အင်္ဂုတ္တရနိကာယ်
(၇) ၂-မဟာဝဂ်
၆-သာဠှသုတ်
၆၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ အသျှင်နန္ဒကမထေရ်သည် သာဝတ္ထိ ပြည် ပုဗ္ဗာရုံကျောင်း မိဂါရမာတာဝိသာခါ၏ ပြာသာဒ်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မိဂါရသူဌေး၏မြေး သာဠှနှင့် သေခုနိယ၏မြေး သာဏတို့သည် အသျှင်နန္ဒကမထေရ်ထံသို့ ချဉ်းကပ်၍ အသျှင်နန္ဒက မထေရ်ကို ရှိခိုးကြပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေကုန်၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော မိဂါရသူဌေး၏မြေး သာဠှအား အသျှင်နန္ဒကမထေရ်သည် ဤစကားကို ဆို၏—
သာဠှတို့ သင်တို့သည်—
ပြောသံကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
အစဉ်အဆက် စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
— ပိဋကတ် (မိမိတို့ ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
နည်းမှီးယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
— (ငါတို့) ကြံစည်နှစ်သက်၍ယူထားသော အယူနှင့် တူညီပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
ငါတို့ လေးစားသော ရဟန်း၏ စကားဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး။
သာဠှတို့ “ဤတရားတို့ကား အကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း၊ ဤတရားတို့ကို ပြည့်စုံ စေအပ် ဆောက်တည်အပ်ကုန်သည်ရှိသော် အစီးအပွါးမရှိခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏”ဟု သင်တို့သည် မိမိတို့ကိုယ်တိုင်ပင် သိသော အခါ၌မူ ပယ်စွန့်ကုန်ရာ၏။
သာဠှတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ လိုချင်တပ်မက်ခြင်း ‘လောဘ’ဟူသည် ရှိသလောဟု (မေး၏)။ ရှိပါသည် အသျှင်ဘုရား။ သာဠှတို့ ဤသဘောကို ‘အဘိဇ္ဈာ’ဟု ငါဆို၏။ သာဠှတို့ တပ်မက်သောသူသည် မက်မောခြင်း ‘အဘိဇ္ဈာ’ များသည် ဖြစ်၍ သူ့အသက်ကိုလည်း သတ်၏၊ မပေးသည်ကိုလည်း ယူ၏၊ သူတစ်ပါး သားမယားကိုလည်း သွားလာ၏၊ မဟုတ် မမှန်သော စကား ကိုလည်း ပြော၏၊ သူတစ်ပါးကိုလည်း ထို အတိုင်းပြုရန် ဆောက်တည်စေ၏၊ ယင်းသူ့အသက်သတ်ခြင်း စသည်သည် ထိုသူအား ကြာမြင့်စွာသော ကာလပတ်လုံး အစီးအပွါးမရှိခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်နိုင်သည် မဟုတ်လောဟု (မေး၏)။ ဖြစ်နိုင်ပါသည် အသျှင်ဘုရား။
သာဠှတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ အမျက်ထွက်ခြင်း ‘ဒေါသ’ဟူသည် ရှိသ့လောဟု (မေး၏)။ ရှိပါသည် အသျှင်ဘုရား။ သာဠှတို့ ဤသဘောကို ‘ဗျာပါဒ’ဟု ငါဆို၏။ သာဠှတို့ အမျက်ထွက်သော သူသည် ဖျက်ဆီးလိုသော စိတ်ရှိသည် ဖြစ်၍ သူ့အသက်ကိုလည်း သတ်၏၊ မပေးသည်ကိုလည်း ယူ၏၊ သူတစ်ပါး သားမယားကိုလည်း သွားလာ၏၊ မဟုတ် မမှန်သော စကားကိုလည်း ပြော၏၊ သူတစ်ပါးကိုလည်း ထို အတိုင်းပြုရန် ဆောက်တည်စေ၏၊ ယင်းသူ့အသက်သတ်ခြင်း စသည်သည် ထိုသူအား ကြာမြင့်စွာသော ကာလပတ်လုံး အစီးအပွါးမရှိခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်နိုင်သည် မဟုတ် လောဟု (မေး၏)။ ဖြစ်နိုင်ပါသည် အသျှင်ဘုရား။
သာဠှတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ တွေဝေခြင်း ‘မောဟ’ဟူသည် ရှိသလောဟု (မေး၏)။ ရှိပါသည် အသျှင်ဘုရား။ သာဠှတို့ ဤသဘောကို ‘အဝိဇ္ဇာ’ဟု ငါဆို၏။ သာဠှတို့ တွေဝေသူသည် အဝိဇ္ဇာနှင့် ပြည့်စုံသည်ဖြစ်၍ သူ့အသက်ကိုလည်း သတ်၏။ မပေးသည်ကိုလည်း ယူ၏၊ သူတစ်ပါး သားမယားကိုလည်း သွားလာ၏၊ မဟုတ်မမှန်သော စကားကိုလည်း ပြော၏၊ သူတစ်ပါးကိုလည်း ထို အတိုင်းပြုရန် ဆောက်တည်စေ၏၊ ယင်းသူ့အသက်သတ်ခြင်းစသည်သည် ထိုသူအား ကြာမြင့်စွာသော ကာလပတ်လုံး အစီးအပွါးမရှိခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်နိုင်သည် မဟုတ်လောဟု (မေး၏)။ ဖြစ်နိုင်ပါသည် အသျှင်ဘုရား။
သာဠှတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ဤတရားတို့သည် ကုသိုလ်တရားတို့လော၊ အကုသိုလ်တရားတို့လောဟု (မေး၏)။ အကုသိုလ်တရားတို့ပါ အသျှင်ဘုရား။ အပြစ်ရှိသော တရားတို့ လော၊ အပြစ်မရှိသော တရားတို့လောဟု (မေး၏)။ အပြစ်ရှိသော တရားတို့ပါ အသျှင်ဘုရား။ ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့လော၊ ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့လောဟု (မေး၏)။
ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့ပါ အသျှင်ဘုရား။ (ဤတရားတို့ကို) ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သော် အစီးအပွါးမရှိခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်သလော၊ သို့မဟုတ် မဖြစ်ကုန်သလော၊ ဤအရာ၌ (သင်တို့စိတ်) အဘယ်သို့ရှိသနည်းဟု (မေး၏)။ (ဤတရားတို့ကို) ပြည့်စုံစေအပ် ဆောက် တည်အပ်ကုန်သော် အစီးအပွါးမရှိခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ပါကုန်၏ အသျှင်ဘုရား၊ ဤအရာ၌ တပည့်တော်တို့၏ (စိတ်) ဤသို့ဖြစ်ပါသည် အသျှင်ဘုရားဟု (လျှောက်ကုန်၏)။
“သာဠှတို့ သင်တို့သည် ပြောသံကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ အစဉ်အဆက် စကားမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ပိဋကတ် (မိမိတို့ ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း မယူကုန် လင့်ဦး၊ ကြံဆ တွေးတော၍ ယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး၊နည်းမှီးယူခြင်းမျှဖြင့်လည်း မယူကုန် လင့်ဦး၊ အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း မယူကုန်လင့်ဦး၊ (ငါတို့) ကြံစည် နှစ်သက်၍ ယူထားသော အယူနှင့် တူညီပေသည်ဟူ၍လည်း မယူကုန်လင့်ဦး၊ မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍လည်း မယူကုန်လင့်ဦး။ ‘ဤတရားတို့ကား အကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း၊ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည်အပ်ကုန်သော် အစီး အပွါးမရှိခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏’ဟု သင်တို့သည် မိမိတို့ကိုယ်တိုင်ပင် သိသောအခါ၌မူ ပယ်စွန့် ကုန်ရာ၏”ဟု ဆိုခဲ့သော စကားသည် ဤသည်ကို စွဲ၍ ဆိုခဲ့သောစကား ဖြစ်၏။
“သာဠှတို့ သင်တို့သည် သူတစ်ပါး ပြောသံကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန် လင့်ဦး၊ အစဉ်အဆက် စကားမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ပိဋကတ် (မိမိတို့ ရှေးဟောင်းကျမ်း) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း မယူ ကုန်လင့်ဦး၊ ကြံဆတွေးတော၍ ယူခြင်းမျှလည်း မယူကုန်လင့်ဦး၊နည်းမှီးယူခြင်းဖြင့်လည်း မယူကုန် လင့်ဦး၊ အခြင်းအရာကို ကြံစည်သော အားဖြင့်လည်း မယူကုန်လင့်ဦး၊ (ငါတို့) ကြံစည် နှစ်သက်၍့ယူထားသော အယူနှင့် တူညီပေသည်ဟူ၍လည်း မယူကုန်လင့်ဦး၊ မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ငါတို့ လေးစားသော ရဟန်း၏ စကားဟူ၍လည်း မယူကုန်လင့်ဦး၊ ဤတရားတို့ကား ကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်မရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့တည်း၊ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည်အပ်ကုန်သော် အစီး အပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏”ဟု သင်တို့သည် မိမိတို့ကိုယ်တိုင်ပင် သိသောအခါ၌မူ ပြည့်စုံ စေ၍ နေကုန်ရာ၏။
သာဠှတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ မလိုချင်မတပ်မက်ခြင်း ‘အလောဘ’ဟူသည် ရှိသလောဟု (မေး၏)။ ရှိပါသည် အသျှင်ဘုရား။ သာဠှတို့ ဤသဘောကို ‘အနဘိဇ္ဈာ’ဟု ငါ ဆို၏။ သာဠှတို့ မတပ်မက်သောသူသည် မက်မောခြင်း ‘အဘိဇ္ဈာ’ မများသည် ဖြစ်၍ သူ့အသက်ကိုလည်း မသတ်၊ မပေးသည်ကိုလည်း မယူ၊ သူတစ်ပါးသားမယားကိုလည်း မသွားလာ၊ မဟုတ်မမှန်သော စကားကိုလည်း မပြော၊ သူတစ်ပါးကိုလည်း ထို အတိုင်း (သူ့အသက်သတ်မှုစသည်) ပြုရန် မဆောက် တည်စေ၊ ယင်းသူ့အသက်မသတ်ခြင်းစသည်သည် ကြာမြင့်စွာသော ကာလပတ်လုံး အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်နိုင်သည် မဟုတ်လောဟု (မေး၏)။ ဖြစ်နိုင်ပါသည် အသျှင်ဘုရား။
သာဠှတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ အမျက်မထွက်ခြင်း ‘အဒေါသ’တရားဟူသည် ရှိသလောဟု (မေး၏)။ ရှိပါသည် အသျှင်ဘုရား။ သာဠှတို့ ဤသဘောကို ‘အဗျာပါဒ’ဟု ငါဆို၏။ သာဠှတို့ အမျက်မထွက်သောသူသည် မဖျက်ဆီးလိုသော စိတ်ရှိသည် ဖြစ်၍ သူ့အသက်ကိုလည်း မသတ်၊ မပေးသည်ကိုလည်း မယူ၊ သူတစ်ပါးသားမယားကိုလည်း မသွားလာ၊ မဟုတ်မမှန်သော စကားကိုလည်း မပြော၊ သူတစ်ပါးကိုလည်း ထို အတိုင်း (သူ့အသက်သတ်မှုစသည်) ပြုရန် မဆောက် တည်စေ၊ ယင်းသူ့အသက်သတ်ခြင်းစသည်သည် ကြာမြင့်စွာသော ကာလပတ်လုံး အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်နိုင်သည် မဟုတ်လောဟု (မေး၏)။ ဖြစ်နိုင်ပါသည် အသျှင်ဘုရား။
သာဠှတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ မတွေဝေခြင်း ‘အမောဟ’တရားဟူသည် ရှိသလောဟု (မေး၏)။ ရှိပါသည် အသျှင်ဘုရား။ သာဠှတို့ ဤသဘောကို ‘ဝိဇ္ဇာ’ဟု ငါဆို၏။ သာဠှတို့ မတွေဝေသူသည် အသိဉာဏ်သို့ ရောက်သည် ဖြစ်၍ သူ့အသက်ကိုလည်း မသတ်၊ မပေးသည် ကိုလည်း မယူ၊ သူတစ်ပါးသားမယားကိုလည်း မသွားလာ၊ မဟုတ် မမှန်သော စကားကိုလည်း မပြော၊ သူတစ်ပါး ကိုလည်း ထို အတိုင်း (သူ့အသက်သတ်မှုစသည်) ပြုရန် မဆောက်တည်စေ၊ ယင်းသူ့အသက် မသတ်ခြင်း စသည်သည် ကြာမြင့်စွာသော ကာလပတ်လုံး အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်နိုင်သည် မဟုတ် လောဟု (မေး၏)။ ဖြစ်နိုင်ပါသည် အသျှင်ဘုရား။
သာဠှတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ဤတရားတို့သည် ကုသိုလ်တရားတို့လော၊ (သို့မဟုတ်) အကုသိုလ်တရားတို့လောဟု (မေး၏)။ ကုသိုလ်တရားတို့ပါ အသျှင်ဘုရား။ အပြစ်ရှိသော တရားတို့လော၊ (သို့မဟုတ်) အပြစ်မရှိသော တရားတို့လောဟု (မေး၏)။ အပြစ်မရှိသော တရားတို့ပါ အသျှင်ဘုရား။ ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့လော၊ (သို့မဟုတ်) ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့လောဟု (မေး၏)။ ပညာရှိတို့ ချီးမွမ်းသော တရားတို့ပါ အသျှင်ဘုရား။ (ဤတရားတို့ကို) ပြည့်စုံစေအပ် ဆောက်တည်အပ်ကုန်သော် အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပါကုန်သလော၊ (သို့မဟုတ်) မဖြစ်ပါကုန်သလော၊ ဤအရာ၌ (သင်တို့ စိတ်) အဘယ်သို့ ရှိသနည်းဟု (မေး၏)။
(ဤတရားတို့ကို) ပြည့်စုံစေအပ် ဆောက်တည်အပ်ကုန်သော် အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပါကုန်၏၊ အသျှင်ဘုရား ဤအရာ၌ အကျွန်ုပ်တို့၏ (စိတ်) ဤသို့ရှိပါသည် အသျှင်ဘုရားဟု (လျှောက်ကုန်၏)။
