အင်္ဂုတ္တရနိကာယ်

၂-အနုဿတိဝဂ်

၇-ဂေါပါလသုတ်

၁၇။ ရဟန်းတို့ အင်္ဂါတစ်ဆယ့်တစ်မျိုးတို့နှင့်ပြည့်စုံသော နွားကျောင်းသားသည် နွားအပေါင်းကို ထိန်းကျောင်းစောင့်ရှောက်ရန် တိုးပွါးအောင် ပြုရန် မထိုက်။ အဘယ်တစ်ဆယ့်တစ်မျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤလောက၌ နွားကျောင်းသားသည် ရုပ်ပုံသဏ္ဌာန်ကို မသိ၊ လက္ခဏာ၌ မလိမ္မာ၊ ယင် ချေးဥကို မခွါတတ်၊ အနာကို မဖုံးလွှမ်းတတ်၊ မီးခိုး မတိုက်တတ်၊ ဆိပ်ကမ်းကို မသိ၊ (ရေ) သောက် ပြီး (မသောက်ရသေး) ကို မသိ၊ လမ်းခရီးကို မသိ၊ စားကျက်၌ မလိမ္မာ၊ အကြွင်းမဲ့ (နို့) ညှစ်လေ့ရှိ၏၊ နွားတို့၏ မိဘ နွားတို့၏ အကြီးအကဲ ရှေ့ဆောင်ဖြစ်ကြသော နွားလားတို့ကို ပိုလွန်သော ပူဇော်ခြင်းဖြင့် မပူဇော်တတ်။ ရဟန်းတို့ ဤအင်္ဂါတစ်ဆယ့်တစ်မျိုးနှင့် ပြည့်စုံသော နွားကျောင်းသားသည် နွား အပေါင်းကို ထိန်းကျောင်းစောင့်ရှောက်ရန် တိုးပွါးအောင် ပြုရန် မထိုက်။

ရဟန်းတို့ ဤအတူပင် တရားတစ်ဆယ့်တစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ဤဓမ္မဝိနယ ့‘သာသနာတော်’ ၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ရန် မထိုက်။ အဘယ်တစ်ဆယ့် တစ်မျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရုပ်ကို မသိ၊ လက္ခဏာ၌ မလိမ္မာ၊ ယင်ချေးဥကို မခွါတတ် (မပယ်ရှားတတ်)၊ အနာကို မဖုံးလွှမ်းတတ်၊ အခိုးကို မပြုတတ်၊ ဆိပ်ကမ်းကို မသိ၊ သောက်ရပြီးကို မသိ၊ လမ်းကို မသိ၊ စားကျက်၌ မလိမ္မာ၊ အကြွင်းမဲ့ညှစ်လေ့ရှိ၏၊ ရဟန်း ဝါရင့်သူ ရဟန်းသက်ရှည်သူဖြစ်ကုန်သော သံဃာ၏မိဘ သံဃာ၏ရှေ့ဆောင် မထေရ်ရဟန်းတို့ကို ပိုလွန်သော ပူဇော်ခြင်းဖြင့် မပူဇော်တတ်။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ရုပ်ကို မသိသူဖြစ်သနည်း။ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် “မဟာဘုတ်လေးပါးနှင့် မဟာဘုတ်လေးပါးတို့ကို မှီသော ဥပါဒါရုပ်”ဟူသော ရုပ်အားလုံးကိုဟုတ်တိုင်းမှန်စွာ မသိ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ရုပ်ကို မသိသူ ဖြစ်၏။ (၁)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် လက္ခဏာ၌ မလိမ္မာသူ ဖြစ်သနည်း။ ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းသည် “လူမိုက်သည် (အကုသိုလ်) ကံဟူသော လက္ခဏာရှိ၏၊ ပညာရှိသည် (ကုသိုလ်) ကံဟူသော လက္ခဏာရှိ၏”ဟုဟုတ်တိုင်းမှန်စွာ မသိ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် လက္ခဏာ၌ မလိမ္မာသူ ဖြစ်၏။ (၂)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ယင်ချေးဥကို မခွါတတ်သူ (မပယ်ရှားတတ်သူ) ဖြစ် သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် “ဖြစ်ပေါ်လာသော ကာမအကြံအစည် “ကာမဝိတက်” ကို လက်ခံထား၏၊ မပယ်စွန့်၊ မဖျောက်ဖျက်၊ ကင်းအောင်မပြု၊ နောက်ထပ် မဖြစ်ခြင်း သို့ မရောက်စေ၊ ဖြစ်ပေါ်လာသော ဖျက်ဆီးလိုသော အကြံအစည် ‘ဗျာပါဒဝိတက်’ ကို။ ဖြစ်ပေါ်လာသော ညှဉ်းဆဲလိုသော