အင်္ဂုတ္တရနိကာယ်

(၆) ၁-ဗြာဟ္မဏဝဂ်

၇-ဝစ္ဆဂေါတ္တသုတ်

၅၈။ ထိုအခါ ဝစ္ဆအနွယ်ဖြစ်သော ပရိဗိုဇ်သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား— “အသျှင်ဂေါတမ ရဟန်းဂေါတမသည် ‘ငါ့အားသာလျှင် အလှူကို ပေးလှူအပ်၏၊ တစ်ပါးသူတို့အား အလှူကို မပေးလှူအပ်။ ငါ့တပည့် တို့အားသာလျှင် အလှူကို ပေးလှူအပ်၏၊ တစ်ပါးသူတို့၏ တပည့်တို့အား အလှူကို မပေးလှူအပ်။ ငါ့အား ပေးလှူသော အလှူသာလျှင် အကျိုးကြီး၏၊ တစ်ပါးသူတို့အား ပေးလှူသော အလှူသည် အကျိုး မကြီး။ ငါ့တပည့်တို့အား ပေးလှူသော အလှူသာလျှင် အကျိုးကြီး၏၊ တစ်ပါးသူတို့၏ တပည့်တို့အား ပေးလှူသော အလှူသည် အကျိုးမကြီး’ဟု ပြောဟောသည်ဟူသော ဤစကားကို အကျွန်ုပ် ကြားဖူး ပါသည်။ အသျှင်ဂေါတမ အသို့နည်း ရဟန်းဂေါတမသည် ‘ငါ့အားသာလျှင် အလှူကို့ပေးလှူအပ်၏၊ တစ်ပါးသူတို့အား အလှူကို မပေးလှူအပ်။ ငါ့တပည့်တို့ အားသာလျှင် အလှူကို ပေးလှူအပ်၏၊ တစ်ပါး သူတို့၏ တပည့်တို့အား အလှူကို မပေးလှူအပ်။ ငါ့အား ပေးလှူသော အလှူသာလျှင် အကျိုးကြီး၏၊ တစ်ပါးသူတို့အား ပေးလှူသော အလှူသည် အကျိုးမကြီး။ ငါ့တပည့်တို့အား ပေးလှူသော အလှူသာ လျှင် အကျိုးကြီး၏၊ တစ်ပါးသူတို့၏ တပည့်တို့အား ပေးလှူသော အလှူသည် အကျိုးမကြီး’ဟု ပြော ဟောသည်ဟူ၍ ပြောဆိုကြသော သူတို့သည် အသျှင်ဂေါတမဆိုသည့် အတိုင်းပင် ဆိုကြသည်ဟုတ်ပါ၏ လော၊ အသျှင်ဂေါတမကို မဟုတ်မမှန် စွပ်စွဲရာ မရောက်ဘဲရှိပါကုန်၏လော၊ အသျှင်ဂေါတမ ဟောသော တရားကိုပင် တစ်ဆင့် ဟောကြားကြသည်ဟုတ်ပါ၏လော၊ အသျှင်ဂေါတမ၏ မူရင်းစကားနှင့် (ထိုသူတို့၏) တစ်ဆင့်ပြောသော စကားသည် ကဲ့ရဲ့ဖွယ်အကြောင်း လုံးဝကင်းပါ၏လော၊ အကျွန်ုပ်တို့သည်ကား အသျှင်ဂေါတမကို စွပ်စွဲရန် အလိုမရှိကြပါ”ဟု လျှောက်၏။

