အင်္ဂုတ္တရနိကာယ်

(၇) ၂-မဟာဝဂ်

၈-အညတိတ္ထိယသုတ်

၆၉။ ရဟန်းတို့ သာသနာတော်မှ တစ်ပါးသော အယူရှိသော ပရိဗိုဇ်တို့သည် ဤသို့ မေးကုန်ငြားအံ့— “ငါ့သျှင်တို့တရားတို့သည် ဤသုံးမျိုးတို့တည်း၊ အဘယ်သုံးမျိုးတို့နည်းဟူမူ— တပ်မက်ခြင်း ‘ရာဂ’၊ အမျက်ထွက်ခြင်း ‘ဒေါသ’၊ တွေဝေခြင်း ‘မောဟ’တို့တည်း။ ငါ့သျှင်တို့တရားတို့သည် ဤသုံးမျိုးတို့ပေတည်း။ ငါ့သျှင်တို့ ဤတရားသုံးမျိုးတို့၏ ထူးခြားမှုကား အဘယ်နည်း၊ ပယောဂ လွန်ကဲမှုကား အဘယ်နည်း၊ ကွဲပြားခြားနားမှုကား အဘယ်နည်းဟု (မေးကုန်ငြားအံ့)။ ဤသို့ မေးအပ့်ကုန်သော် ရဟန်းတို့ သင်တို့သည် သာသနာတော်မှ တစ်ပါးသော အယူရှိသော ထို ပရိဗိုဇ်တို့အား အဘယ်သို့ ဖြေဆိုကုန်မည်နည်း”ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားတရားတော်တို့သည် အကျွန်ုပ်တို့ အား မြတ်စွာဘုရားလျှင် အကြောင်းရင်းရှိပါကုန်၏၊ မြတ်စွာဘုရားလျှင် ရှေ့ဆောင်ပုဂ္ဂိုလ် ရှိပါကုန်၏၊ မြတ်စွာဘုရားလျှင် သက်ဝင်ရာရှိပါကုန်၏။ အသျှင်ဘုရား တောင်းပန်ပါကုန်၏၊ ဟောကြားအပ်သော ထိုတရား၏ အနက်အဓိပ္ပါယ်ကို မြတ်စွာဘုရားသည်သာလျှင် ဝေဖန် ဟောကြားတော်မူပါ၊ မြတ်စွာဘုရားထံမှ ကြားနာကြရ၍ ရဟန်းတို့သည် ဆောင်ထားကြပါကုန်လတ္တံ့ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ သို့ဖြစ်လျှင် နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောကြားပေအံ့ဟု (မိန့်တော်မူ၏)။ ရဟန်းတို့သည် “အသျှင်ဘုရား ကောင်းပါပြီ”ဟု မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

ရဟန်းတို့ သာသနာတော်မှ တစ်ပါးသော အယူရှိသော ပရိဗိုဇ်တို့သည် ဤသို့ မေးကုန်ငြားအံ့ “ငါ့သျှင်တို့တရားတို့သည် ဤသုံးမျိုးတို့တည်း၊ အဘယ်သုံးမျိုးတို့နည်းဟူမူ— တပ်မက်ခြင်း ‘ရာဂ’၊ အမျက်ထွက်ခြင်း ‘ဒေါသ’၊ တွေဝေခြင်း ‘မောဟ’တို့တည်း။ ငါ့သျှင်တို့တရားတို့သည် ဤသုံးမျိုးတို့ ပေတည်း။ ငါ့သျှင်တို့ ဤတရားသုံးမျိုးတို့၏ ထူးခြားမှုကား အဘယ်ပါနည်း၊ ပယောဂလွန်ကဲမှုကား အဘယ်ပါနည်း၊ ကွဲပြား ခြားနားမှုကား အဘယ်ပါနည်း”ဟု မေးကုန်ငြားအံ့။ ဤသို့မေးအပ်ကုန်သော် ရဟန်းတို့ သင်တို့သည် သာသနာတော်မှ တစ်ပါးသော အယူရှိသော ထို ပရိဗိုဇ်တို့အား ဤသို့ ဖြေဆိုကြ ကုန်လော့ “ငါ့သျှင်တို့ ရာဂသည် အပြစ်နည်း၏၊ ဖြည်းဖြည်း ကင်းပျောက်၏၊ ဒေါသသည် အပြစ်ကြီး၏၊ မြန်မြန် ကင်းပျောက်၏၊ မောဟသည် အပြစ်ကြီး၏၊ ဖြည်းဖြည်း ကင်းပျောက်၏”ဟု (ဖြေဆိုကြ ကုန်လော့)။

