အင်္ဂုတ္တရနိကာယ်
၄-ဒေဝဒူတဝဂ်
၉-သုခုမာလသုတ်
၃၉။ ရဟန်းတို့ ငါသည် နူးညံ့သိမ်မွေ့၏၊ အလွန် နူးညံ့သိမ်မွေ့၏၊ စင်စစ် နူးညံ့သိမ်မွေ့၏၊ ငါ့ခမည်းတော်၏ နန်းတော်၌ ရေကန်တို့ကို ပြုစီမံအပ်ကုန်၏၊ ရဟန်းတို့ တစ်ခုသော ရေကန်၌ ကြာညို တစ်ခုသော ရေကန်၌ ပဒုမ္မာကြာ တစ်ခုသော ရေကန်၌ ပုဏ္ဍရိက်ကြာကို ငါ့အတွက်သာလျှင် စိုက်ပျိုး အပ်၏၊ ရဟန်းတို့ ငါသည် အလွန် နူးညံ့သိမ်မွေ့သော ကာသိတိုင်းထွက် မဟုတ်သော စန္ဒကူးကို မသုံး ဆောင်။ ရဟန်းတို့ ငါ၏ ‘ဦးရစ်’ ခေါင်းပေါင်းသည် ကာသိတိုင်းမှ ဖြစ်၏၊ အင်္ကျီသည် ကာသိတိုင်းမှ ဖြစ်၏၊ ပုဆိုးသည် ကာသိတိုင်းမှ ဖြစ်၏၊ အပေါ်ရုံသည် ကာသိတိုင်းမှ ဖြစ်၏၊ ရဟန်းတို့ “အအေး အပူ မြက် မြူ ဆီးနှင်းတို့သည် ထို ငါ့ကို မတွေ့ထိပါစေလင့်”ဟု နေ့ညဉ့်ပတ်လုံး ငါ့အား ထီးဖြူကို ဆောင်း ထားအပ်၏။
ရဟန်းတို့ ဆောင်းရာသီ စံနေရန် ပြာသာဒ်တစ်ဆောင်၊ နွေရာသီ စံနေရန် ပြာသာဒ်တစ်ဆောင်၊ မိုးရာသီစံနေရန် ပြာသာဒ်တစ်ဆောင်အားဖြင့် ထို ငါ့အား ပြာသာဒ်သုံးဆောင်တို့သည် ရှိကုန်၏။ ရဟန်းတို့ ထို ငါသည် မိုးရာသီစံနေရန် ပြာသာဒ်၌ မိုးလေးလတို့ပတ်လုံး မိန်းမချည်းသက်သက် တီးမှုတ်အပ်ကုန် သော တူရိယာတို့ဖြင့် စံပယ်မွေ့လျော်လျက် ပြာသာဒ်မှ အောက်သို့ မဆင်းမူ၍ နေ၏။ ရဟန်းတို့ သူတစ်ပါးတို့အိမ်၌ ကျွန်အမှုလုပ်သော ယောကျာ်းအား ပအုံးရည်ဟင်းလျှင် နှစ်ခုမြောက်သော ဆန်ကွဲ ထမင်းကို ပေးသကဲ့သို့ ရဟန်းတို့ ဤအတူသာလျှင် ငါ့ခမည်းတော်၏ နန်းတော်၌ ကျွန်အမှုလုပ် ယောကျာ်းအား သလေးဆန်ဖြင့် ချက်အပ်သော သားပြွမ်းထမင်းကို ပေးအပ်၏။
ရဟန်းတို့ ဤသို့ သဘောရှိသော တန်ခိုးနှင့်လည်းကောင်း ဤသို့ သဘောရှိသော စင်စစ် နူးညံ့ သိမ်မွေ့ခြင်းနှင့်လည်းကောင်း ပြည့်စုံသော ထို ငါ့အား— “အကြားအမြင်နည်းသော ပုထုဇဉ်သည် မိမိကိုယ် တိုင်က အိုခြင်း သဘောရှိသူ အိုခြင်းသဘောကို မလွန်ဆန်နိုင်သူ ဖြစ်ပါလျက် အိုမင်းသော သူတစ်ပါးကို မြင်သော် မိမိကိုယ်ကို သတိမရဘဲသာလျှင် ငြီးငွေ့၏၊ ရှက်နိုး၏၊ စက်ဆုပ်ဘိ၏၊ ငါသည်လည်း အိုခြင်း သဘောရှိသူ ဖြစ်၏၊ အိုခြင်းသဘောကို မလွန်ဆန်နိုင်သူဖြစ်၏၊ ငါသည် အိုခြင်းသဘောရှိသူ၊ အိုခြင်း သဘောကို မလွန်ဆန်နိုင်သူ ဖြစ်လျက်သာလျှင် အိုမင်းသော သူတစ်ပါးကို မြင်၍ ငြီးငွေ့ငြားအံ့၊ ရှက်နိုးငြားအံ့၊ စက်ဆုပ်ငြားအံ့၊ ထိုသို့ဖြစ်ခြင်းသည် ငါ့အား မသင့်လျော်ရာ”ဟု (အကြံဖြစ်၏)။ ရဟန်းတို့ ဤသို့ ကြံဆင်ခြင်သော ထို ငါ့အား အရွယ်နုပျိုခြင်းကြောင့် အရွယ်နုပျိုခြင်းကို စွဲ၍ဖြစ်သော မာန်တက်ခြင်းသည် အချင်းခပ်သိမ်းပျောက်ငြိမ်း၏။
