အင်္ဂုတ္တရနိကာယ်

၁-နိဿယဝဂ်

၂-စေတနာကရဏီယသုတ်

၂။ ရဟန်းတို့ သီလရှိသူ သီလပြည့်စုံသူအား “ငါ့အား နှလုံးသာရွှင်မှုဖြစ်ပါစေ”ဟုစေ့ဆော်၍ ပြုဖွယ် မရှိ၊ ရဟန်းတို့ သီလရှိသူ သီလပြည့်စုံသူအား နှလုံးသာရွှင်မှုဖြစ်ခြင်းသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။ ရဟန်းတို့ နှလုံးသာရွှင်သူအား “ငါ့အား ဝမ်းမြောက်မှုဖြစ်ပါစေ”ဟုစေ့ဆော်၍ ပြုဖွယ် မရှိ၊ ရဟန်းတို့ နှလုံးသာရွှင်သူအား ဝမ်းမြောက်မှုဖြစ်ခြင်းသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။ ရဟန်းတို့ ဝမ်းမြောက်သူအား “ငါ့အား နှစ်သက်မှုဖြစ်ပါစေ”ဟုစေ့ဆော်၍ ပြုဖွယ်မရှိ၊ ရဟန်းတို့ ဝမ်းမြောက်သူအား နှစ်သက်မှုဖြစ်ခြင်းသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။ ရဟန်းတို့ နှစ်သက်သောစိတ် ရှိသူအား “ငါ၏ ကိုယ်သည် ငြိမ်းချမ်းပါစေ”ဟုစေ့ဆော်၍ ပြုဖွယ်မရှိ၊ ရဟန်းတို့ နှစ်သက်သောစိတ် ရှိသူအား ကိုယ်ငြိမ်းချမ်းမှုသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။ ရဟန်းတို့ ကိုယ်ငြိမ်းချမ်းသူအား “ချမ်းသာကို ခံစားအံ့”ဟုစေ့ဆော်၍ ပြုဖွယ် မရှိ၊ ရဟန်းတို့ ကိုယ်ငြိမ်းချမ်း သူအား ချမ်းသာကို ခံစားမှုသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။ ရဟန်းတို့ ချမ်းသာသူအား”ငါ၏စိတ်သည် တည်ကြည်ပါစေ”ဟုစေ့ဆော်၍ ပြုဖွယ် မရှိ၊ ရဟန်းတို့ ချမ်းသာသူအား စိတ်တည် ကြည်မှုသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။ ရဟန်းတို့ တည်ကြည်သူအား “ဟုတ်တိုင်းမှန်စွာ သိအံ့ မြင်အံ့”ဟုစေ့ဆော်၍ ပြုဖွယ်မရှိ၊ ရဟန်းတို့ တည်ကြည်သူအားဟုတ်တိုင်းမှန်စွာ သိမှုမြင်မှုသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။ ရဟန်းတို့ “ဟုတ်တိုင်းမှန်စွာ သိသူမြင်သူအား ငြီးငွေ့အံ့”ဟုစေ့ဆော်၍ ပြုဖွယ် မရှိ၊ ရဟန်းတို့ဟုတ်တိုင်းမှန်စွာ သိသူမြင်သူအား ငြီးငွေ့မှုသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။ ရဟန်းတို့ ငြီးငွေ့သူအား “တပ်စွန်းမှုကင်းအံ့”ဟုစေ့ဆော်၍ ပြုဖွယ် မရှိ၊ ရဟန်းတို့ ငြီးငွေ့သူအား တပ်စွန်းခြင်း ကင်းမှုသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။ ရဟန်းတို့ တပ်စွန်းခြင်း ကင်းသူအား လွတ်မြောက်မှုဝိမုတ္တိနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်ကို မျက်မှောက်ပြုအံ့”ဟုစေ့ဆော်၍ ပြုဖွယ်မရှိ၊ ရဟန်းတို့ တပ်စွန်းခြင်း ကင်းသူအား လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်ကို မျက်မှောက်ပြုခြင်းသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။

ရဟန်းတို့ ဤသို့လျှင် တပ်စွန်းခြင်းကင်းမှုသည် လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင် အကျိုးရှိ၏၊ လွတ်မြောက်မှုနှင့်လွတ်မြောက်မှုကို သိသောဉာဏ်အမြင်အာနိသင် ရှိ၏။ ငြီးငွေ့မှုသည် တပ်စွန်းခြင်း ကင်းမှုအကျိုး ရှိ၏၊ တပ်စွန်းခြင်းကင်းမှုအာနိသင် ရှိ၏။ဟုတ်တိုင်းမှန်စွာ သိမြင်မှုသည် ငြီးငွေ့မှုအကျိုး ရှိ၏၊ ငြီးငွေ့မှုအာနိသင် ရှိ၏၊ တည်ကြည်မှုသည်ဟုတ်တိုင်းမှန်စွာ သိမြင်မှု အကျိုး ရှိ၏၊ဟုတ်တိုင်းမှန်စွာ သိမြင်မှု အာနိသင် ရှိ၏။ ချမ်းသာမှုသည် တည်ကြည်မှုအကျိုး ရှိ၏၊ တည်ကြည်မှုအာနိသင် ရှိ၏၊ ငြိမ်းအေးမှုသည် ချမ်းသာမှုအကျိုး ရှိ၏၊ ချမ်းသာမှုအာနိသင် ရှိ၏။ နှစ်သက်မှုသည် ငြိမ်းအေးမှုအကျိုး ရှိ၏၊ ငြိမ်းအေးမှုအာနိသင် ရှိ၏။ ဝမ်းမြောက်မှုသည် နှစ်သက်မှု အကျိုး ရှိ၏၊ နှစ်သက်မှုအာနိသင် ရှိ၏။ နှလုံးသာရွှင်မှုသည် ဝမ်းမြောက်မှု အကျိုးရှိ၏၊ ဝမ်းမြောက်မှု အာနိသင် ရှိ၏။ အပြစ်ကင်းသော သီလတို့သည် နှလုံးသာရွှင်မှုအကျိုး ရှိကုန်၏၊ နှလုံးသာရွှင်မှု အာနိသင် ရှိကုန်၏။ ရဟန်းတို့ ဤသို့လျှင် ဤဘက်ကမ်း ဝဋ်ဆင်းရဲမှ ထိုဘက်ကမ်း (နိဗ္ဗာန်) သို့ ရောက်ခြင်းငှါ (အပြစ်မရှိသော သီလအစရှိသော) တရားတို့သည် (နှလုံးသာရွှင်ခြင်းအစရှိသော) တရားတို့ကိုဖြစ်စေကုန်၏၊ (အပြစ်မရှိသော သီလအစရှိသော) တရားတို့သည် (နှလုံးသာရွှင်ခြင်းအစရှိသော) တရားတို့နှင့် ပြည့်စုံစေကုန်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။