ငါ့သျှင်တို့ မဖြစ်ပေါ်သေးသောရာဂ ဖြစ်ပေါ်ရန်သော်လည်းကောင်း၊ ဖြစ်ပေါ်ပြီးသောရာဂ တိုးပွါး ပြန့်ပြောရန်သော်လည်းကောင်း အကြောင်းအထောက်အပံ့ကား အဘယ်နည်းဟု အကယ်၍ မေးခဲ့လျှင် “တင့်တယ်သော အာရုံ ‘သုဘနိမိတ်’တည်း”ဟု ဖြေဆိုရာ၏။ တင့်တယ်သော အာရုံ ‘သုဘနိမိတ်’ ကို မသင့်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်ပေါ်သေးသော ရာဂသည်လည်း ဖြစ်ပေါ်၏၊ ဖြစ်ပေါ်ပြီးသော ရာဂသည်လည်း တိုးပွါး ပြန့်ပြောရန် ဖြစ်၏။ ငါ့သျှင်တို့ ဤသည်ကား မဖြစ်ပေါ်သေးသောရာဂ ဖြစ်ပေါ်ရန်သော်လည်းကောင်း၊ ဖြစ်ပေါ်ပြီးသော ရာဂတိုးပွါးပြန့်ပြောရန်သော်လည်းကောင်း အကြောင်း အထောက်အပံ့ပေတည်းဟု ဖြေဆိုရာ၏။

ငါ့သျှင်တို့ မဖြစ်ပေါ်သေးသောဒေါသ ဖြစ်ပေါ်ရန်သော်လည်းကောင်း၊ ဖြစ်ပေါ်ပြီးသော ဒေါသ တိုးပွါးပြန့်ပြောရန်သော်လည်းကောင်း အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်းဟု အကယ်၍ မေးခဲ့ လျှင် “ဒေါသဖြစ်ကြောင်း အာရုံ ‘ပဋိဃနိမိတ်’တည်း”ဟု ဖြေဆိုရာ၏။ ဒေါသဖြစ်ကြောင်း အာရုံ ‘ပဋိဃနိမိတ်’ ကို မသင့်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်ပေါ်သေးသော ဒေါသသည်လည်း ဖြစ်ပေါ်၏၊ ဖြစ်ပေါ်ပြီးသော ဒေါသသည်လည်း တိုးပွါးပြန့်ပြောရန် ဖြစ်၏။ ငါ့သျှင်တို့ ဤသည်ကား မဖြစ်ပေါ်သေးသောဒေါသ ဖြစ်ပေါ်ရန်သော်လည်းကောင်း၊ ဖြစ်ပေါ်ပြီးသောဒေါသ တိုးပွါးပြန့်ပြောရန်သော်လည်းကောင်း အကြောင်းအထောက်အပံ့ပေတည်းဟု ဖြေဆိုရာ၏။

ငါ့သျှင်တို့ မဖြစ်ပေါ်သေးသောမောဟ ဖြစ်ပေါ်ရန်သော်လည်းကောင်း၊ ဖြစ်ပေါ်ပြီးသောမောဟ တိုးပွါးပြန့်ပြောရန်သော်လည်းကောင်း အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်းဟု အကယ်၍ မေးခဲ့ လျှင် “မသင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်း ‘အယောနိသော မနသိကာရ’တည်း”ဟု ဖြေဆိုရာ၏။ (အာရုံဟူသမျှကို) မသင့်လျော်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်ပေါ်သေးသော မောဟသည်လည်း ဖြစ်ပေါ်၏၊ ဖြစ်ပေါ်ပြီးသော မောဟသည်လည်း တိုးပွါး ပြန့်ပြောရန် ဖြစ်၏။ ငါ့သျှင်တို့ ဤသည်ကား မဖြစ်ပေါ်သေးသော မောဟဖြစ်ပေါ်ရန်သော်လည်းကောင်း၊ ဖြစ်ပေါ်ပြီးသော မောဟ တိုးပွါးပြန့်ပြောရန့်သော်လည်းကောင်း အကြောင်းအထောက်အပံ့ပေတည်းဟု ဖြေဆိုရာ၏။

