အင်္ဂုတ္တရနိကာယ်

(၇) ၂-မဟာဝဂ်

၅-ကေသမုတ္တိသုတ်

၆၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ကောသလတိုင်းတို့၌ ဒေသစာရီ ကြွချီတော်မူလတ်သော် ကာလာမမင်းတို့၏ ကေသမုတ္တမည်သော နိဂုံးသို့ ရောက်တော်မူ၏။ ကေသမုတ္တနိဂုံးသား ကာလာမမင်းတို့သည် ဤသို့ ကြားသိကြကုန်၏— “အချင်းတို့ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်းဂေါတမသည် ကေသမုတ္တနိဂုံးသို့ ရောက်လာတော်မူ၏။ ထို အသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ ထွက်၏။ ထို မြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံမည်တော်မူ၏။ပ။ ထိုသို့သဘောရှိသော ရဟန္တာပုဂ္ဂိုလ်တို့အား ဖူးမြော်ရခြင်းသည် ကောင်းသည်သာတည်း”ဟု (ကြားသိကြကုန်၏)။

ထို့နောက် ကေသမုတ္တနိဂုံးသား ကာလာမမင်းတို့သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ကြကုန်ပြီး လျှင် အချို့တို့သည် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေကြကုန်၏။ အချို့တို့သည် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆိုကုန်၏။ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေကုန်၏။ အချို့တို့သည် မြတ်စွာဘုရား ရှိရာ အရပ်သို့ လက်အုပ်ချီကုန်လျက် တစ်ခုသော နေရာ၌ ထိုင်နေကုန်၏။ အချို့တို့သည် အမည် အနွယ်ကို ပြောကြားလျက် တစ်ခုသော နေရာ၌ ထိုင်နေကုန်၏။ အချို့တို့သည် တိတ်ဆိတ်စွာ တစ်ခုသော နေရာ၌ ထိုင်နေကုန်၏။ တစ်ခုသော နေရာ၌ ထိုင်နေကြသော ကေသမုတ္တနိဂုံးသား ထို ကာလာမမင်းမျိုးတို့သည် မြတ်စွာဘုရားအား— အသျှင်ဘုရား အချို့သော သမဏဗြာဟ္မဏတို့သည် ကေသမုတ္တနိဂုံးသို့ ရောက်လာပါကုန်၏။ ထို သမဏဗြာဟ္မဏတို့သည် မိမိအယူဝါဒကိုသာလျှင် ပြပါကုန်၏၊ ထွန်းပစေပါ ကုန်၏။ သူတစ်ပါးအယူဝါဒကိုမူကား ထိပါးပါကုန်၏၊ မထီမဲ့မြင်ပြုပါကုန်၏၊ ရှုတ်ချပါကုန်၏၊ ချေဖျက်ပါ ကုန်၏၊ အသျှင်ဘုရား တခြားသော သမဏဗြာဟ္မဏအချို့တို့သည်လည်း ကေသမုတ္တနိဂုံးသို့ ရောက် လာပါကုန်၏၊ ထို သမဏဗြာဟ္မဏတို့သည်လည်း မိမိအယူဝါဒကိုသာလျှင် ပြပါကုန်၏၊ ထွန်းပစေကုန်ပါ၏၊ သူတစ်ပါးအယူဝါဒကိုမူကား ထိပါးပါကုန်၏၊ မထီမဲ့မြင်ပြုပါကုန်၏၊ ရှုတ်ချပါကုန်၏၊ ချေဖျက်ပါကုန်၏၊ “အသျှင်ဘုရား ဤသမဏဗြာဟ္မဏတို့တွင် အဘယ်သမဏဗြာဟ္မဏသည် မှန်သော စကားကို ဆိုပါ သနည်း၊ အဘယ်သမဏဗြာဟ္မဏသည် မမှန်သော စကားကို ဆိုပါသနည်း”ဟု အကျွန်ုပ်တို့အား ယုံမှားခြင်း တွေးတောခြင်း ဖြစ်ခဲ့ပါ၏” (ဟု လျှောက်ကုန်၏)။ ကာလာမမင်းတို့ သင်တို့အား ယုံမှားခြင်းငှါ သင့်ပေ၏၊ တွေးတောခြင်းငှါ သင့်ပေ၏၊ သင်တို့အား ယုံမှားခြင်းငှါသင့်သော အရာ၌ ယုံမှားခြင်း ဖြစ်၏။

