အင်္ဂုတ္တရနိကာယ်
(၈) ၃-အာကင်္ခဝဂ်
၂-ကဏ္ဋကသုတ်
၇၂။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီး၌ အသျှင်စာလ အသျှင်ဥပစာလ အသျှင်ကုက္ကုဋ အသျှင်ကဠိမ္ဘ အသျှင်နိကဋ အသျှင်ကဋိဿဟဟူသော ထင်ရှားကုန် ထင်ရှားကုန်သော တပည့်မထေရ်များစွာတို့နှင့်လည်းကောင်း၊ အခြားထင်ရှားကုန် ထင်ရှားကုန်သော တပည့်သာဝက မထေရ်တို့နှင့်လည်းကောင်း အတူတကွ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ များစွာကုန်သော ထင်ရှားကုန် ထင်ရှားကုန်သော လိစ္ဆဝီမင်းတို့သည် ကောင်းကုန် ကောင်းကုန်သော ယာဉ်တို့ဖြင့် ရှေ့နောက် ခြံရံ၍ ပြင်းပြကျယ်လောင်သော အသံရှိကုန်လျက် မဟာဝုန်တောသို့ မြတ်စွာဘုရားကို ဖူးမြင်ရန်အလို့ငှါ ဝင်ရောက်လာကုန်၏။ ထိုအခါ ထိုအသျှင်တို့အား ဤအကြံသည် ဖြစ်၏—“များပြားကုန်သော ထင်ရှားကုန် ထင်ရှားကုန်သော လိစ္ဆဝီမင်းတို့သည် ကောင်းကုန် ကောင်းကုန်သော ယာဉ်တို့ဖြင့် ရှေ့နောက် ခြံရံ၍ ပြင်းပြကျယ်လောင်သော အသံရှိကုန်လျက် မဟာဝုန်တောသို့ မြတ်စွာဘုရားကို့ဖူးမြင်ရန်အလို့ငှါ ဝင်ရောက်ကုန်၏။ ‘ဈာန်တို့သည် အသံဟူသော ဆူးငြောင့်ရှိကုန်၏’ဟု မြတ်စွာဘုရား ဟောတော်မူ၏၊ ငါတို့သည် ဂေါသိင်္ဂမည်သော အင်ကြင်းတောအုပ်သို့ ချဉ်းကပ်ကြကုန်၍ ထိုတောအုပ်၌ နည်းသောအသံ နည်းသော ရောနှောမှုရှိကုန်လျက် ချမ်းသာစွာ နေကြရကုန်မူ ကောင်း လေစွ”ဟု (အကြံဖြစ်၏)။ ထို့နောက် ထိုအသျှင်တို့သည် ဂေါသိင်္ဂအင်ကြင်းတောအုပ်သို့ ချဉ်းကပ်ကြ ကုန်၍ ထိုတောအုပ်၌ နည်းသောအသံ နည်းသောရောနှောမှု ရှိကုန်လျက် ချမ်းသာစွာ နေကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့ စာလသည် အဘယ်မှာနည်း၊ ဥပစာလ သည် အဘယ်မှာနည်း၊ ကုက္ကုဋသည် အဘယ်မှာနည်း၊ ကဠိမ္ဘသည် အဘယ်မှာနည်း၊ နိကဋသည် အဘယ်မှာနည်း၊ ကဋိဿဟသည် အဘယ်မှာနည်း၊ ရဟန်းတို့ ထိုသာဝကမထေရ်တို့သည် အဘယ်မှာ နည်း”ဟု မေးတော်မူ၏။ အသျှင်ဘုရား ထိုအသျှင်တို့အား ဤသို့ အကြံဖြစ်ပါ၏၊ “များစွာသော ထင်ရှားကုန် ထင်ရှားကုန်သော လိစ္ဆဝီမင်းတို့သည် ကောင်းကုန် ကောင်းကုန်သော ယာဉ်တို့ဖြင့် ရှေ့နောက်ခြံရံ၍ ပြင်းပြကျယ်လောင်သော အသံရှိကုန်လျက် မဟာဝုန်တောသို့ မြတ်စွာဘုရားကို ဖူးမြင်ရန် အလို့ငှါ ဝင်ရောက်လာကုန်၏။ ‘ဈာန်တို့သည် အသံဟူသော ဆူးငြောင့်ရှိကုန်၏’ဟု မြတ်စွာဘုရား ဟောတော်မူ၏၊ ငါတို့သည် ဂေါသိင်္ဂအင်ကြင်းတောအုပ်သို့ ချဉ်းကပ်ကုန်၍ ထိုတောအုပ်၌ နည်းသောအသံ နည်းသောရောနှောမှု ရှိကုန်လျက် ချမ်းသာစွာ နေကြရကုန်မူ ကောင်းလေစွ”ဟု အကြံဖြစ်ပါ၏။ အသျှင်ဘုရား ထို့နောက် ထိုအသျှင်တို့သည် ဂေါသိင်္ဂအင်ကြင်းတောအုပ်သို့ ချဉ်းကပ်ကြကုန်၍ ထိုတောအုပ်၌ နည်းသောအသံ နည်းသောရောနှောမှု ရှိကုန်လျက် ချမ်းသာစွာ နေကြပါကုန်၏ဟု (လျှောက်ထားကြကုန်၏)။
ရဟန်းတို့ ကောင်းပေစွ၊ ကောင်းပေစွ၊ ကောင်းစွာ ဖြေဆိုလိုသူတို့သည် ထိုမဟာသာဝကတို့ ဖြေဆိုကြသည့်အတိုင်း ဖြေဆိုကုန်ရာ၏၊ ရဟန်းတို့ မှန်၏၊ ‘ဈာန်တို့သည် အသံဟူသော ဆူးငြောင့် ရှိကုန်၏’ဟု ငါဆို၏။ ရဟန်းတို့ ဆူးငြောင့်တို့သည် ဤဆယ်မျိုးတို့တည်း။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ—အပေါင်း အသင်း၌ မွေ့လျော်မှုသည် ဆိတ်ငြိမ်ရာ၌ မွေ့လျော်သူ၏ ဆူးငြောင့်တည်း၊ သုဘနိမိတ်ကို အားထုတ်မှု သည် အသုဘနိမိတ်ကို အားထုတ်သူ၏ ဆူးငြောင့်တည်း၊ (သာသနာတော်၏) ဆူးငြောင့်သဖွယ်ဖြစ်သော ပွဲကြည့်ရှုမှုသည် ဣန္ဒြေတို့၌ လုံခြုံသော တံခါးရှိသူ၏ ဆူးငြောင့်တည်း၊ မာတုဂါမ၏အနီး၌ လှည့်လည်မှု သည် မြတ်သောအကျင့်၏ ဆူးငြောင့်တည်း၊ အသံသည် ပဌမဈာန်၏ ဆူးငြောင့်တည်း၊ ဝိတက်ဝိစာရတို့သည် ဒုတိယဈာန်၏ ဆူးငြောင့်တို့တည်း၊ ပီတိသည် တတိယဈာန်၏ ဆူးငြောင့်တည်း၊ ထွက်သက် ဝင်သက်သည် စတုတ္ထဈာန်၏ ဆူးငြောင့်တည်း၊ သညာသည်လည်းကောင်း၊ ဝေဒနာသည်လည်းကောင်း သညာဝေဒနာတို့၏ချုပ်ရာ နိရောဓသမာပတ်၏ ဆူးငြောင့်တည်း၊ ရာဂသည် ဆူးငြောင့်တည်း၊ ဒေါသ သည် ဆူးငြောင့်တည်း၊ မောဟသည် ဆူးငြောင့်တည်း။
ရဟန်းတို့ ဆူးငြောင့်မရှိကုန်မူ၍ နေကြကုန်လော့၊ ရဟန်းတို့ ဆူးငြောင့်ကင်းကုန်၍ နေကြကုန် လော့၊ ရဟန်းတို့ ဆူးငြောင့်မရှိကုန် ဆူးငြောင့်ကင်းကုန်၍ နေကြကုန်လော့၊ ရဟန်းတို့ ဆူးငြောင့် မရှိသူတို့သည် ရဟန္တာတို့တည်း၊ ရဟန်းတို့ ဆူးငြောင့်ကင်းသူတို့သည် ရဟန္တာတို့တည်း၊ ရဟန်းတို့ ဆူးငြောင့်မရှိသူ ဆူငြောင့်ကင်းသူတို့သည် ရဟန္တာတို့တည်းဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။