အင်္ဂုတ္တရနိကာယ်

(၇) ၂-မဟာဝဂ်

၁ဝ-ဥပေါသထသုတ်

၇၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် မိဂါရမာတာဝိသာခါ၏ ပြာသာဒ်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မိဂါရမာတာဝိသာခါသည် ထို ဥပုသ်နေ့၌ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော မိဂါရမာတာ ဝိသာခါအား မြတ်စွာဘုရားသည် “ဝိသာခါ နေမွန်းတည့် အခါကြီး၌ သင် အဘယ်မှ လာခဲ့သနည်း”ဟု မိန့်တော်မူ၏။ အသျှင်ဘုရား ယနေ့ဥပုသ်နေ့ပါတည်း၊ တပည့်တော် ဥပုသ် ကျင့်သုံးပါ၏ဟု (လျှောက်၏)။

ဝိသာခါ ဥပုသ်တို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ— နွားကျောင်းသား ‘ဂေါပါလ’ ဥပုသ်၊ တက္ကတွန်း ‘နိဂဏ္ဌ’ ဥပုသ်၊ အရိယာဥပုသ်တို့တည်း။ ဝိသာခါ နွားကျောင်းသား ဥပုသ်သည် အဘယ်သို့ ဖြစ်သနည်း၊ ဝိသာခါ နွားကျောင်းသားသည် ညနေချမ်းအခါ၌ နွားရှင်တို့အား နွားတို့ကို အပ်နှင်း၍ “ယနေ့ နွားတို့သည် ဤမည် ဤမည်သော အရပ်၌ ကျက်စားခဲ့ကြကုန်၏၊ ဤမည် ဤမည်သော အရပ်၌ ရေသောက်ခဲ့ကြကုန်၏၊ နက်ဖြန် နွားတို့သည် ဤမည် ဤမည်သော အရပ်၌ ကျက်စားရကုန်လတ္တံ့၊ ဤမည် ဤမည်သော အရပ်၌ ရေသောက်ရကုန်လတ္တံ့”ဟု ဆင်ခြင်သကဲ့သို့၊ အချို့သော ဥပုသ်သည်သည် “ယနေ့ ငါသည် ဤမည် ဤမည်သော ခဲဖွယ်ကို ခဲခဲ့၏၊ ဤမည် ဤမည် သော စားဖွယ်ကို စားခဲ့၏၊ နက်ဖြန် ငါသည် ဤမည် ဤမည်သော ခဲဖွယ်ကို ခဲရလတ္တံ့၊ ဤမည် ဤမည်သော စားဖွယ်ကို စားရလတ္တံ့”ဟု ဆင်ခြင်၏။ ထိုသူသည် ထို မက်မောခြင်း ‘အဘိဇ္ဈာ’ နှင့် တကွသော စိတ်ဖြင့် နေ့ကို ကုန်လွန်စေ၏၊ ဝိသာခါ နွားကျောင်းသား ဥပုသ်သည် ဤသို့ ဖြစ်၏။ ဝိသာခါ ဤသို့ ကျင့်သုံးအပ်သော နွားကျောင်းသားဥပုသ်သည် ကြီးမြတ်သော အကျိုး မရှိ၊ ကြီးမြတ် သော အာနိသင် မရှိ၊ ကြီးမြတ်သော အရောင်အလင်း မရှိ၊ ကြီးမြတ်သော ပျံ ့နှံ့ခြင်း မရှိ။ (၁)