ကာလာမမင်းတို့ သင်တို့သည်—

ပြောသံ ကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

အစဉ်အဆက် စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး။

ပိဋကတ် (မိမိတို့ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

နည်းမှီးယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

(ငါတို့) ကြံစည်နှစ်သက်၍ ယူထားသောအယူနှင့် တူညီပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

ကာလာမမင်းတို့ “ဤတရားတို့ကား အကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း။ ဤတရားတို့ကို ပြည့်စုံ စေအပ် ဆောက်တည်အပ်ကုန်သည်ရှိသော် အစီးအပွားမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏”ဟု သင်တို့သည် မိမိတို့ကိုယ်တိုင်ပင် သိသောအခါ၌မူ ပယ်စွန့်ကုန်ရာ၏။

ကာလာမမင်းတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း။ တပ်မက်ခြင်း ‘လောဘ’သည် သတ္တဝါ၏ အတွင်း ‘အဇ္ဈတ္တ’ သန္တာန်၌ ဖြစ်သော် အစီးအပွားရှိခြင်းငှါ ဖြစ်သလော၊ (သို့မဟုတ်) အစီး အပွားမဲ့ခြင်းငှါ ဖြစ်သလောဟု (မိန့်တော်မူ၏)။ အစီးအပွားမဲ့ခြင်းငှါ ဖြစ်ပါသည် အသျှင်ဘုရား။ ကာလာမမင်းတို့ တပ်မက်သော ပုဂ္ဂိုလ်သည် တပ်မက်သော ‘လောဘ’ နှိပ်စက်အပ် သိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ သူ့အသက်ကိုလည်း သတ်၏၊ မပေးသည်ကိုလည်း ခိုးယူ၏၊ သူ့မယားကိုလည်း သွား လာ၏၊ မဟုတ်မမှန်သော စကားကိုလည်း ပြောဆို၏၊ သူတစ်ပါးကိုလည်း ထို အတိုင်းပြုရန် ဆောက် တည်စေ၏၊ ယင်းသူတစ်ပါးအသက်သတ်ခြင်း စသည်သည် ထိုသူအား ကြာမြင့်စွာသော ကာလပတ်လုံး အစီးအပွားမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်နိုင်သည် မဟုတ်လောဟု (မိန့်တော်မူ၏)။ ဖြစ်နိုင်ပါသည် အသျှင်ဘုရား။

ကာလာမမင်းတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း။ အမျက်ထွက်ခြင်း’ဒေါသ’သည် သတ္တဝါ၏ အတွင်း’အဇ္ဈတ္တ’သန္တာန်၌ ဖြစ်သော် အစီးအပွားရှိခြင်းငှါ ဖြစ်သလော၊ (သို့မဟုတ်) အစီး အပွားမဲ့ခြင်းငှါ ဖြစ်သလောဟု (မိန့်တော်မူ၏)။ အစီးအပွားမဲ့ခြင်းငှါ ဖြစ်ပါသည် အသျှင်ဘုရား။ ကာလာမမင်းတို့ အမျက်ထွက်သော ပုဂ္ဂိုလ်သည် အမျက်ထွက်ခြင်း ‘ဒေါသ’နှိပ်စက်အပ် သိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ သူ့အသက်ကိုလည်း သတ်၏၊ မပေးသည်ကိုလည်း ခိုးယူ၏၊ သူ့မယားကိုလည်း သွား လာ၏၊ မဟုတ်မမှန်သော စကားကိုလည်း ပြောဆို၏၊ သူတစ်ပါးကိုလည်း ထို အတိုင်းပြုရန် ဆောက် တည်စေ၏၊ ယင်းသူတစ်ပါးအသက်သတ်ခြင်း သတ်စေခြင်း စသည်သည် ထိုသူအား ကြာမြင့်စွာသော ကာလပတ်လုံး အစီးအပွားမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်နိုင်သည် မဟုတ်လောဟု (မိန့်တော်မူ၏)။ ဖြစ်နိုင် ပါသည် အသျှင်ဘုရား။

ကာလာမမင်းတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ တွေဝေခြင်း ‘မောဟ’သည် သတ္တဝါ၏ အတွင်း ‘အဇ္ဈတ္တ’ သန္တာန်၌ ဖြစ်သော် အစီးအပွားရှိခြင်းငှါ ဖြစ်သလော။ပ။ ဆင်းရဲခြင်းငှါ ဖြစ်နိုင်သည် မဟုတ်လောဟု (မိန့်တော်မူ၏)။ ဖြစ်နိုင်ပါသည် အသျှင်ဘုရား။

ကာလာမမင်းတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ဤတရားတို့သည် ကုသိုလ်တရားတို့လော၊ (သို့မဟုတ်) အကုသိုလ်တရားတို့လောဟု (မိန့်တော်မူ၏)။ အကုသိုလ်တရားတို့ ဖြစ်ပါသည်အသျှင်ဘုရား။ အပြစ်ရှိသော တရားတို့လော၊ (သို့မဟုတ်) အပြစ်မရှိသော တရားတို့လောဟု (မိန့်တော်မူ၏)။ အပြစ်ရှိသော တရားတို့ဖြစ်ပါသည် အသျှင်ဘုရား။ ပညာရှိတို့ ကဲ့ရဲ့အပ်သော တရား တို့လော၊ (သို့မဟုတ်) ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့လောဟု (မိန့်တော်မူ၏)။ ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့ ဖြစ်ပါသည် အသျှင်ဘုရား။ (ဤတရားတို့ကို) ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သော် အစီးအပွားမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်သလော၊ (သို့မဟုတ်) မဖြစ်ကုန်သလော။ ဤနေရာ၌ (သင်တို့စိတ်) အဘယ်သို့ ရှိသနည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား (ဤတရားတို့ကို) ပြည့်စုံစေအပ် ကောင်းစွာ ဆောက်တည်အပ်ကုန်သော် အစီးအပွါး မဲ့ခြင်းငှါ ဆင်းရြဲခင်းငှါ ဖြစ်ကုန်ပါ၏၊ ဤနေရာ၌ တပည့်တော်တို့၏ (စိတ်) ဤသို့ ရှိပါသည် အသျှင်ဘုရားဟု (လျှောက်ကုန်၏)။

“ကာလာမမင်းတို့ သင်တို့သည် ပြောသံကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ ့အစဉ်အဆက် စကားမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း မယူကုန်လင့်ဦး။ ပိဋကတ် (မိမိတို့ ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း မယူကုန် လင့်ဦး၊ ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး၊နည်းမှီးယူခြင်းမျှဖြင့်လည်း မယူကုန် လင့်ဦး၊ အခြင်းအရာကို ကြံစည်သော အားဖြင့်လည်း မယူကုန်လင့်ဦး၊ (ငါတို့) ကြံစည်နှစ်သက်၍ ယူထားသော အယူနှင့် တူညီပေသည်ဟူ၍လည်း မယူကုန်လင့်ဦး၊ မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း မယူကုန် လင့်ဦး၊ ငါတို့ လေးစားသော ရဟန်း၏ စကားဟူ၍လည်း မယူကုန်လင့်ဦး၊ ကာလာမမင်းတို့ ‘ဤတရား တို့ကား အကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း။ ဤတရားကို ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သည်ရှိသော် အစီးအပွားမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏’ဟု သင်တို့သည် မိမိတို့ကိုယ်တိုင်ပင် သိသော အခါ၌မူ ပယ်စွန့်ကုန်ရာ၏”ဟု ငါမိန့်ဆိုခဲ့သော စကားသည်ကား ဤသည်ကို စွဲ၍ မိန့်ဆိုသော စကားဖြစ်၏။