“အကြားအမြင်နည်းသော ပုထုဇဉ်သည် မိမိကိုယ်တိုင်က နာခြင်းသဘောရှိသူ နာခြင်းသဘောကို မလွန်ဆန်နိုင်သူ ဖြစ်ပါလျက် နာသော သူတစ်ပါးကို မြင်သော် မိမိကိုယ်ကို သတိမရဘဲသာလျှင် ငြီးငွေ့၏၊ ရှက်နိုး၏၊ စက်ဆုပ်ဘိ၏၊ ငါသည်လည်း နာခြင်းသဘောရှိသူ၊ နာခြင်းသဘောကို မလွန်ဆန်နိုင်သူ ဖြစ်၏၊ ငါသည် နာခြင်းသဘောရှိသူ၊ နာခြင်းသဘောကို မလွန်ဆန်နိုင်သူ ဖြစ်လျက်သာလျှင် နာသော သူတစ်ပါးကို မြင်၍ ငြီးငွေ့ငြားအံ့၊ ရှက်နိုးငြားအံ့၊ စက်ဆုပ်ငြားအံ့၊ ထိုသို့ဖြစ်ခြင်းသည် ငါ့အား မသင့်လျော်ရာ”ဟု အကြံဖြစ်၏။ ရဟန်းတို့ ဤသို့ ကြံဆင်ခြင်သော ထို ငါ့အား ရောဂါကင်းခြင်းကြောင့် ရောဂါကင်းခြင်းကို စွဲ၍ဖြစ်သော မာန်တက်ခြင်းသည် အချင်းခပ်သိမ်း ပျောက်ငြိမ်း၏။
“အကြားအမြင်နည်းသော ပုထုဇဉ်သည် မိမိကိုယ်တိုင်က သေခြင်းသဘောရှိသူ သေခြင်းသဘောကို မလွန်ဆန်နိုင်သူဖြစ်ပါလျက် သေသော သူတစ်ပါးကို မြင်သော် မိမိကိုယ်ကို သတိမရဘဲသာလျှင် ငြီးငွေ့၏၊ ရှက်နိုး၏၊ စက်ဆုပ်ဘိ၏၊ ငါသည်လည်း သေခြင်းသဘောရှိသူ၊ သေခြင်းသဘောကို မလွန်ဆန်နိုင်သူ ဖြစ်၏၊ ငါသည် သေခြင်းသဘောရှိသူ သေခြင်းသဘောကို မလွန်ဆန်နိုင်သူ ဖြစ်လျက်သာလျှင် သေသော သူတစ်ပါးကို မြင်၍ ငြီးငွေ့ငြားအံ့၊ ရှက်နိုးငြားအံ့၊ စက်ဆုပ်ငြားအံ့၊ ထိုသို့ဖြစ်ခြင်းသည် ငါ့အား မသင့်လျော်ရာ”ဟု (အကြံဖြစ်၏)။ ရဟန်းတို့ ဤသို့ ကြံဆင်ခြင်သော ထို ငါ့အား အသက်ရှည်ခြင်းကြောင့် အသက်ရှည်ခြင်းကို စွဲ၍ဖြစ်သော မာန်တက်ခြင်းသည် အချင်းခပ်သိမ်း ပျောက်ငြိမ်း၏။
ရဟန်းတို့ မာန်ယစ်ခြင်းတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ— အရွယ် နုပျိုခြင်းကို စွဲ၍ဖြစ်သော မာန်ယစ်ခြင်းလည်းကောင်း၊ ရောဂါကင်းခြင်းကို စွဲ၍ဖြစ်သော မာန်ယစ်ခြင်းလည်းကောင်း၊ အသက်ရှည်ခြင်းကို စွဲ၍ဖြစ်သော မာန်ယစ်ခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ အရွယ်နုပျိုခြင်းကို စွဲ၍ဖြစ်သော မာန်ဖြင့် ယစ်သော အကြားအမြင်နည်းပါးသည့် ပုထုဇဉ်သည်လည်း ကိုယ်ဖြင့် မကောင်းမှုကို ပြုကျင့်၏၊ နှုတ်ဖြင့် မကောင်းမှုကို ပြုကျင့်၏၊ စိတ်ဖြင့် မကောင်းမှုကို ပြုကျင့်၏၊ ထို ပုထုဇဉ်သည် ကိုယ် နှုတ် စိတ်ဖြင့် မကောင်းမှုကို ပြုကျင့်သောကြောင့် ကိုယ်ခန္ဓာပျက်စီး၍့သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသဖြင့် လားရောက်ရာ ပျက်စီး၍ ကျရောက်ရာ ဖြစ်သော ငရဲသို့ ရောက်ရ၏။ ရဟန်းတို့ ရောဂါကင်းခြင်းကို စွဲ၍ဖြစ်သော မာန်ဖြင့် ယစ်သော အကြား အမြင်နည်းပါးသည့် ပုထုဇဉ်သည်လည်း။ပ။ ရဟန်းတို့ အသက်ရှည်ခြင်းကို စွဲ၍ဖြစ်သော မာန်ဖြင့် ယစ်သော အကြားအမြင်နည်းပါးသည့် ပုထုဇဉ်သည်လည်း ကိုယ်ဖြင့် မကောင်းမှုကို ပြုကျင့်၏၊ နှုတ်ဖြင့် မကောင်းမှုကို ပြုကျင့်၏၊ စိတ်ဖြင့် မကောင်းမှုကို ပြုကျင့်၏၊ ထို ပုထုဇဉ်သည် ကိုယ် နှုတ် စိတ်ဖြင့် မကောင်းမှုကို ပြုကျင့်သောကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသဖြင့် လားရောက်ရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ရ၏။
ရဟန်းတို့ အရွယ်နုပျိုခြင်းကို စွဲ၍ဖြစ်သော မာန်ဖြင့် ယစ်သော ရဟန်းသည်လည်း သိက္ခာချ၍ လူထွက်၏။ ရဟန်းတို့ ရောဂါကင်းခြင်းကို စွဲ၍ဖြစ်သော မာန်ဖြင့် ယစ်သော ရဟန်းသည်လည်း သိက္ခာချ၍ လူထွက်၏။ ရဟန်းတို့ အသက်ရှည်ခြင်းကို စွဲ၍ဖြစ်သော မာန်ဖြင့် ယစ်သော ရဟန်းသည်လည်း သိက္ခာချ၍ လူထွက်၏ဟု (မိန့်တော်မူ၏)။
နာခြင်းသဘောရှိကုန်သော၊ အိုခြင်းသဘောရှိကုန်သော၊ ထို့ပြင် သေခြင်း သဘောရှိကုန်သော ပုထုဇဉ်တို့သည် ထိုသို့ နာခြင်းစသည် သဘောရှိကုန်လျက် သာလျှင် သူတစ်ပါးကို စက်ဆုပ်ကုန်၏။ ဤသို့ သဘောရှိကုန်သော သတ္တဝါတို့၌ ငါသည် ထို နာခြင်းစသော သဘောကို စက်ဆုပ်ငြားအံ့၊ ဤသို့ စက်ဆုပ်သော အခြင်းအရာအားဖြင့် နေလေ့ရှိသော ငါ့အား ဤစက်ဆုပ်ခြင်းသဘောသည် မသင့်လျော်ရာ။ ဤသို့ ဆင်ခြင်လေ့ရှိသည်ဖြစ်၍ နေသော ထို ငါသည် ဥပဓိကင်းရာ နိဗ္ဗာန်ကို သိ၍ ရောဂါကင်းခြင်း၌လည်းကောင်း၊ အရွယ်နုပျိုခြင်း၌လည်းကောင်း၊ အသက်ရှည်ခြင်း၌လည်းကောင်း အကြင် မာန်ယစ်ခြင်းတို့သည် ရှိကုန်၏။ ငါသည် ထို အလုံးစုံသော မာန်ယစ်ခြင်းတို့ကို လွန်မြောက်ပြီးဖြစ်၏၊ ဝဋ်ဆင်းရဲမှ လွတ်မြောက်ရာဖြစ်သော နိဗ္ဗာန်၌ ဘေးမရှိဟု ရှု၍ နိဗ္ဗာန်ကို ဘေးမရှိဟု မြင်သော ထို ငါ့အား အားထုတ်မှု လုံ့လသည် ဖြစ်ပြီ။ ငါသည် ယခုအခါ၌ ကာမဂုဏ်တို့ကို မမှီဝဲထိုက်ပြီ၊ မြတ်သော အကျင့်လျှင် အားထားရာ ရှိသည်ဖြစ်၍ မဆုတ်နစ်တော့အံ့သတည်း။
နဝမသုတ်။