အင်္ဂုတ္တရနိကာယ်
၄-ဒေဝဒူတဝဂ်
၆-ဒေဝဒူတသုတ်
၃၆။ ရဟန်းတို့ သေမင်းတမန်တို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤလောက၌ အချို့သော သူသည် ကိုယ်ဖြင့် မကောင်းမှုကို ပြုကျင့်၏၊ နှုတ်ဖြင့် မကောင်းမှု ကို ပြုကျင့်၏၊ စိတ်ဖြင့် မကောင်းမှုကို ပြုကျင့်၏။ ထိုသူသည် ကိုယ်ဖြင့် မကောင်းမှုကို ပြုကျင့်သောကြောင့် နှုတ်ဖြင့် မကောင်းမှုကို ပြုကျင့်သောကြောင့် စိတ်ဖြင့် မကောင်းမှုကို ပြုကျင့်သောကြောင့် ကိုယ် ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသဖြင့် လားရာ ပျက်စီး၍ ကျရောက် ရာဖြစ်သော ငရဲ၌ ဖြစ်ရ၏။ ရဟန်းတို့ ထိုသူကို ငရဲထိန်းတို့သည် အသီးအသီး လက်မောင်းတို့၌ ဆွဲကိုင်၍ ယမမင်းအား ပြကုန်၏၊ “မင်းမြတ် ဤယောကျာ်းသည် အမိ၌ သားသမီးတို့ ကျင့်ဝတ် ချွတ်ယွင်း၏၊ အဖ၌ သားသမီးတို့ ကျင့်ဝတ် ချွတ်ယွင်း၏၊ သမဏတို့၌ လူတို့ ကျင့်ဝတ် ချွတ်ယွင်း၏၊ ဗြာဟ္မဏတို့၌ လူတို့ ကျင့်ဝတ် ချွတ်ယွင်း၏၊ အမျိုး၌ ကြီးသော သူ (အဖိုး အဖွား ဦးကြီး ဦးလေး စသည်)တို့ကို အရိုအသေမပြု။ မင်းမြတ်သည် ဤယောကျာ်းအား ဒဏ်ပေးတော်မူပါ”ဟု ပြောဆို ကုန်၏။
ရဟန်းတို့ ထိုသူကို ယမမင်းသည် “အမောင်ယောကျာ်း သင်သည် လူ့ပြည်တို့၌ ထင်ရှားဖြစ်ပေါ် သော ပဌမသေမင်းတမန်ကို မမြင်ခဲ့ပါသလော”ဟု ပဌမသေမင်းတမန်နှင့် စပ်လျဉ်း၍ မေးမြန်း၏၊ စစ်ဆေး၏၊ ပြောဆို၏။ “အသျှင် အကျွန်ုပ် မမြင်ခဲ့ပါ”ဟု ထို ယောကျာ်းသည် ပြန်ပြော၏။ ရဟန်းတို့ ထိုသူကို ယမမင်းသည် ဤသို့ မေးမြန်း၏— “အမောင်ယောကျာ်း သင်သည် လူ့ပြည်တို့၌ အိမ်အခြင်ကဲ့သို့ ကိုင်းသော ခါးကုန်းသော တောင်ဝှေးကို အားထားနေရသော တုန်တုန်ရီရီ သွားလာနေသော အိုနာ နှိပ်စက်နေသော အရွယ်လွန်သော သွားကျိုးသော ဆံဖြူသော ခေါင်းပြောင်နေသော ဦးခေါင်းတုန်လှုပ်သော အရေတွန့်လိပ်၍ မှဲ့ခြောက်တို့ဖြင့် ပြိုးပြွမ်းသော ကိုယ်ရှိသော ပဋိသန္ဓေမှ အသက်အားဖြင့် ရှစ်ဆယ် သော်လည်းကောင်း၊ ကိုးဆယ်သော်လည်းကောင်း၊ တစ်ရာသော်လည်းကောင်း ရှိသော အမယ်အိုကို ဖြစ်စေ အဖိုးအိုကို ဖြစ်စေ မမြင်ခဲ့ပါသလော”ဟု (မေးပြန်၏)။ “အသျှင် မြင်ခဲ့ပါ၏”ဟု ထို ယောကျာ်းသည် ပြန်ပြော၏။ ရဟန်းတို့ ထိုသူကို ယမမင်းသည် ဤသို့ မေး၏— “အမောင်ယောကျာ်း