ကာလာမမင်းတို့ သင်တို့သည် ပြောသံကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ အစဉ်အဆက် စကားမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း မယူကုန်လင့်ဦး။ ပိဋကတ် (မိမိတို့ ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း မယူကုန် လင့်ဦး၊ ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး၊နည်းမှီးယူခြင်းမျှ ဖြင့်လည်း မယူကုန် လင့်ဦး၊ အခြင်းအရာကို ကြံစည်သော အားဖြင့်လည်း မယူကုန်လင့်ဦး၊ (ငါတို့) ကြံစည်နှစ်သက်၍ ယူထားသော အယူနှင့် တူညီပေသည်ဟူ၍လည်း မယူကုန်လင့်ဦး၊ မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ငါတို့ လေးစားရသော ရဟန်း၏ စကားဟူ၍လည်း မယူကုန်လင့်ဦး၊ ကာလာမမင်းတို့ ‘ဤတရားတို့ကား ကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်မရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့တည်း။ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည်အပ်ကုန်သည်ရှိသော် အစီးအပွားရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏’ဟု သင်တို့သည် မိမိတို့ ကိုယ်တိုင်ပင်လျှင် သိသောအခါ၌မူ ပြည့်စုံစေ၍ နေကုန်ရာ၏။

ကာလာမမင်းတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ မတပ်မက်ခြင်း ‘အလောဘ’သည် သတ္တဝါ၏ အတွင်း’အဇ္ဈတ္တ’သန္တာန်၌ ဖြစ်သော် အစီးအပွားရှိခြင်းငှါ ဖြစ်သလော၊ (သို့မဟုတ်) အစီး အပွားမဲ့ခြင်းငှါ ဖြစ်သလောဟု (မိန့်တော်မူ၏)။ အစီးအပွားရှိခြင်းငှါ ဖြစ်ပါသည် အသျှင်ဘုရား။ ကာလာမမင်းတို့ မတပ်မက်သော ပုဂ္ဂိုလ်သည် တပ်မက်ခြင်း ‘လော ဘ‘ မနှိပ်စက်အပ် မသိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ သူ့အသက်ကိုလည်း မသတ်၊ မပေးသည်ကိုလည်း မယူ၊ သူ့မယားကိုလည်း မသွား လာ၊ မဟုတ်မမှန်သော စကားကိုလည်း မပြောဆို၊ သူတစ်ပါးကိုလည်း ထို အတိုင်း (သူတစ်ပါး အသက် သတ်မှုစသည်) ပြုရန် မဆောက်တည်စေ၊ ယင်းသူတစ်ပါး အသက်မသတ်ခြင်းစသည်သည် ထိုသူအား ကြာမြင့်စွာသော ကာလပတ်လုံး အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်နိုင်သည် မဟုတ်လောဟု (မိန့်တော်မူ၏)။ ဖြစ်နိုင်ပါသည် အသျှင်ဘုရား။

