလည်း မှီဝဲသင့်၊ မမှီဝဲသင့်ဟု နှစ်မျိုးအားဖြင့် ငါဆို၏”ဟု ဆိုခဲ့သော စကားကို ဤအကြောင်းကို စွဲ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။