အင်္ဂုတ္တရနိကာယ်
(၁ဝ) ၅-ဥပါလိဝဂ်
၂-ဘယသုတ်
၉၂။ ထိုအခါ အနာထပိဏ်သူဌေးသည် မြတ်စွာဘုရားအထံသို့ချဉ်းကပ်ပြီးနောက် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေ၏၊ တစ်ခုသောနေရာ၌ ထိုင်နေသော အနာထပိဏ်သူဌေးအား မြတ်စွာဘုရားသည် — သူကြွယ် အကြင်အခါ၌ အရိယာတပည့်အား ဘေးရန်ငါးမျိုးတို့သည် ငြိမ်းကုန်၏၊ သောတာပတ္တိအင်္ဂါလေးပါးတို့နှင့်လည်း ပြည့်စုံ၏၊ ထိုအရိယာတပည့်သည် မြတ်သော နည်းလမ်းကိုလည်း ပညာဖြင့် ကောင်းစွာ မြင်အပ်၏၊ ထိုးထွင်း၍ သိအပ်၏၊။ ထိုအခါ ထိုအရိယာတပည့်သည် ပြောကြား လိုခဲ့သော် “(ငါသည်) ငရဲ၌ ဖြစ်မှု တိရစ္ဆာန်မျိုး၌ ဖြစ်မှု ပြိတ္တာဘုံ၌ ဖြစ်မှု အပါယ်ဒုဂ္ဂတိသို့ ပျက်စီး၍ ကျရောက်မှု ကုန်ဆုံးပြီ၊ ငါသည် သောတာပန် ဖြစ်၏၊ ပျက်စီး၍ ကျရောက်ခြင်း သဘောမရှိ၊ ဂတိမြဲ၏၊ အထက်မဂ်ဖိုလ်သာလျှင် လဲလျောင်းရာရှိ၏”ဟု မိမိသည်ပင်လျှင် မိမိကိုယ်ကို ပြောဆိုနိုင်ရာ၏။ အဘယ်ဘေးရန်ငါးမျိုးတို့သည် ငြိမ်းကုန်သနည်းဟူမူ — သူကြွယ် အသက်သတ်လေ့ရှိသူသည် အသက်သတ်ခြင်းဟူသော အကြောင်းကြောင့် မျက်မှောက်ဘဝ၌ ဖြစ်သော ဘေးရန်သည်လည်း ပွါး၏၊ တမလွန်ဘဝ၌ ဖြစ်သော ဘေးရန်သည်လည်း ပွါး၏၊ စိတ်၌ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာယာခြင်းကို့လည်း ခံစားရ၏။ အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူအား မျက်မှောက်ဘဝ၌ ဖြစ်သော ဘေးရန်သည် လည်း မတိုးပွါး၊ တမလွန်၌ ဖြစ်သော ဘေးရန်သည်လည်း မတိုးပွါး၊ စိတ်၌ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာယာခြင်းကိုလည်း မခံစားရ၊ အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူအား ထိုဘေးရန်သည် ငြိမ်း အေး၏။ သူကြွယ် မပေးအပ်သော ဥစ္စာကို ယူသူသည်။ပ။ ကာမတို့၌ မှားယွင်းစွာ ကျင့်သူသည်။ မဟုတ် မမှန်ပြောလေ့ရှိသူသည်။ မေ့လျော့ကြောင်းဖြစ်သော သေအရက်ကို သောက်လေ့ရှိသူသည် မေ့လျော့ ကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းဟူသော အကြောင်းကြောင့် မျက်မှောက်ဘဝ၌ ဖြစ်သော ဘေးရန်သည်လည်း ပွါး၏၊ တမလွန်ဘဝ၌ ဖြစ်သော ဘေးရန်သည်လည်း ပွါး၏၊ စိတ်၌ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာယာခြင်းကိုလည်း ခံစားရ၏။ မေ့လျော့ကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်သူအား မျက်မှောက်ဘဝ၌ ဖြစ်သော ဘေးရန်သည်လည်း မတိုးပွါး၊ တမလွန်ဘဝ၌ ဖြစ်သော ဘေးရန်သည်လည်း မတိုးပွါး၊ စိတ်၌ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာယာခြင်းကိုလည်း မခံစားရ၊ မေ့လျော့ကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်သူအား ထိုဘေးရန်သည် ငြိမ်းအေး၏။ ဤငါးမျိုးကုန်သော ဘေးရန်တို့သည် ငြိမ်းအေးကုန်၏။ အဘယ်သောတာပတ္တိအင်္ဂါလေးပါးတို့နှင့် ပြည့်စုံသနည်းဟူမူ — သူကြွယ် ဤလောက၌ အရိယာ တပည့်သည် “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း။ပ။ (သစ္စာလေးပါးကို) သိတတ်, သိစေတော်မူတတ်သော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်း တန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏”ဟု မြတ်စွာဘုရား၌ သက်ဝင် ယုံကြည်မှုနှင့် ပြည့်စုံ၏။ “မြတ်စွာဘုရားဟောသော တရားတော်သည် ကောင်းစွာဟောထားသော တရားတော်ပါပေတည်း၊ ကိုယ်တိုင်သိမြင်နိုင်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးပေးတတ်သော တရားတော်ပါပေတည်း၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်သော တရားတော်ပါပေတည်း၊ မိမိ၏ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီ ကိုယ်င သိနိုင်ခံစား နိုင်သော တရားတော်ပါပေတည်း”ဟု တရား၌ သက်ဝင်ယုံကြည်မှုနှင့် ပြည့်စုံ၏။ “မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ကောင်းသောအကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ဖြောင့်မတ်သောအကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့် သား သံဃာတော်သည် မှန်ကန်သောအကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာ တော်သည် လျော်ကန်သောအကျင့် ရှိတော်မူပါပေ၏၊ အစုံအားဖြင့် လေးစုံ, ပုဂ္ဂိုလ်အားဖြင့် ရှစ်ပါးအရေ အတွက်ရှိသော မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် (အရပ်ဝေးမှ ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်တော်မူပါပေ၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ဝတ္ထုကို ခံတော်မူထိုက် ပါပေ၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံတော်မူထိုက်ပါပေ၏၊ လက်အုပ်ချီရန် ထိုက်တော်မူပါပေ၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံးလယ်မြေ ဖြစ်တော်မူပါပေ၏”ဟု သံဃာတော်၌ သက်ဝင်ယုံကြည်မှုနှင့် ပြည့်စုံ၏။ အရိယာတို့ နှစ်သက်အပ်ကုန်သော၊ မကျိုး မပေါက် မပြောက် မကျားကုန်သော၊ တဏှာကျွန် အဖြစ်မှ လွတ်မြောက်ကုန်သော၊ ပညာရှိတို့ချီးမွမ်းအပ်ကုန်သော၊ မှားသောအားဖြင့် မသုံးသပ်အပ်ကုန်သော၊ တည်ကြည်မှု ‘သမာဓိ’ကိုဖြစ်စေတတ်ကုန်သော သီလတို့နှင့် ပြည့်စုံ၏။ ဤသောတာပတ္တိ အဂ ငါ်္ လေးပါးတို့နှင့် ပြည့်စုံ၏။ ထိုအရိယာတပည့်သည် အဘယ်မြတ်သော နည်းလမ်းကို ပညာဖြင့် ကောင်းစွာ မြင်အပ်ထိုးထွင်း၍ သိအပ်သနည်းဟူမူ — သူကြွယ် ဤသာသနာတော်၌ အရိယာတပည့်သည် ဤသို့ ကောင်းစွာ့ဆင်ခြင်၏ —