ဝစ္ဆ “ရဟန်းဂေါတမသည် ‘ငါ့အားသာလျှင် အလှူကို ပေးလှူအပ်၏။ပ။ တစ်ပါးသူတို့၏ တပည့် တို့အား ပေးလှူသော အလှူသည် အကျိုးမကြီးဟု’ ဟောပြောသည်ဟူ၍ ပြောဆိုကြသော သူတို့သည် ငါဆိုသည့်အတိုင်း ဆိုကြသည် မဟုတ်ကုန်၊ ငါ့ကို ထင်ရှားမရှိသော မဟုတ်မမှန်သော စကားဖြင့် စွပ်စွဲ ကုန်သည်သာတည်း။ ဝစ္ဆ သူတစ်ပါး အလှူပေးသည်ကို တားမြစ်သူသည် သုံးမျိုးတို့၏ အန္တရာယ်ကို ပြုသည်မည်၏၊ သုံးမျိုးတို့၏ ဘေးရန်ကို ပြုသည် မည်၏။ အဘယ်သုံးမျိုးတို့၏ အန္တရာယ်, ဘေးရန် ကို ပြုသည်မည်သနည်းဟူမူ— အလှူဒါယကာ၏ ကောင်းမှု အန္တရာယ်ကို ပြုသည် မည်၏။ အလှူခံ ပုဂ္ဂိုလ်၏ လာဘ် အန္တရာယ်ကို ပြုသည် မည်၏။ ထို တားမြစ်သူသည် ရှေးဦးကပင်လျှင် မိမိကိုယ်ကို တူးဖြိုဖျက်ဆီးအပ်သည် မည်၏။ ဝစ္ဆ သူတစ်ပါးအလှူပေးသည်ကို တားမြစ်သူသည် ဤသုံးမျိုးတို့၏ အန္တရာယ်ကို ပြုသည် မည်၏၊ ဤသုံးမျိုးတို့၏ ဘေးရန်ကို ပြုသည် မည်၏။

ဝစ္ဆ ငါမူကား ဤသို့ ဟော၏— “တန်စီးအိုင် တန်စီးမြောင်းရှိ သတ္တဝါတို့သည် အိုးခွက် ဆေးရေ တို့ဖြင့် မျှတကြပါစေ”ဟု အိုးဆေးရေကို ဖြစ်စေ ခွက်ဆေးရေကို ဖြစ်စေ ထို အိုင် ထို မြောင်း၌ စွန့်သွန်၏၊ ဝစ္ဆ ထို အကြောင်းကြောင့်လည်းကောင်း မှုဖြစ်ခြင်းကို ငါ ဟော၏၊ လူဖြစ်သူကို ပေးလှူရာ၌ ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ စင်စစ်အားဖြင့်ကား သီလရှိသူအား ပေးလှူခြင်းသည် အကျိုးကြီး၏ဟု ငါဆို၏၊ သီလမရှိသူအား ပေးလှူခြင်းသည် ထို့အတူ အကျိုးကြီး၏ဟူ၍ကား ငါမဆို။ ထို သီလ ရှိသူဟူသည်လည်း အင်္ဂါငါးပါးကို ပယ်ပြီးသူ အင်္ဂါငါးပါးနှင့် ပြည့်စုံပြီးသူ ဖြစ်ရ၏။

အဘယ်အင်္ဂါငါးပါးကို ပယ်ပြီးသူ ဖြစ်ရသနည်း။ ကာမဂုဏ်ကို လိုလားခြင်း ‘ကာမစ္ဆန္ဒ’ ကို ပယ်ပြီးသူ၊ ပျက်စီးစေလိုခြင်း ‘ဗျာပါဒ’ ကို ပယ်ပြီးသူ၊ လေးလံ ထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ ကို ပယ်ပြီးသူ၊ ပျံ့လွင့်ခြင်း နောင်တ ပူပန်ခြင်း ‘ဥဒ္ဓစ္စ ကုက္ကုစ္စ’ ကို ပယ်ပြီးသူ၊ မဝေခွဲနိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ကို ပယ်ပြီးသူ ဖြစ်ရ၏။ ဤအင်္ဂါငါးပါးတို့ကို ပယ်ပြီးသူ ဖြစ်ရ၏။

အဘယ်အင်္ဂါငါးပါးတို့နှင့် ပြည့်စုံသူ ဖြစ်ရသနည်း။ ရဟန္တာတို့ဥစ္စာဖြစ်သော သီလအစုနှင့် ပြည့် စုံသူ၊ ရဟန္တာတို့ဥစ္စာဖြစ်သော သမာဓိအစုနှင့် ပြည့်စုံသူ၊ ရဟန္တာတို့ဥစ္စာဖြစ်သော ပညာအစုနှင့် ပြည့်စုံသူ၊ ရဟန္တာတို့ ဥစ္စာဖြစ်သော ဝိမုတ္တိအစုနှင့် ပြည့်စုံသူ၊ ရဟန္တာတို့ဥစ္စာဖြစ်သော ဝိမုတ္တိဉာဏ် အမြင်အစုနှင့် ပြည့်စုံသူ ဖြစ်ရ၏။ ဤအင်္ဂါငါးပါးတို့နှင့် ပြည့်စုံသူ ဖြစ်ရ၏။ ဤသို့ ဤအင်္ဂါငါးပါးတို့ကို ပယ်ပြီး၍ အင်္ဂါငါးပါးတို့နှင့် ပြည့်စုံပြီးသော ပုဂ္ဂိုလ်၌ ပေးလှူခြင်းသည် အကျိုးကြီး၏ဟူ၍ ငါဆို၏ဟု (မိန့်တော်မူ၏)။