အကြံအစည် ‘ဝိဟိံသာဝိတက်’ကို။ ဖြစ်တိုင်း ဖြစ်တိုင်းသော ယုတ်ညံ့သော အကုသိုလ် တရားတို့ကို လက်ခံထား၏၊ မပယ်စွန့်၊ မဖျောက်ဖျက်၊ ကင်းအောင်မပြု၊ နောက်ထပ် မဖြစ်ခြင်းသို့ မရောက်စေ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ယင်ချေးဥကို မခွါတတ်သူ (မပယ်ရှားတတ်သူ) ဖြစ်၏။ (၃)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အနာကို မဖုံးလွှမ်းတတ်သူ ဖြစ်သနည်း။ ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် အဆင်း ‘ရူပါရုံ’ ကို မြင်သော် (မိန်းမယောကျာ်းစသော) အမှတ် နိမိတ်ကို စွဲယူလေ့ရှိ၏၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန်ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့ရှိ၏၊ ယင်းအကြောင်းကြောင့် စက္ခုန္ဒြေကို မစောင့်စည်းမူ၍ နေသော ထိုရဟန်းကို မက်မောမှု ‘အဘိဇ္ဈာ’ နှလုံးမသာယာမှု ‘ဒေါမနဿ’ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် အစဉ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထိုစက္ခုန္ဒြေကိုစောင့်စည်းခြင်းငှါ မကျင့်၊ စက္ခုန္ဒြေကို မစောင့်ရှောက်၊ စက္ခုန္ဒြေ၌စောင့်စည်းခြင်းသို့ မရောက်။ နားဖြင့် အသံ ‘သဒ္ဒါရုံ’ ကို ကြားသော်။ နှာခေါင်းဖြင့် အနံ့ ‘ဂန္ဓာရုံ’ကို နမ်းသော်။ လျှာဖြင့် အရသာ’ရသာရုံ’ကို လျက်သော်။ ကိုယ်ဖြင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ကို တွေ့ထိသော်။ စိတ်ဖြင့် သဘော ‘ဓမ္မာရုံ’ ကိုသိသော် (မိန်းမ ယောကျာ်းစသော) အမှတ်နိမိတ်ကို စွဲယူလေ့ရှိ၏၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန်ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့ ရှိ၏၊ ယင်းအကြောင်းကြောင့် မနိန္ဒြေကို မစောင့်စည်းမူ၍နေသော ထိုရဟန်းကို မက်မောမှု ‘အဘိဇ္ဈာ’ နှလုံးမသာယာမှု ‘ဒေါမနဿ’ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် အစဉ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထိုမနိန္ဒြေကိုစောင့်စည်းခြင်းငှါ မကျင့်၊ မနိန္ဒြေကို မစောင့်ရှောက်၊ မနိန္ဒြေ၌စောင့်စည်းခြင်းသို့ မရောက်။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အနာကို မဖုံးလွှမ်းတတ်သူ ဖြစ်၏။ (၄)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အခိုးကို မပြုတတ်သူ ဖြစ်သနည်း။ ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းသည် ကြားနာပြီး သင်ယူပြီးတိုင်းသော တရားကို အကျယ်အားဖြင့် သူတစ်ပါးတို့ အား မဟော။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အခိုးကို မပြုတတ်သူ ဖြစ်၏။ (၅)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဆိပ်ကမ်းကို မသိသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အကြားအမြင်များကုန်သော နှုတ်တက်အာဂုံလေ့လာပြီးကုန်သော သုတ် အဘိဓမ္မာကို ဆောင်ကုန်သော ဝိနည်းကို ဆောင်ကုန်သော မာတိကာကို ဆောင်ကုန်သော ရဟန်းတို့ကို အခါ အားလျော်စွာ ချဉ်းကပ်၍ “အသျှင်ဘုရား ဤသည်ကား အဘယ်သို့ပါနည်း၊ ဤပုဒ်၏ အနက် သဘောကား အဘယ်ပါနည်း”ဟု မမေးတတ်၊ ပြဿနာ မထုတ်တတ်။ ထိုရဟန်းအား ထိုအသျှင်တို့သည် မဖွင့် သေးသည်ကိုလည်း မဖွင့်ပြကုန်၊ မပေါ်လွင်သေးသည်ကိုလည်း ပေါ်လွင်အောင် မပြုကုန်၊ များစွာကုန်သော ယုံမှားမှု၏တည်ရာ အကြောင်းတရားတို့၌ ယုံမှားမှုကို မပယ်ဖျောက်ကုန်။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ဆိပ်ကမ်းကို မသိ။ (၆)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သောက်ရပြီးသည်ကို မသိသနည်း။ ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းသည် မြတ်စွာဘုရား ဟောထားတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းကို ဟော လတ်သော် အနက်ကို သိနားလည်မှု မရ၊ ပါဠိကို သိနားလည်မှု မရ၊ တရားနှင့်စပ်သော ဝမ်းမြောက်မှု ကို မရ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သောက်ပြီးကို မသိ။ (၇)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် လမ်းကို မသိသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မြတ်သောအင်္ဂါရှစ်ပါးရှိသော မဂ်ကိုဟုတ်တိုင်းမှန်စွာ မသိ။ ရဟန်းတို့ ဤသို့လျှင် ရဟန်း သည် လမ်းကို မသိ။ (၈)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် စားကျက်၌ မလိမ္မာသူ ဖြစ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သတိပဋ္ဌာန်လေးပါးတို့ကိုဟုတ်တိ်ုင်းမှန်စွာ မသိ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် စားကျက်၌ မလိမ္မာသူ ဖြစ်၏။ (၉)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အကြွင်းမဲ့ ညှစ်လေ့ရှိသူ ဖြစ်သနည်း။ ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းကို ယုံကြည်မှု ‘သဒ္ဓါ’ ရှိကုန်သော ဒါယကာတို့သည် သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်တို့ဖြင့် ရှေးရှုဆောင်၍ ဖိတ်ကုန်၏။ ရဟန်းတို့ ထိုဖိတ်ရာ၌ ရဟန်းသည် ခံယူရန် အတိုင်းအရှည်ကို မသိ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အကြွင်းမဲ့ ညှစ်လေ့ ရှိသူ ဖြစ်၏။ (၁ဝ)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ရဟန်းဝါရင့်သူ ရဟန်းသက်ရှည်သူ ဖြစ်ကုန်သော သံဃာ၏ မိဘ သံဃာ၏ရှေ့ဆောင် မထေရ်ရဟန်းတို့ကို ပိုလွန်သော ပူဇော်ခြင်းဖြင့် မပူဇော်တတ်သူ ဖြစ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရဟန်းဝါရင့်သူ ရဟန်းသက်ရှည်သူ ဖြစ်ကုန်သော သံဃာ၏မိဘ သံဃာ၏ ရှေ့ဆောင် မထေရ်ရဟန်းတို့၌ မျက်မှောက် မျက်ကွယ် ကာယကံ မေတ္တာကို ရှေးရှု မတည်စေ၊ ဝစီကံမေတ္တာကို ရှေးရှု မတည်စေ၊ မနောကံမေတ္တာကို ရှေးရှု မတည်စေ၊ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ရဟန်းဝါရင့်သူ ရဟန်းသက်ရှည်သူ ဖြစ်ကုန်သော သံဃာ၏မိဘ သံဃာ၏ရှေ့ဆောင် မထေရ်ရဟန်းတို့ကို ပိုလွန်သော ပူဇော်ခြင်းဖြင့် မပူဇော်တတ်သူ ဖြစ်၏။ (၁၁)

