အင်္ဂုတ္တရနိကာယ်
(၇) ၂-ယမကဝဂ်
၁ဝ-ဒုတိယ ကထာဝတ္ထုသုတ်
၇ဝ။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ရဟန်းများစွာတို့သည် ဆွမ်းစားပြီးနောက် ဆွမ်းခံရာမှ ဖဲခဲ့ကြကာ အညီအညွတ်စုဝေးထိုင်နေကြကုန်လျက် များစွာသော (မဂ်ဖိုလ်မှ) ဖီလာဖြစ်သော စကားကို ပြောဆိုလျက် နေကုန်၏။ ဤသည်တို့ကား အဘယ်တို့နည်း။ မင်းနှင့်စပ်သောစကား ခိုးသူနှင့် စပ်သောစကား အမတ်ကြီးနှင့် စပ်သောစကား။ပ။ ကြီးပွါးမှု ဆုတ်ယုတ်မှုနှင့်စပ်သော စကားတို့တည်း။
ရဟန်းတို့ ချီးမွမ်းဖွယ်ရာ အကြောင်းအရာတို့သည် ဤဆယ်မျိုးတို့တည်း။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ—ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မိမိသည်လည်း အလိုနည်း၏၊ ရဟန်းတို့အား လည်း အလိုနည်းမှုနှင့်စပ်သော စကားကို ပြောဟောတတ်၏။ “အလိုနည်းသော ရဟန်း၊ ရဟန်းတို့အား လည်း အလိုနည်းမှုနှင့်စပ်သော စကားကို ပြောဟောတတ်သော ရဟန်း”ဟူသော ဤအရာသည် ချီးမွမ်းဖွယ်တည်း။
မိမိသည်လည်း ရောင့်ရဲလွယ်၏၊ ရဟန်းတို့အားလည်း ရောင့်ရဲလွယ်မှုနှင့်စပ်သော စကားကို ပြော ဟောတတ်၏၊ “ရောင့်ရဲလွယ်သော ရဟန်း၊ ရဟန်းတို့အားလည်း ရောင့်ရဲလွယ်မှုနှင့်စပ်သော စကားကို ပြောဟောတတ်သော ရဟန်း”ဟူသော ဤအရာသည် ချီးမွမ်းဖွယ်တည်း။
မိမိသည်လည်း ကင်းဆိတ်၏၊ ရဟန်းတို့အားလည်း ကင်းဆိတ်မှုနှင့်စပ်သော စကားကို ပြောဟော တတ်၏၊ “ကင်းဆိတ်သော ရဟန်း၊ ရဟန်းတို့အားလည်း ကင်းဆိတ်မှုနှင့်စပ်သော စကားကို ပြော ဟောတတ်သော ရဟန်း”ဟူသော ဤအရာသည် ချီးမွမ်းဖွယ်တည်း။
မိမိသည်လည်း မရောနှော၊ ရဟန်းတို့အားလည်း မရောနှောမှုနှင့်စပ်သော စကားကို ပြောဟော တတ်၏၊ “မရောနှောသော ရဟန်း၊ ရဟန်းတို့အားလည်း မရောနှောမှုနှင့်စပ်သော စကားကို ပြောဟော တတ်သော ရဟန်း”ဟူသော ဤအရာသည် ချီးမွမ်းဖွယ်တည်း။
မိမိသည်လည်း ထက်သန်သော လုံ့လရှိ၏၊ ရဟန်းတို့အားလည်း ထက်သန်သော လုံ့လရှိမှုနှင့် စပ်သော စကားကို ပြောဟောတတ်၏၊ “ထက်သန်သော လုံ့လရှိသော ရဟန်း၊ ရဟန်းတို့အားလည်း ထက်သန်သော လုံ့လရှိမှုနှင့်စပ်သော စကားကို ပြောဟောတတ်သော ရဟန်း”ဟူသော ဤအရာသည် ချီးမွမ်းဖွယ်တည်း။