သင်သည် သိကြားလိမ္မာသည် ဖြစ်ပါလျက် အသက်အရွယ် ကြီးရင့်သည် ဖြစ်ပါလျက် ‘ငါသည်လည်း အိုခြင်းသဘော ရှိ၏၊ အိုခြင်းသဘောကို မလွန်နိုင်ချေ၊ ငါသည် ယခုအခါ ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကောင်းမှုကို ပြုအံ့’ဟု ဤသို့သော စိတ်အကြံသည် မဖြစ်ခဲ့ပါသလော”ဟု (မေး၏)။ “အရှင် အကျွန်ုပ်သည် (ကောင်းမှုကို ပြုခြင်းငှါ) မစွမ်းဆောင်နိုင်ခဲ့ပါ၊ မေ့လျော့ခဲ့ပါသည်”ဟု ထို ယောကျာ်းသည် ပြန်ပြော၏။ ရဟန်းတို့ ထိုသူကို ယမမင်းသည် ဤသို့ ဆို၏— “အမောင် ယောကျာ်း သင်သည် မေ့လျော့သောကြောင့် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကောင်းမှုကို မပြုခဲ့လေ၊ အမောင်ယောကျာ်း အကြင် အခြင်းအရာအားဖြင့် သင်သည် မေ့လျော့ခဲ့၏၊ ထို အခြင်းအရာအားဖြင့် သင့်ကို မချွတ်ပြုကြကုန်လတ္တံ့၊ ထို မကောင်းမှုကို သင့် အမိသည် ပြုသည်မဟုတ်၊ သင့် အဖသည် ပြုသည် မဟုတ်၊ သင့် ညီအစ်ကိုသည် ပြုသည်မဟုတ်၊ သင့် အစ်မနှမသည် ပြုသည်မဟုတ်၊ သင့် အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူတို့သည် ပြုသည်မဟုတ်၊ သင့် ဆွေမျိုးသားချင်းတို့သည် ပြုသည်မဟုတ်၊ နတ်တို့သည် ပြုသည် မဟုတ်၊ သမဏဗြာဟ္မဏတို့သည် ပြုသည်မဟုတ်၊ စင်စစ် အားဖြင့် သင်သည်ပင် ထို မကောင်းမှုကို ပြုခဲ့၏၊ ထို မကောင်းမှု၏ အကျိုးကို သင်သည်ပင် ခံစားရ လတ္တံ့”ဟု (ဆို၏)။ (၁)
ရဟန်းတို့ ထိုသူကို ယမမင်းသည် ပဌမသေမင်းတမန်နှင့် စပ်လျဉ်း၍ မေးမြန်းစစ်ဆေး ပြောဆို ပြီးလျှင် “အမောင်ယောကျာ်း သင်သည် လူ့ပြည်တို့၌ ထင်ရှားဖြစ်သော ဒုတိယသေမင်းတမန်ကို မမြင်ခဲ့ပါ သလော”ဟု ဒုတိယသေမင်းတမန်နှင့် စပ်လျဉ်း၍ မေးမြန်းပြန်၏၊ စစ်ဆေးပြန်၏၊ ပြောဆိုပြန်၏။ “အရှင် အကျွန်ုပ် မမြင်ခဲ့ပါ”ဟု ထို ယောကျာ်းသည် ပြန်ပြော၏၊ ရဟန်းတို့ ထိုသူကို ယမမင်းသည် ဤသို့ မေးပြန်၏— “အမောင် ယောကျာ်း သင်သည် လူ့ပြည်တို့၌ အနာဖြင့် နှိပ်စက်အပ်သော ဆင်းရဲခြင်း သို့ ရောက်နေသော ပြင်းစွာ မကျန်းမာသော မိမိကျင်ကြီးကျင်ငယ်၌ လိမ်းကျံပေရေလျက် အိပ်ရသော သူတစ်ပါးထူပေးမှ ထနိုင်သော အိပ်ရာသို့ သူတစ်ပါးတို့ ချီမပို့ဆောင်အပ်သော လူနာမိန်းမကိုသော်လည်းကောင်း၊ လူနာယောကျာ်းကိုသော်လည်းကောင်း သင် မမြင်ခဲ့ပါသလော”ဟု (မေးပြန်၏)။ “အရှင် အကျွန်ု်ပ် မြင်ခဲ့ပါ၏”ဟု