ရဟန်းတို့ ဤတရားတစ်ဆယ့်တစ်မျိုးတို့နှင့် ပြည့်စုံသောရဟန်းသည် ဤဓမ္မဝိနယ’သာသနာတော်’ ၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ရန် မထိုက်။

ရဟန်းတို့ အင်္ဂါတစ်ဆယ့်တစ်မျိုးတို့နှင့်ပြည့်စုံသော နွားကျောင်းသားသည် နွားအပေါင်းကို ထိန်းကျောင်းစောင့်ရှောက်ရန် တိုးပွါးအောင် ပြုရန် ထိုက်၏။ အဘယ်တစ်ဆယ့်တစ်မျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤလောက၌ နွားကျောင်းသားသည် ရုပ်ပုံသဏ္ဌာန်ကို သိ၏၊ လက္ခဏာတို့၌ လိမ္မာ၏၊ ယင်ချေးဥကို ခွါတတ်၏၊ အနာကို ဖုံးလွှမ်းတတ်၏၊ မီးခိုး တိုက်တတ်၏၊ ဆိပ်ကမ်းကို သိ၏၊ (ရေ) သောက်ပြီး (မသောက်ရသေး) ကို သိ၏၊ လမ်းခရီးကို သိ၏၊ စားကျက်၌ လိမ္မာ၏၊ ချွင်းချန်၍ (နို့) ညှစ်လေ့ရှိ၏၊ နွားတို့၏မိဘ နွားတို့၏အကြီးအကဲ ရှေ့ဆောင်ဖြစ်ကြသော နွားလားတို့ကို ပိုလွန်သော ပူဇော်ခြင်းဖြင့် ပူဇော်တတ်၏။ ရဟန်းတို့ ဤအင်္ဂါတစ်ဆယ့် တစ်မျိုးတို့နှင့်ပြည့်စုံသော နွားကျောင်းသား သည် နွားအပေါင်းကို ထိန်းကျောင်းစောင့်ရှောက်ရန် တိုးပွါးအောင်ပြုရန် ထိုက်၏။ ရဟန်းတို့ ဤအတူပင် တရားတစ်ဆယ့်တစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ရန် ထိုက်၏။ အဘယ်တစ်ဆယ့် တစ်မျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရုပ်ကို သိ၏၊ လက္ခဏာ၌ လိမ္မာ၏၊ ယင်ချေးဥကို ခွါတတ်၏၊ အနာကို ဖုံးလွှမ်းတတ်၏၊ အခိုးတိုက်တတ်၏၊ ဆိပ်ကမ်းကို သိ၏၊ သောက် ရပြီးကို သိ၏၊ လမ်းကို သိ၏၊ စားကျက်၌ လိမ္မာ၏၊ ချွင်းချန်၍ (နို့) ညှစ်လေ့ရှိ၏၊ ရဟန်းဝါရင့်သူ ရဟန်းသက်ရှည်သူဖြစ်ကုန်သော သံဃာ့ မိဘ သံဃာ့ရှေ့ဆောင် မထေရ်ရဟန်းတို့ကို ပိုလွန်သော ပူဇော်ခြင်းဖြင့် ပူဇော်တတ်၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ရုပ်ကို သိသူ ဖြစ်သနည်း။ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် “မဟာဘုတ်လေးပါးနှင့် မဟာဘုတ်လေးပါးကို မှီသော ဥပါဒါရုပ်”ဟူသော ရုပ်အားလုံးကိုဟုတ်တိုင်းမှန်စွာ သိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ရုပ်ကို သိသူ ဖြစ်၏။ (၁)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် လက္ခဏာ၌ လိမ္မာသူ ဖြစ်သနည်း။ ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းသည် “လူမိုက်သည် (အကုသိုလ်) ကံဟူသော လက္ခဏာရှိ၏၊ ပညာရှိသည် (ကုသိုလ်) ကံဟူသော လက္ခဏာရှိ၏”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် လက္ခဏာ၌ လိမ္မာသူ ဖြစ်၏။ (၂)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ယင်ချေးဥကို ခွါတတ်သူ ဖြစ်သနည်း၊ ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းသည် ဖြစ်ပေါ်လာသော ကာမအကြံအစည် “ကာမဝိတက်”ကို လက်မခံ၊ ပယ်စွန့်၏၊ ဖျောက်ဖျက်၏၊ ကင်းအောင် ပြု၏၊ နောက်ထပ် မဖြစ်ခြင်းသို့ ရောက်စေ၏။ ဖြစ်ပေါ်လာသော ဖျက်ဆီးလိုသော အကြံအစည် ‘ဗျာပါဒဝိတက်’ ကို။ ဖြစ်ပေါ်လာသော ညှဉ်းဆဲလိုသော အကြံအစည် ‘ဝိဟိံသာဝိတက်’ ကို။ ဖြစ်တိုင်း