“သာဠှတို့ သင်တို့သည် ပြောသံကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ ့အစဉ်အဆက် စကားမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ပိဋကတ် (မိမိတို့ ရှေးဟောင်းကျမ်း) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း မယူကုန် လင့်ဦး၊ ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး၊နည်းမှီးယူခြင်းမျှဖြင့်လည်း မယူကုန် လင့်ဦး၊ အခြင်းအရာကို ကြံစည်သော အားဖြင့်လည်း မယူကုန်လင့်ဦး၊ (ငါတို့) ကြံစည်နှစ်သက်၍ ယူထားသော အယူနှင့် တူညီပေသည်ဟူ၍လည်း မယူကုန်လင့်ဦး၊ မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ငါတို့ လေးစားသော ရဟန်း၏ စကားဟူ၍လည်း မယူကုန်လင့်ဦး၊ သာဠှတို့ ‘ဤတရားတို့ကား ကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်မရှိသော တရားတို့တည်း၊ ဤတရားတို့ ကား ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့တည်း၊ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သော် အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏’ဟု သင်တို့သည် မိမိတို့ ကိုယ်တိုင်ပင် သိသောအခါ၌မူ ပြည့်စုံစေ၍ နေကုန်ရာ၏”ဟု ဆိုခဲ့သော စကားသည် ဤသည်ကိုစွဲ၍ ဆိုခဲ့သော စကား ဖြစ်ပေ၏။
သာဠှတို့ အရိယာတပည့်သည် ဤသို့ မက်မောခြင်း ‘အဘိဇ္ဈာ’မှ ကင်းသည် ပျက်စီးစေလိုခြင်း ‘ဗျာပါဒ’ မှ ကင်းသည် တွေဝေခြင်းမရှိသည် ဆင်ခြင်တုံတရားရှိသည် သတိနှင့် ပြည့်စုံသည် ဖြစ်၍ မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့်။ပ။ သနားခြင်း ‘ကရုဏာ’နှင့်ယှဉ်သော စိတ်ဖြင့်။ပ။ ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့်ယှဉ်သော စိတ်ဖြင့်။ပ။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’နှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ် မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက်အောက်ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တဝါအားလုံးကို မိမိနှင့်အတူ ပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’နှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ ထို အရိယာတပည့်သည် “ဤခန္ဓာငါးပါး ဒုက္ခတရားသည် ရှိ၏ဟု သိ၏၊ ယုတ်ညံ့သော (သမုဒယ)တရားသည် ရှိ၏ဟု သိ၏၊ မြတ်သော (မဂ်)တရားသည် ရှိ၏ဟု သိ၏၊ (ဝိပဿနာသညာဟု ဆိုအပ်သော) ဤသညာထက်လွန် မြတ်သော ထွက်မြောက်ရာ (နိဗ္ဗာန်)တရားသည် ရှိ၏”ဟု သိ၏။ ဤသို့ သိသော ထိုသူ၏ စိတ်သည် ကာမာသဝမှလည်း လွတ် မြောက်၏၊ ဘဝါသဝမှလည်း လွတ်မြောက်၏၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်၏၊ လွတ်မြောက်ပြီး လတ်သော် “လွတ်မြောက်ပြီ”ဟု အသိဉာဏ် ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ(မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏။
ထိုသူသည် ဤသို့ သိ၏— “ရှေးအခါ၌ လောဘဖြစ်ဖူး၏၊ ထို လောဘသည် အကုသိုလ်ဖြစ်၏၊ ထို လောဘအကုသိုလ်သည် ယခု (ငါ၌) မရှိ၊ ယင်းသို့ မရှိခြင်းသည် ကောင်း၏။ ရှေးအခါ၌ ဒေါသ ဖြစ်ဖူး၏။ပ။ ရှေးအခါ၌ မောဟဖြစ်ဖူး၏၊ ထို မောဟသည် အကုသိုလ်ဖြစ်၏၊ ထို မောဟ အကုသိုလ်သည် ယခု (ငါ၌) မရှိ၊ ယင်းသို့ မရှိခြင်းသည် ကောင်း၏” (ဟု သိလျက်) ထိုသူသည် မျက်မှောက်ဘဝ၌ (တဏှာ) မွတ်သိပ်ခြင်း မရှိသည် ဖြစ်၍ ငြိမ်းချမ်းအေးမြလျက် ချမ်းသာကို ခံစားကာ မြတ်သော အတ္တဘောဖြင့် နေလေသတည်းဟု (မိန့်ဆို၏)။
ဆဋ္ဌသုတ်။