ငါ့သျှင်တို့ မဖြစ်ပေါ်သေးသောရာဂ မဖြစ်ပေါ်ရန်သော်လည်းကောင်း၊ ဖြစ်ပေါ်ပြီးသောရာဂ ပျောက် ကင်းရန် သော်လည်းကောင်း အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်းဟု အကယ်၍ မေးခဲ့လျှင် “မတင့်တယ်သော အာရုံ ‘အသုဘနိမိတ်’တည်း”ဟု ဖြေဆိုရာ၏။ မတင့်တယ်သော အာရုံ အသုဘ နိမိတ်ကို သင့်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်ပေါ်သေးသော ရာဂသည်လည်း မဖြစ်ပေါ်၊ ဖြစ်ပေါ် ပြီးသော ရာဂသည်လည်း ပျောက်ကင်း၏။ ငါ့သျှင်တို့ ဤသည်ကား မဖြစ်ပေါ်သေးသောရာဂ မဖြစ်ပေါ်ရန်သော်လည်းကောင်း၊ ဖြစ်ပေါ်ပြီးသောရာဂ ပျောက်ကင်းရန်သော်လည်းကောင်း အကြောင်းအထောက် အပံ့တည်းဟု ဖြေဆိုရာ၏။

ငါ့သျှင်တို့ မဖြစ်ပေါ်သေးသောဒေါသ မဖြစ်ပေါ်ရန်သော်လည်းကောင်း၊ ဖြစ်ပေါ်ပြီးသောဒေါသ ပျောက်ကင်းရန်သော်လည်းကောင်း အကြောင်းအထောက်အပံ့ကား အဘယ်နည်းဟု အကယ်၍ မေးခဲ့လျှင် “စိတ်၏ (ဗျာပါဒမှ) လွတ်မြောက်ကြောင်း မေတ္တာတည်း”ဟု ဖြေဆိုရာ၏။ စိတ်၏ (ဗျာပါဒမှ) လွတ် မြောက်ကြောင်း မေတ္တာကို သင့်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်ပေါ်သေးသော ဒေါသသည်လည်း မဖြစ်ပေါ်၊ ဖြစ်ပေါ်ပြီးသော ဒေါသသည်လည်း ပျောက်ကင်း၏။ ငါ့သျှင်တို့ ဤသည်ကား မဖြစ်ပေါ်သေးသော ဒေါသမဖြစ်ပေါ်ရန်သော်လည်းကောင်း၊ ဖြစ်ပေါ်ပြီးသော ဒေါသပျောက်ကင်းရန်သော်လည်းကောင်း အကြောင်းအထောက်အပံ့ပေတည်းဟု ဖြေဆိုရာ၏။

ငါ့သျှင်တို့ မဖြစ်ပေါ်သေးသောမောဟ မဖြစ်ပေါ်ရန်သော်လည်းကောင်း၊ ဖြစ်ပေါ်ပြီးသောမောဟ ပျောက်ကင်းရန်သော်လည်းကောင်း အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်းဟု အကယ်၍ မေးခဲ့ လျှင် “သင့်သော အားဖြင့် နှလုံးသွင်းခြင်း ‘ယောနိသော မနသိကာရ’တည်း”ဟု ဖြေဆိုရာ၏။ (အာရုံဟူသမျှကို) သင့်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်ပေါ်သေးသော မောဟသည်လည်း မဖြစ်ပေါ်၊ ဖြစ်ပေါ်ပြီးသော မောဟသည်လည်း ပျောက်ကင်း၏။ ငါ့သျှင်တို့ ဤသည်ကား မဖြစ်ပေါ်သေးသော မောဟမဖြစ်ပေါ်ရန်သော်လည်းကောင်း၊ ဖြစ်ပေါ်ပြီးသော မောဟပျောက်ကင်းရန်သော်လည်းကောင်း အကြောင်းအထောက်အပံ့ပေတည်းဟု ဖြေဆိုရာသတည်း။

အဋ္ဌမသုတ်။