အဆင်းတူဖြစ်သည့် နွားနက် နွားဖြူ နွားနီ နွားပြာစိမ်း နွားကျား ခိုပြာရောင် နွားဟူကုန်သော မည်သည့်နွားတို့တွင်မဆို အကြင် ရှေ့ဆောင် နွားလားသည် ယဉ်ကျေး၏၊ ဝန်ကို ဆောင်နိုင်၏၊ ခွန်အားနှင့် ပြည့်စုံ၏၊ ဖြောင့်မတ် လျင်မြန်စွာ သွား၏။ ထို နွားကိုသာလျှင် ဝန်ဆောင်ခိုင်းကုန်၏၊ ထို နွား၏ အဆင်းကိုမူကား မစူးစမ်း မဆင်ခြင်ကုန်။ ဤအတူသာလျှင် မင်းမျိုး ပုဏ္ဏားမျိုး ကုန်သည်မျိုး သူဆင်းရဲမျိုး ဒွန်း စဏ္ဍားမျိုး ပန်းမှိုက်သွန်မျိုးဟူကုန်သော မည်သည့် အမျိုးဇာတ်ရှိသည့် လူတို့တွင် မဆို အကြင်သူသည် ယဉ်ကျေး၏၊ ကောင်းသော အကျင့် ရှိ၏၊ တရား၌ တည်၏၊ သီလနှင့် ပြည့်စုံ၏၊ မှန်သော စကားကို ဆိုလေ့ရှိ၏၊ (မကောင်းမှုမှ) ရှက်စိတ် ရှိ၏၊ ပဋိသန္ဓေနေခြင်း သေခြင်းသဘောကို ပယ်ပြီးဖြစ်၏၊ မြတ်သော အကျင့် အလုံးစုံနှင့် ပြည့်စုံပြီး ဖြစ်၏၊ (ခန္ဓာ) ဝန်ကို ချထားပြီး ဖြစ်၏၊ ဝဋ်ဆင်းရဲ၌ မယှဉ်၊ ပြုဖွယ်ကိုလည်း ပြုပြီး ဖြစ်၏၊ အာသဝေါတရားမှ ကင်း၏၊ အလုံးစုံသော တရားတို့၏ တစ်ဖက်ကမ်းသို့ ရောက်ပြီးဖြစ်၏၊ (တဏှာ ဒိဋ္ဌိဖြင့်) တစ်စုံ တစ်ရာ အာရုံကို မစွဲယူမူ၍ ငြိမ်းအေး၏။ ကိလေသာမြူကင်းသော လယ်ယာ မြေကောင်းသဖွယ်ဖြစ်သော ထို ရဟန္တာပုဂ္ဂိုလ်၌ ပေးလှူအပ်သော အလှူသည် ပြန့်ပြော၏၊ မသိမလိမ္မာ ပညာမရှိ ဗဟုသုတနည်းပါးကုန်သော သူမိုက်တို့သည်ကား ဤသာသနာတော်မှ အပ၌ အလှူကို ပေးလှူကုန်၏၊ သူတော်ကောင်းတို့ကို မဆည်း ကပ်ကုန်။ အကြင်သူတို့သည်ကား ပညာရှိတို့ ချီးမွမ်းအပ်ကုန်သော ပညာရှိသူတော် ကောင်းတို့ကို မှီဝဲဆည်းကပ်ကုန်၏၊ ထိုသူတို့၏ သဒ္ဓါတရားသည်ကား မြတ်စွာဘုရား၌ အမြစ်သဖွယ် ဖြစ်၍ တည်၏၊ ထို ပညာရှိတို့သည် နတ်ပြည်သို့လည်း လားရကုန်၏၊ ဤလူ့ပြည်၌မူလည်း မြတ်သော အမျိုး၌ ဖြစ်ရကုန်၏၊ အစဉ်သဖြင့် နိဗ္ဗာန်သို့ ရောက်ရကုန်၏။

သတ္တမသုတ်။