ကာလာမမင်းတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ အမျက်မထွက်ခြင်း ‘အဒေါသ’သည် သတ္တဝါ၏ အတွင်း ‘အဇ္ဈတ္တ’သန္တာန်၌ဖြစ်သော်။ပ။ မတွေဝေခြင်း ‘အမောဟ’သည် သတ္တဝါ၏ အတွင်း ‘အဇ္ဈတ္တ’ သန္တာန်၌ဖြစ်သော်။ပ။ အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်နိုင်သည် မဟုတ်လောဟု (မိန့်တော်မူ၏)၊ ဖြစ်နိုင်ပါသည် အသျှင်ဘုရား။ ကာလာမမင်းတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန် သနည်း၊ ဤတရားတို့သည် ကုသိုလ်တရားတို့လော၊ (သို့မဟုတ်) အကုသိုလ်တရားတို့လောဟု (မိန့်တော်မူ၏)။ ကုသိုလ်တရားတို့ ဖြစ်ပါသည် အသျှင်ဘုရား။ အပြစ်ရှိသော တရားတို့လော၊ (သို့ဟုတ်) အပြစ်မရှိသော တရားတို့လောဟု (မိန့်တော်မူ၏)။ အပြစ်မရှိသော တရားတို့ ဖြစ်ပါသည့်အသျှင်ဘုရား။ ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့လော၊ (သို့မဟုတ်) ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့လောဟု (မိန့်တော်မူ၏)။ ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့ ဖြစ်ပါသည် အသျှင်ဘုရား။ (ဤတရားတို့ကို) ပြည့်စုံစေအပ် ကောင်းစွာ ဆောက်တည်အပ်ကုန်သော် အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်သလော၊ (သို့မဟုတ်) မဖြစ်ကုန်သလော၊ ဤနေရာ၌ (သင်တို့စိတ်) အဘယ်သို့ ရှိသနည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား (ဤတရားတို့ကို) ပြည့်စုံစေအပ် ကောင်းစွာ ဆောက်တည် အပ်ကုန်သော် အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပါကုန်၏၊ ဤနေရာ၌ တပည့်တော်တို့၏ (စိတ်) ဤသို့ရှိပါသည် အသျှင်ဘုရားဟု (လျှောက်ကုန်၏)။

“ကာလာမမင်းတို့ သင်တို့သည် ပြောသံကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန် လင့်ဦး၊ အစဉ်အဆက် စကားမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ပိဋကတ် (မိမိတို့ ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း မယူကုန်လင့်ဦး၊ ကြံဆတွေးတော၍ ယူခြင်းမျှလည်း မယူကုန်လင့်ဦး၊နည်းမှီးယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး၊ အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း မယူကုန်လင့်ဦး၊ (ငါတို့) ကြံစည် နှစ်သက်၍ ယူထားသော အယူနှင့် တူညီပေသည်ဟူ၍လည်း မယူကုန်လင့်ဦး၊ မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍လည်း မယူကုန်လင့်ဦး၊ ကာလာမမင်းတို့ ‘ဤတရားတို့ကား ကုသိုလ်တရားတို့တည်း။ ဤတရားတို့ကား အပြစ်မရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့တည်း၊ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက် တည်အပ်ကုန်သော် အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏’ဟု သင်တို့သည် မိမိတို့ကိုယ်တိုင်ပင် သိသောအခါ၌မူ ပြည့်စုံစေ၍ နေကုန်ရာ၏”ဟု ငါမိန့်ဆိုခဲ့သော စကားသည်ကား ဤသည်ကို စွဲ၍ မိန့်ဆိုအပ်သော စကားဖြစ်၏။

ကာလာမမင်းတို့ အရိယာတပည့်သည် ဤသို့ မက်မောခြင်း ‘အဘိဇ္ဈာ’ မှ ကင်းသည် ပျက်စီးစေ လိုခြင်း ‘ဗျာပါဒ’မှ ကင်းသည် တွေဝေခြင်းမရှိသည် ဆင်ခြင်တုံတရားရှိသည် သတိနှင့်ပြည့်စုံသည်ဖြစ်၍ မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက်အောက်ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိ သောကြောင့်ကြခြင်းမရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ ့နှံ့စေ၍ နေ၏။ သနားခြင်း ‘ကရုဏာ’ နှင့်ယှဉ်သော စိတ်ဖြင့်။ပ။ ဝမ်းမြောက်ခြင်း’မုဒိတာ’နှင့် ယှဉ်သော စိတ်ဖြင့်။ပ။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက်အောက်ဖီလာအလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသောကြောင့်ကြခြင်းမရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’နှင့်ယှဉ်သော စိတ်ဖြင့် ပျံ ့နှံ့စေ၍ နေ၏။