“ဤသို့ ဤအကြောင်းသည် ရှိလတ်သော် ဤအကျိုးသည် ဖြစ်၏။ ဤအကြောင်း၏ ဖြစ်ခြင်းကြောင့် ဤအကျိုးသည် ဖြစ်၏။ ဤအကြောင်းသည် မရှိလတ်သော် ဤအကျိုးသည် မဖြစ်။ ဤ အကြောင်းချုပ်ခြင်းကြောင့် ဤအကျိုးသည် ချုပ်၏။ ယင်းတို့ဟူသည်ကား။ မသိမှု ‘အဝိဇ္ဇာ’ဟူသော အကြောင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’ဟူသော အကြောင်းကြောင့် ဝိညာဉ်ဖြစ်၏၊ ဝိညာဉ်ဟူသော အကြောင်းကြောင့် နာမ် ရုပ်၊ နာမ် ရုပ်ဟူသော အကြောင်းကြောင့် အာယတနခြောက်မျိုး၊ အာယတနခြောက်မျိုးဟူသော အကြောင်းကြောင့် တွေ့ထိမှု ‘ဖဿ’၊ တွေ့ထိမှု ‘ဖဿ’ဟူသော အကြောင်းကြောင့် ခံစားမှု ‘ဝေဒနာ’၊ ခံစားမှု ‘ဝေဒနာ’ဟူသော အကြောင်းကြောင့် တပ်မက်မှု ‘တဏှာ’၊ တပ်မက်မှု ‘တဏှာ’ဟူသော အကြောင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’၊ စွဲလမ်းမှု ‘ဥပါဒါန်’ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်မှုနှင့်ဖြစ်ကြောင်းကံ’ဘဝ’၊ ဖြစ်ကြောင်း ကံ ‘ဘဝ’ဟူသော အကြောင်းကြောင့် ပဋိသန္ဓေတည်နေဖြစ်ပွားခြင်း ‘ဇာတိ’၊ ပဋိသန္ဓေ တည်နေဖြစ်ပွားခြင်း ‘ဇာတိ’ဟူသော အကြောင်းကြောင့် အိုခြင်း သေခြင်းသည်လည်းကောင်း၊ စိုးရိမ်ခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည်လည်းကောင်း ဖြစ်ကုန်၏။ ဤနည်းဖြင့် ဆင်းရဲအစု သက်သက်၏ ဖြစ်ပေါ်ခြင်းသည် ထင်ရှား၏။ မသိမှု အဝိဇ္ဇာ၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ချုပ်ကုန်၏။ပ။ ဤနည်းဖြင့် ဆင်းရဲအစု သက်သက်၏ ချုပ်ခြင်း သည် ထင်ရှား၏”။ ဤသည်ကား ထိုအရိယာတပည့်သည် မြတ်သော နည်းလမ်းကို ပညာဖြင့် ကောင်းစွာ မြင်ခြင်း ထိုးထွင်း၍ သိခြင်းတည်း။
သူကြွယ် အကြင်အခါ၌ အရိယာတပည့်အား ဤဘေးရန်ငါးမျိုးတို့သည် ငြိမ်းကုန်၏၊ ဤသောတာ ပတ္တိအင်္ဂါလေးပါးတို့နှင့်လည်း ပြည့်စုံ၏၊ ထိုအရိယာတပည့်သည် ဤမြတ်သော နည်းလမ်းကို ပညာဖြင့် ကောင်းစွာ မြင်အပ်၏။ ထိုးထွင်း၍ သိအပ်၏၊ ထိုအခါ ထိုအရိယာတပည့်သည် ပြောကြားလိုခဲ့သော် ငါသည် “ငရဲ၌ ဖြစ်မှု တိရစ ္ဆာန်မျိုး၌ ဖြစ်မှု ပြိတ္တာဘုံ၌ ဖြစ်မှု အပါယ်ဒုဂ္ဂတိသို့ ပျက်စီး၍ ကျရောက်မှု ကုန်ဆုံးပြီးသူ ဖြစ်၏၊ ငါသည် သောတာပန်ဖြစ်၏၊ ပျက်စီး၍ ကျရောက်ခြင်းသဘော မရှိ၊ ဂတိမြဲ၏၊ အထက်မဂ်ဖိုလ်သာလျှင် လဲလျောင်းရာ ရှိ၏”ဟု မိမိသည်ပင်လျှင် မိမိကိုယ်ကို ပြောကြားနိုင်ရာ၏ဟု မိန့်တော်မူ၏။
ဒုတိယသုတ်။