မိမိသည်လည်း သီလပြည့်စုံ၏။ ရဟန်းတို့အားလည်း သီလပြည့်စုံမှုနှင့်စပ်သော စကားကို ပြော ဟောတတ်၏၊ “သီလပြည့်စုံသော ရဟန်း၊ ရဟန်းတို့အားလည်း သီလပြည့်စုံမှုနှင့်စပ်သော စကားကို ပြောဟောတတ်သော ရဟန်း”ဟူသော ဤအရာသည် ချီးမွမ်းဖွယ်တည်း။
မိမိသည်လည်း သမာဓိပြည့်စုံ၏၊ ရဟန်းတို့အားလည်း သမာဓိပြည့်စုံမှုနှင့်စပ်သော စကားကို ပြောဟောတတ်၏၊ “သမာဓိပြည့်စုံသော ရဟန်း၊ ရဟန်းတို့အားလည်း သမာဓိပြည့်စုံမှုနှင့်စပ်သော စကားကို ပြောဟောတတ်သော ရဟန်း”ဟူသော ဤအရာသည် ချီးမွမ်းဖွယ်တည်း။
မိမိသည်လည်း ပညာပြည့်စုံ၏၊ ရဟန်းတို့အားလည်း ပညာပြည့်စုံမှုနှင့်စပ်သော စကားကို ပြော ဟောတတ်၏၊ “ပညာပြည့်စုံသော ရဟန်း၊ ရဟန်းတို့အားလည်း ပညာပြည့်စုံမှုနှင့်စပ်သော စကားကို ပြောဟောတတ်သော ရဟန်း”ဟူသော ဤအရာသည် ချီးမွမ်းဖွယ်တည်း။
မိမိသည်လည်း လွတ်မြောက်မှု ‘အရဟတ္တဖိုလ်’ နှင့်ပြည့်စုံ၏၊ ရဟန်းတို့အားလည်း လွတ်မြောက်မှု ‘အရဟတ္တဖိုလ်’ ပြည့်စုံမှုနှင့်စပ်သော စကားကို ပြောဟောတတ်၏၊ “လွတ်မြောက်မှု အရဟတ္တဖိုလ် ပြည့်စုံသော ရဟန်း၊ ရဟန်းတို့အားလည်း လွတ်မြောက်မှု ‘အရဟတ္တဖိုလ်’ ပြည့်စုံမှုနှင့်စပ်သော စကားကို ပြောဟောတတ်သော ရဟန်း”ဟူသော ဤအရာသည် ချီးမွမ်းဖွယ်တည်း။
မိမိသည်လည်း လွတ်မြောက်မှု ‘အရဟတ္တဖိုလ်’ကို ဆင်ခြင်သော ဉာဏ်အမြင်ပြည့်စုံ၏၊ ရဟန်းတို့ အားလည်း လွတ်မြောက်မှု ‘အရဟတ္တဖိုလ်’ကို ဆင်ခြင်သော ဉာဏ်အမြင်ပြည့်စုံမှုနှင့်စပ်သော စကားကို့ပြောဟောတတ်၏၊ “လွတ်မြောက်မှု ‘အရဟတ္တဖိုလ်’ကို ဆင်ခြင်သော ဉာဏ်အမြင်ပြည့်စုံသော ရဟန်း၊ ရဟန်းတို့အားလည်း လွတ်မြောက်မှု ‘အရဟတ္တဖိုလ်’ကို ဆင်ခြင်သော ဉာဏ်အမြင်ပြည့်စုံမှုနှင့်စပ်သော စကားကို ပြောဟောတတ်သော ရဟန်း”ဟူသော ဤအရာသည် ချီးမွမ်းဖွယ်တည်း။
ရဟန်းတို့ ချီးမွမ်းဖွယ်ရာ အကြောင်းအရာတို့သည် ဤဆယ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
နှစ်ခုမြောက် ယမကဝဂ် ပြီး၏။