ကာလာမမင်းတို့ ဤသို့ ရန်ကင်းသောစိတ်ကြောင့်ကြကင်းသောစိတ် မညစ်ညူးသောစိတ် စင်ကြယ်သော စိတ်ရှိသော အရိယာတပည့်အား ယခုဘဝ၌ပင် ထောက်တည်ရာ လေးမျိုးတို့ကို ရအပ် ကုန်၏။ တမလွန်လောကသည် အကယ်၍ ရှိအံ့၊ ကောင်းစွာ ပြုအပ် မကောင်းသဖြင့် ပြုအပ်ကုန်သော ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးဆက် အကျိုးရင်းသည် အကယ်၍ ရှိအံ့၊ ထို့သို့ရှိခဲ့သော် ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရလိမ့်မည်ဟူသော ထောက်တည်ရာကို ရလေ၏၊ ဤသည်ကား ထို အရိယာတပည့်အား ရအပ်သော ပဌမ ထောက်တည်ရာပေတည်း။

တမလွန်လောကသည် အကယ်၍ မရှိအံ့၊ ကောင်းစွာ ပြုအပ်သော မကောင်းသဖြင့် ပြုအပ်ကုန်သော ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးဆက် အကျိုးရင်းသည် အကယ်၍ မရှိအံ့၊ ထို့သို့ မရှိခဲ့သော် ငါသည် မျက်မှောက်ဘဝ၌ပင် ရန်မရှိသောကြောင့်ကြမရှိသော ဆင်းရဲမရှိသော ချမ်းသာခြင်းရှိသော မိမိကိုယ်ကို ဆောင်ရပေ၏ဟူသော ထောက်တည်ရာကို ရလေ၏။ ဤသည်ကား ထို အရိယာ တပည့်အား ရအပ်သော ဒုတိယထောက်တည်ရာပေတည်း။

မကောင်းမှုကို ပြုခဲ့လျှင် ပြုသည် မည်အံ့၊ ငါသည် တစ်စုံတစ်ခုသော မကောင်းမှုကို အားမထုတ်ခဲ့၊ (မကောင်းမှု) မပြုသော ငါ့အား အကုသိုလ်ကံသည် အဘယ်မှာ ဆင်းရဲကို တွေ့ထိနိုင်စေ အံ့နည်းဟူသော ထောက်တည်ရာကို ရလေ၏။ ဤသည်ကား ထို အရိယာတပည့်အား ရအပ်သော တတိယ ထောက်တည်ရာ ပေတည်း။