ဝိသာခါ တက္ကတွန်းဥပုသ်သည် အဘယ်သို့ ဖြစ်သနည်း၊ ဝိသာခါ တက္ကတွန်း ရဟန်းတို့ မည်သည် ရှိကုန်၏၊ ထိုသူတို့သည် တပည့်ကို “အမောင်ယောကျာ်း သင်သည် အရှေ့အရပ် ယူဇနာတစ်ရာ အပြင်ဘက်ရှိ သတ္တဝါတို့၌ လက်နက်ကို ချထားလော့၁၊ အနောက်အရပ် ယူဇနာတစ်ရာ အပြင်ဘက်ရှိ သတ္တဝါတို့၌ လက်နက်ကို ချထားလော့၊ မြောက်အရပ် ယူဇနာတစ်ရာ အပြင်ဘက်ရှိ သတ္တဝါတို့၌ လက်နက်ကို ချထားလော့၊ တောင်အရပ် ယူဇနာတစ်ရာ အပြင်ဘက်ရှိ သတ္တဝါတို့၌ လက်နက်ကို ချထားလော့”ဟု ဆောက်တည်စေကုန်၏။ ဤသို့လျှင် အချို့သော သတ္တဝါတို့ကို သနားခြင်း စောင့်ရှောက်ခြင်းငှါ ဆောက်တည်စေကုန်၏။ အချို့သော သတ္တဝါတို့ကို မသနားခြင်း့မစောင့်ရှောက်ခြင်းငှါ ဆောက်တည်စေကုန်၏။ ထိုသူတို့သည် ဥပုသ်နေ့၌ တပည့်ကို “အမောင်ယောကျာ်း သင်သည် အဝတ် အားလုံးကို ချွတ်ချပြီးလျှင် ဤသို့ ဆိုလော့ “ငါသည် တစ်စုံတစ်ခုသော အရပ် တစ်စုံတစ်ခုသော အခါဝယ် တစ်စုံတစ်ယောက်သော သူအတွက်ကြောင့်ကြမှု မဖြစ်” ငါ၏ အတွင်း အပသန္တာန်ဝယ် တစ်စုံ တစ်ခုသော ပရိက္ခရာ၌သော်လည်းကြောင့်ကြမှု မရှိ”ဟု ဆိုလော့ဟူ၍ ဆောက်တည်စေကုန်၏။ ဤသို့ပင် ဆောက်တည်စေသော်လည်း ထိုသူ၏ အမိ အဖတို့သည် “ဤသူကား ငါတို့၏သားတည်း”ဟု သိကုန်၏၊ ထိုသူကလည်း “ဤသူတို့ကား ငါ၏ အမိ အဖတို့တည်း”ဟု သိ၏။ ထိုသူ၏ သား မယား တို့သည်လည်း “ဤသူကား ငါတို့ကို လုပ်ကျွေးသူ အရှင်လင်တည်း”ဟု သိကုန်၏၊ ထိုသူကလည်း “ဤသူကား ငါ၏ သား မယားတည်း”ဟု သိ၏၊ ထိုသူ၏ ကျွန်အလုပ်သမား ယောကျာ်းတို့သည်လည်း “ဤသူကား ငါတို့၏ သခင်တည်း”ဟု သိကုန်၏။ ထိုသူကလည်း “ဤသူတို့ကား ငါ၏ ကျွန် အလုပ်သမား ယောကျာ်းတို့တည်း”ဟု သိ၏။ ဤသို့လျှင် အမှန်တရားကို ဆောက်တည်စေရာ အခါ၌ပင် မမှန်သော စကားဆိုခြင်းကို ဆောက်တည်စေသည် မည်ကုန်၏၊ ထိုသူ၏ ဤသို့ ဆောက်တည်ခြင်းကို ‘မမှန်သော စကားဆိုခြင်း’ဟု ငါဆို၏။ ထိုသူသည် ထို ညဉ့်လွန်သဖြင့် စည်းစိမ်တို့ကို မပေးဘဲသာလျှင် သုံးဆောင်၏၊ ထိုသူ၏ ဤသို့ သုံးဆောင်ခြင်းကို မပေးသည်ကို ယူခြင်းဟု ငါဆို၏။ ဝိသာခါ တက္ကတွန်း ဥပုသ်သည် ဤသို့ ဖြစ်၏၊ ဝိသာခါ ဤသို့ ကျင့်သုံးအပ်သော တက္ကတွန်းဥပုသ်သည် ကြီးမြတ်သော အကျိုး မရှိ၊ ကြီးမြတ်သော အာနိသင် မရှိ၊ ကြီးမြတ်သော အရောင်အလင်း မရှိ၊ ကြီးမြတ်သော ပျံ ့နှံ့ခြင်း မရှိ။ (၂)