ဖြစ်တိုင်းကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို လက်မခံ၊ ပယ်စွန့်၏၊ ဖျောက်ဖျက်၏၊ ကင်းအောင် ပြု၏၊ နောက်ထပ် မဖြစ်ခြင်းသို့ ရောက်စေ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ယင်ချေးဥကို ခွါတတ်သူ ဖြစ်၏။ (၃)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အနာကို ဖုံးလွှမ်းတတ်သနည်း။ ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် အဆင်း ‘ရူပါရုံ’ ကို မြင်သော် (မိန်းမယောကျာ်းစသော) အမှတ် နိမိတ်ကို စွဲယူလေ့ မရှိ၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့ မရှိ၊ ယင်းအကြောင်းကြောင့် စက္ခုန္ဒြေကို မစောင့်စည်းမူ၍ နေသော ထိုရဟန်းကို မက်မောမှု ‘အဘိဇ္ဈာ’ နှလုံးမသာမှု ‘ဒေါမနဿ’ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် အစဉ် လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထိုစက္ခုန္ဒြေကိုစောင့်စည်းခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကိုစောင့်ရှောက်၏၊ စက္ခုန္ဒြေ၌စောင့်စည်းခြင်းသို့ ရောက်၏။ နားဖြင့် အသံ ‘သဒ္ဒါရုံ’ ကို ကြားသော်။ နှာခေါင်းဖြင့် အနံ့ ‘ဂန္ဓာရုံ’ ကို နမ်းသော်။ လျှာဖြင့် အရသာ ‘ရသာရုံ’ကို လျက်သော်။ ကိုယ်ဖြင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ ကို တွေ့ထိသော်။ စိတ်ဖြင့် သဘော ‘ဓမ္မာရုံ’ ကို သိသော် (မိန်းမယောကျာ်းစသော) အမှတ်နိမိတ်ကို စွဲယူလေ့ မရှိ၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန်ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့ မရှိ၊ ယင်းအကြောင်းကြောင့် မနိန္ဒြေကို မစောင့်စည်းမူ၍နေသော ထိုရဟန်းကို မက်မောမှု ‘အဘိဇ္ဈာ’ နှလုံး မသာယာမှု ‘ဒေါမနဿ’ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် အစဉ်လိုက်၍နှိပ်စက် ကုန်ရာ၏၊ ထိုမနိန္ဒြေကိုစောင့်စည်းခြင်းငှါ ကျင့်၏၊ မနိန္ဒြေကိုစောင့်ရှောက်၏၊ မနိန္ဒြေ၌စောင့်စည်းခြင်း သို့ ရောက်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အနာကို ဖုံးလွှမ်းတတ်သူ ဖြစ်၏။ (၄)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အခိုးတိုက်တတ်သူ ဖြစ်သနည်း။ ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းသည် ကြားနာပြီး သင်ယူပြီးတိုင်းသော တရားကို အကျယ်အားဖြင့် သူတစ်ပါးတို့အား ဟောတတ်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အခိုးတိုက်တတ်သူ ဖြစ်၏။ (၅)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဆိပ်ကမ်းကို သိသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အကြားအမြင်များကုန်သော နှုတ်တက်အာဂုံလေ့လာပြီးကုန်သော သုတ် အဘိဓမ္မာကို ဆောင်ကုန်သော ဝိနည်းကို ဆောင်ကုန်သော မာတိကာကို ဆောင်ကုန်သော ရဟန်းတို့ကို အခါအားလျော်စွာ ချဉ်းကပ်၍ “အသျှင်ဘုရား ဤသည်ကား အဘယ်သို့ပါနည်း၊ အသျှင်ဘုရား ဤပုဒ်၏ အနက်ကား အဘယ်ပါနည်း”ဟု မေး၏၊ ပြဿနာ ထုတ်၏။ ထိုရဟန်းအား ထိုအသျှင်တို့သည် မဖွင့်သေးသည်ကို