ထို ယောကျာ်းသည် ပြောဆို၏။ ရဟန်းတို့ ထိုသူကို ယမမင်းသည် ဤသို့ မေး၏— “အမောင်ယောကျာ်း သင်သည် သိကြားလိမ္မာသည် ဖြစ်ပါလျက် အသက်အရွယ် ကြီးရင့်သည် ဖြစ်ပါလျက် ‘ငါသည်လည်း နာခြင်းသဘော ရှိ၏၊ နာခြင်းသဘောကို မလွန်နိုင်၊ ယခုအခါ ငါသည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကောင်းမှုကို ပြုအံ့’ဟု ဤသို့ သော စိတ်အကြံသည် မဖြစ်ခဲ့ပါသလော”ဟု (မေး၏)။ “အရှင် အကျွန်ုပ်သည်ကား (ကောင်းမှု ပြုခြင်းငှါ) မစွမ်းဆောင်နိုင်ခဲ့ပါ၊ မေ့လျော့ခဲ့ပါသည်”ဟု ထို ယောကျာ်းသည် ပြန်ပြော၏။ ရဟန်းတို့ ထိုသူကို ယမမင်းသည် ဤသို့ဆို၏— “အမောင်ယောကျာ်း သင်သည် မေ့လျော့သောကြောင့် ကိုယ်ဖြင့်လည်းကောင်း၊ ့နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကောင်းမှုကို မပြုခဲ့လေ၊ အမောင်ယောကျာ်း အကြင် အခြင်းအရာအားဖြင့် သင်သည် မေ့လျော့ခဲ့၏၊ ထို အခြင်းအရာအားဖြင့် သင့်ကို မချွတ်ပြုကြ ကုန်လတ္တံ့၊ ထို မကောင်းမှုကို သင့် အမိသည် ပြုသည်မဟုတ်၊ သင့် အဖသည် ပြုသည်မဟုတ်၊ သင့် ညီအစ်ကိုသည် ပြုသည်မဟုတ်၊ သင့် အစ်မနှမသည် ပြုသည်မဟုတ်၊ သင့် အဆွေခင်ပွန်းသည် ချစ်ကျွမ်းဝင်သူတို့သည် ပြုသည်မဟုတ်၊ သင့် ဆွေမျိုးသားချင်းတို့သည် ပြုသည်မဟုတ်၊ နတ်တို့ ပြုသည်မဟုတ်၊ သမဏဗြာဟ္မဏတို့ ပြုသည်မဟုတ်၊ စင်စစ်အားဖြင့် သင်သည်ပင် ထို မကောင်းမှုကို ပြုခဲ့၏၊ ထို မကောင်းမှု၏ အကျိုးကို သင်သည်ပင် ခံစားရလတ္တံ့”ဟု (ဆို၏)။ (၂)
ရဟန်းတို့ ထိုသူကို ယမမင်းသည် ဒုတိယသေမင်းတမန်နှင့် စပ်လျဉ်း၍ မေးမြန်းစစ်ဆေးပြောဆို ပြီးလျှင် “အမောင်ယောကျာ်း သင်သည် လူ့ပြည်တို့၌ ထင်ရှားဖြစ်သော တတိယသေမင်းတမန်ကို မမြင်ခဲ့ပါသလော”ဟု တတိယသေမင်းတမန်ကို မေးမြန်းပြန်၏၊ စစ်ဆေးပြန်၏၊ ပြောဆိုပြန်၏။ “အရှင် အကျွန်ုပ် မမြင်ခဲ့ပါ”ဟု ထို ယောကျာ်းသည် ပြန်ပြော၏၊ ရဟန်းတို့ ထိုသူကို ယမမင်းသည် ဤသို့ မေးပြန်၏— “အမောင်ယောကျာ်း သင်သည် လူ့ပြည်တို့၌ သေ၍ တစ်ရက်ရှိပြီးသော်လည်းဖြစ်သော သေ၍ နှစ်ရက်ရှိပြီးသော်လည်းဖြစ်သော သေ၍ သုံးရက်ရှိပြီးသော်လည်းဖြစ်သော ဖူးဖူးရောင်နေသော ရုပ်ပျက် ဆင်းပျက် ညိုမဲနေသော ပြည်ကဲ့သို့ စက်ဆုပ်ဖွယ် အပုပ်ရည်ယိုစီးနေသော မိန်းမ သူသေကောင်ကိုဖြစ်စေ ယောကျာ်း သူသေကောင်ကိုဖြစ်စေ သင် မမြင်ခဲ့ပါသလော”ဟု (မေး၏)။ “အရှင် အကျွန်ု်ပ် မြင်ခဲ့ပါ၏”ဟု ထို ယောကျာ်းသည် ပြန်ပြောဆို၏။ ရဟန်းတို့ ထို ယောကျာ်းကို ယမမင်းသည် ဤသို့ မေးပြန်၏— “အမောင်ယောကျာ်း သင်သည် သိကြားလိမ္မာသည် ဖြစ်ပါလျက် အသက်အရွယ်ကြီးရင့်သည် ဖြစ်ပါလျက် ‘ငါသည်လည်း သေခြင်းသဘော ရှိ၏၊ သေခြင်းသဘောကို မလွန်နိုင်၊ ယခုအခါ ငါသည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကောင်းမှုကို ပြုအံ့’ဟု ဤသို့သော စိတ်အကြံသည် မဖြစ်ခဲ့ပါသလော”ဟု (မေးပြန်၏)။ “အရှင် အကျွန်ုပ်သည်ကား (ကောင်းမှုကို ပြုခြင်းငှါ) မစွမ်း ဆောင်နိုင်ခဲ့ပါ၊ မေ့လျော့ခဲ့ပါသည်”ဟု ထို ယောကျာ်းသည် ပြန်ပြော၏။ ရဟန်းတို့ ထို ယောကျာ်းကို ယမမင်းသည် ဤသို့ ဆိုပြန်၏— “အမောင်ယောကျာ်း သင်သည် မေ့လျော့သောကြောင့် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကောင်းမှုကို မပြုခဲ့ပေ၊ အမောင် ယောကျာ်း အကြင် အခြင်းအရာအားဖြင့် သင်သည် မေ့လျော့ခဲ့၏၊ ထို အခြင်းအရာအားဖြင့် သင့်ကို မချွတ်ပြုကြ ကုန်လတ္တံ့၊ ထို မကောင်းမှုကို သင့် အမိသည် ပြုသည်မဟုတ်၊ သင့် အဖသည် ပြုသည်မဟုတ်၊ သင့် ညီအစ်ကိုသည် ပြုသည်မဟုတ်၊ သင့် အစ်မနှမသည် ပြုသည်မဟုတ်၊ သင့် အဆွေခင်ပွန်း ချစ်ကျွမ်း ဝင်သူတို့သည် ပြုသည်မဟုတ်၊ သင့် ဆွေမျိုးသားချင်းတို့သည် ပြုသည်မဟုတ်၊ နတ်တို့ ပြုသည် မဟုတ်၊ သမဏဗြာဟ္မဏတို့ ပြုသည်မဟုတ်၊ စင်စစ်အားဖြင့် သင်သည်ပင် ထို မကောင်းမှုကို ပြုခဲ့၏၊ ထို မကောင်းမှု၏ အကျိုးကို သင်သည်ပင် ခံစားရလတ္တံ့”ဟု (ဆို၏)။ (၃)
ရဟန်းတို့ ထိုသူကို ယမမင်းသည် တတိယသေမင်းတမန်နှင့် စပ်လျဉ်း၍ မေးမြန်းစစ်ဆေး ပြောဆိုပြီးသော် ဆိတ်ဆိတ်နေ၏။ ရဟန်းတို့ ထို ယောကျာ်းကို ငရဲထိန်းတို့သည် ငါးမျိုးသော နှောင်ဖွဲ့ခြင်းမည်သော ကမ္မကရဏကို ပြုကုန်၏၊ လောလောပူသော သံစို့ကို လက်၌ ရိုက်နှက်ကုန်၏၊ လောလောပူသော သံစို့ကို နှစ်ခုမြောက်သော လက်၌ ရိုက်နှက်ကုန်၏၊ လောလောပူသော သံစို့ကို ခြေ၌ ရိုက်နှက်ကုန်၏၊ လောလောပူသော သံစို့ကို နှစ်ခုမြောက်သော ခြေ၌ ရိုက်နှက်ကုန်၏၊ လောလောပူသော သံစို့ကို ရင်အလယ်၌ ရိုက်သွင်းကုန်၏၊ ထို ယောကျာ်းသည် ထို သံစို့ ငါးချက်ရိုက်သွင်းသော နေရာတို့၌ ပြင်းထန်ကုန်သော ကြမ်းတမ်းကုန်သော ကျင်နာ စပ်ရှားကုန်သော ဆင်းရဲဝေဒနာတို့ကို ခံစားရ၏၊ အကြင် မျှလောက် ထို မကောင်းမှုကံ မကုန်သေး၊ ထို မျှလောက် မသေသေးပေ။ ရဟန်းတို့ ထိုသူကို့ငရဲထိန်းတို့သည် ဆွဲငင်ကုန်၍ ဓားမကြီးတို့ဖြင့် ခုတ်ဖြတ်ကုန်၏၊ ထိုသူသည် ထိုသို့ ဓားမကြီးဖြင့် ခုတ်ဖြတ်ခံရသော နေရာ၌ ပြင်းထန်ကုန်သော ကြမ်းတမ်းကုန်သော ကျင်နာစပ်ရှား ကုန်သော ဆင်းရဲ ဝေဒနာတို့ကို ခံစားရ၏၊ အကြင် မျှလောက် ထို မကောင်းမှုကံသည် မကုန်သေး ထို မျှလောက် မသေ သေးပေ။ ရဟန်းတို့ ထိုသူကို ငရဲထိန်းတို့သည် စောက်ထိုးမိုးမျှော် ဆွဲကိုင်ကြ၍ ပဲခွပ်တို့ဖြင့် ခုတ်ရွေကုန်၏။ပ။ ရဟန်းတို့ ထိုသူကို ငရဲထိန်းတို့သည် ရထား၌ တပ်၍ ရဲရဲညီးသော အလျှံတပြောင်ပြောင် လောင်သော မီးတောက်မီးလျှံနှင့်တကွသော မြေအပြင်၌ အခေါက်ခေါက် အပြန်ပြန် မောင်းနှင်ကုန်၏။ပ။ ရဟန်းတို့ ထိုသူကို ငရဲထိန်းတို့သည် ရဲရဲညီးသော အလျှံတပြောင်ပြောင်လောင်သော မီးတောက်မီးလျှံနှင့် တကွသော မီးတောင်ကြီးသို့လည်း တက်စေ ဆင်းစေကုန်၏။ပ။ ရဟန်းတို့ ထိုသူကို ငရဲထိန်းတို့သည် စောက်ထိုးမိုးမျှော် ဆွဲကိုင်ကြ၍ ရဲရဲညီးသော အလျှံတပြောင်ပြောင်လောင်သော မီးတောက်မီးလျှံနှင့် တကွသော လောလောပူသော သံအိုးကြီး၌ ပစ်ချကုန်၏။ ထိုသူသည် ထို သံအိုးကြီး၌ အမြှုပ်ထလျက် ကျက်သည်ဖြစ်၍ အထက်သို့လည်း တစ်ကြိမ်ပေါ်၏၊ အောက်သို့လည်း တစ်ကြိမ်မြုပ်၏၊ ဖီလာလည်း တစ်ကြိမ်မျော၏။ ထိုသူသည် ထို သံအိုးကြီး၌ ပြင်းထန်ကုန်သော ကြမ်းတမ်းကုန်သော ကျင်နာစပ်ရှား ကုန်သော ဆင်းရဲဝေဒနာတို့ကို ခံစားရ၏၊ အကြင် မျှလောက် ထို မကောင်းမှုကံ မကုန်သေး၊ ထို မျှလောက် မသေသေးပေ။ ရဟန်းတို့ ထိုသူကို ငရဲထိန်းတို့သည် (အဝီစိ) ငရဲကြီး၌ ပစ်ချကြကုန်၏။ ရဟန်းတို့ ထို (အဝီစိ) ငရဲကြီးသည်ကား— အထောင့်လေးခု ရှိ၏၊ တံခါးလေးပေါက် ရှိ၏၊ ညီညာသော အဖို့အားဖြင့် ဝေဖန် ပိုင်းခြားအပ်၏၊ သံတံတိုင်းဖြင့် ကာရံအပ်၏၊ သံပြားဖြင့် မိုးထားအပ်၏၊ ထို (အဝီစိ) ငရဲ၏ မြေပြင်သည် သံမြေပြင် ဖြစ်၏၊ အလျှံတပြောင်ပြောင် တောက် လောင်နေ၏၊ အလျှံနှင့် ယှဉ်စပ်နေ၏၊ ထက်ဝန်းကျင် ယူဇနာတစ်ရာ တိုင်တိုင် ပျံ့နှံ့ ၍ အမြဲတည်နေ၏ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။