မကောင်းမှုကို ပြုသော်လည်း ပြုသည် မမည်အံ့၊ ထိုသို့ ပြုသည် မမည်သော် ငါသည် (မကောင်းမှုကို မပြုခြင်း၊ ပြုသည် မမည်ခြင်းဟူသော) နှစ်ပါးစုံဖြင့်သာလျှင် စင်ကြယ်သော မိမိကိုယ်ကို ရှုမြင်ရပေ၏ဟူသော ထောက်တည်ရာကို ရလေ၏၊ ဤသည်ကား ထို အရိယာတပည့်အား ရအပ်သော စတုတ္ထထောက်တည်ရာပေတည်း။ ကာလာမမင်းတို့ ဤသို့ ရန်ကင်းသောစိတ်ကြောင့်ကြကင်းသောစိတ် မညစ်ညူးသောစိတ် စင်ကြယ်သော စိတ်ရှိသော ထို အရိယာတပည့်အား ယခုဘဝ၌ပင် ဤထောက်တည်ရာ လေးမျိုးတို့ကို ရအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရား ဤအတိုင်းပင် မှန်ပါပေ၏၊ မြတ်စွာဘုရား ဤအတိုင်းပင်ဟုတ်ပါပေ၏၊ ဤသို့ ရန်ကင်းသောစိတ်ကြောင့်ကြကင်းသောစိတ် မညစ်ညူးသောစိတ် စင်ကြယ်သော စိတ်ရှိသော ထို အရိယာ တပည့်အား ယခုဘဝ၌ပင် ထောက်တည်ရာ လေးမျိုးတို့ကို ရအပ်ပါကုန်၏။ တမလွန်လောကသည် အကယ်၍ ရှိအံ့၊ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးဆက် အကျိုးရင်းသည် အကယ်၍ ရှိအံ့၊ ထို့သို့ရှိခဲ့သော် ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရလိမ့်မည်ဟူသော သက်သာရာကို ရလေ၏၊ ဤသည်ကား ထို အရိယာတပည့်အား ရအပ်သော ပဌမထောက်တည်ရာပေတည်း။

တမလွန်လောကသည် အကယ်၍ မရှိအံ့၊ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးဆက် အကျိုးရင်းသည် အကယ်၍ မရှိအံ့၊ ထို့သို့ မရှိခဲ့သော် ငါသည် ယခုဘဝ၌ပင် ရန်မရှိသောကြောင့်ကြမရှိသော ဆင်းရဲမရှိသော ချမ်းသာခြင်းရှိသော မိမိကိုယ်ကို ဆောင်ရ၏ဟူသော ထောက်တည်ရာကို ရလေ၏။ ဤသည်ကား ထို အရိယာတပည့်အား ရအပ်သော ဒုတိယထောက်တည်ရာပေတည်း။

မကောင်းမှုကို ပြုခဲ့လျှင် ပြုသည်မည်အံ့၊ ငါသည် တစ်စုံတစ်ခုသော မကောင်းမှုကို အား မထုတ်ခဲ့၊ (မကောင်းမှု) မပြုသော ငါ့အား အကုသိုလ်ကံသည် အဘယ်မှာ ဆင်းရဲကို တွေ့ထိနိုင်စေအံ့နည်းဟူသော ထောက်တည်ရာကို ရလေ၏။ ဤသည်ကား ထို အရိယာတပည့်အား ရအပ်သော တတိယ ထောက်တည်ရာပေတည်း။

မကောင်းမှု ပြုသော်လည်း ပြုသည် မမည်အံ့၊ ထိုသို့ ပြုသည် မမည်သော် ငါသည် (မကောင်းမှုကို မပြုခြင်း၊ ပြုသည် မမည်ခြင်းဟူသော) နှစ်ပါးစုံဖြင့်သာလျှင် စင်ကြယ်သော မိမိကိုယ်ကို ရှုမြင်ရပေ၏ဟူသော ထောက်တည်ရာကို ရလေ၏။ ဤသည်ကား ထို အရိယာတပည့်အား ရအပ်သော စတုတ္ထ ထောက်တည်ရာပေတည်း။ အသျှင်ဘုရား ဤသို့ ရန်ကင်းသောစိတ်ကြောင့်ကြကင်းသောစိတ် မညစ်ညူးသောစိတ် စင်ကြယ်သော စိတ်ရှိသော ထို အရိယာတပည့်အား ယခုဘဝ၌ပင် ဤထောက်တည်ရာ လေးမျိုးတို့ကို ရအပ်ပါကုန်၏။

အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ပ။ အကျွန်ုပ်တို့သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ ကုန်၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏။ မြတ်စွာဘုရားသည် အကျွန်ုပ်တို့ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာတို့ဟု မှတ်တော်မူပါဟု (လျှောက်ကြကုန်၏)။

ပဉ္စမသုတ်။