ဖွင့်ပြကုန်၏၊ မပေါ်လွင်သေးသည်ကိုလည်း ပေါ်လွင်အောင် ပြုကုန်၏၊ များစွာကုန်သော ယုံမှားမှု၏ တည်ရာ အကြောင်းတရားတို့၌လည်း ယုံမှားမှုကို ပယ်ဖျောက်ပေးကုန်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ဆိပ်ကမ်းကို သိ၏။ (၆)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သောက်ရပြီးကို သိသနည်း။ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် မြတ်စွာဘုရား ဟောထားတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းကို ဟောလတ်သော် အနက်ကို နားလည်မှု ရ၏၊ ပါဠိကို နားလည်မှု ရ၏၊ တရားနှင့်စပ်သော ဝမ်းမြောက်မှုကို ရ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သောက်ရပြီးကို သိ၏။ (၇)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် လမ်းကို သိသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်ကိုဟုတ်တိုင်းမှန်စွာ သိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် လမ်းကို သိ၏။ (၈)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် စားကျက်၌ လိမ္မာသူ ဖြစ်သနည်း။ ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းသည် သတိပဋ္ဌာန်လေးပါးတို့ကိုဟုတ်တိ်ုင်းမှန်စွာ သိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် စားကျက်၌ လိမ္မာသူ ဖြစ်၏။ (၉)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ချွင်းချန်၍ ညှစ်လေ့ရှိသနည်း။ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းကို ယုံကြည်မှု ‘သဒ္ဓါ’ ရှိကုန်သော ဒါယကာတို့သည် သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်တို့ဖြင့် ရှေးရှုဆောင်၍ ဖိတ်ကုန်၏။ ရဟန်းတို့ ထိုသို့ ဖိတ်ရာ၌ ရဟန်းသည် ခံယူရန် အတိုင်းအရှည်ကို သိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ချွင်းချန်၍ ညှစ်လေ့ရှိ၏။ (၁ဝ)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ရဟန်းဝါရင့်သူ ရဟန်းသက်ရှည်သူ ဖြစ်ကုန်သော သံဃာ၏ မိဘ သံဃာ၏ရှေ့ဆောင် မထေရ်ရဟန်းတို့ကို ပိုလွန်သော ပူဇော်ခြင်းဖြင့် ပူဇော်တတ်သူ ဖြစ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရဟန်းဝါရင့်သူ ရဟန်းသက်ရှည်သူ ဖြစ်ကုန်သော သံဃာ၏မိဘ သံဃာ၏ရှေ့ဆောင် မထေရ်ရဟန်းတို့၌ မျက်မှောက် မျက်ကွယ် ကာယကံမေတ္တာကို ရှေးရှု တည်စေ၏၊ ဝစီကံမေတ္တာကို ရှေးရှု တည်စေ၏၊ မျက်မှောက်မျက်ကွယ် မနောကံမေတ္တာကို ရှေးရှုတည်စေ၏၊ ရဟန်းတို့ ဤသို့လျှင် ရဟန်းဝါရင့်သူ ရဟန်းသက်ရှည်သူ ဖြစ်ကုန်သော သံဃာ၏မိဘ သံဃာ၏ ရှေ့ဆောင် မထေရ်ရဟန်းတို့ကို ပိုလွန်သော ပူဇော်ခြင်းဖြင့် ပူဇော်တတ်သူ ဖြစ်၏။ (၁၁)

ရဟန်းတို့ ဤတရားတစ်ဆယ့်တစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ဤဓမ္မဝိနယ ‘သာသနာ တော်’၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ရန် ထိုက်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။