ဝိသာခါ အရိယာဥပုသ်သည် အဘယ်သို့ ဖြစ်သနည်း၊ ဝိသာခါ ညစ်ညူးသော စိတ်ကို လုံ့လ ပြုသဖြင့် ဖြူစင်စေနိုင်ခြင်းတည်း။ ဝိသာခါ ညစ်ညူးသော စိတ်ကို လုံ့လပြုသဖြင့် အဘယ်သို့ ဖြူစင် စေသနည်း၊ ဝိသာခါ အရိယာတပည့်သည် မြတ်စွာဘုရား၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့၏— “ထို မြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း လောကဝိဒူ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း အနုတ္တရော ပုရိသဒမ္မသာရထိ မည်တော်မူ၏၊ နတ် လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏”ဟု မြတ်စွာဘုရား၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့၏။ မြတ်စွာဘုရား၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ သော ထိုသူ၏ စိတ်သည် ကြည်လင်၏၊ ဝမ်းမြောက်ခြင်း ဖြစ်၏၊ စိတ်၏ညစ်ညူးကြောင်း ကိလေသာ တို့သည် ပျောက်ကင်းကုန်၏။ ဝိသာခါ ညစ်နွမ်းသော ဦးခေါင်းကို လုံ့လပြုသဖြင့် ဖြူစင်စေ သကဲ့သို့တည်း။

ဝိသာခါ ညစ်နွမ်းသော ဦးခေါင်းကို လုံ့လပြုသဖြင့် အဘယ်သို့ ဖြူစင်စေသနည်း၊ သျှိသျှားမှုန့် ကိုလည်းကောင်း၊ မြေညက်ကိုလည်းကောင်း၊ ရေကိုလည်းကောင်း၊ ထို အားလျော်သော လုံ့လကိုလည်းကောင်း အစွဲပြု၍ ဖြူစင်စေ၏၊ ဝိသာခါ ညစ်နွမ်းသော ဦးခေါင်းကို လုံ့လပြုသဖြင့် ဤသို့ ဖြူစင်စေ၏၊ ဝိသာခါ ဤအတူသာလျှင် ညစ်ညူးသော စိတ်ကို လုံ့လပြုသဖြင့် ဖြူစင်စေ၏။ ဝိသာခါ ညစ်ညူးသော စိတ်ကို လုံ့လပြုသဖြင့် အဘယ်သို့ ဖြူစင်စေသနည်း၊ ဝိသာခါ အရိယာတပည့်သည် မြတ်စွာဘုရား၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့၏ “ထို မြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူ သော အကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း လောကဝိဒူ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း အနုတ္တရောပုရိသဒမ္မသာရထိ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာ ဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးတရား တို့ကို) သိတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏”ဟု (မြတ်စွာဘုရား၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့၏)။ မြတ်စွာဘုရား၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့သော ထိုသူ၏ စိတ်သည် ကြည်လင်၏၊ ဝမ်းမြောက်ခြင်း ဖြစ်၏၊ စိတ်ညစ်ညူးကြောင်း ကိလေသာတို့သည် ပျောက်ကင်းကုန်၏။ ဝိသာခါ ဤအရိယာတပည့်ကို ဗြဟ္မာဥပုသ်ကို ကျင့်သုံးသူ၊ မြတ်စွာဘုရားနှင့် အတူနေရသူ၊ မြတ်စွာဘုရားကို အာရုံပြု၍ စိတ်ကြည်လင်သူ၊ ဝမ်းမြောက်သူ၊ စိတ်ညစ်ညူးကြောင်း ကိလေသာ ပျောက်ကင်းသူဟု ဆိုအပ်၏၊ ဝိသာခါ ညစ်ညူးသော စိတ်ကို လုံ့လပြုသဖြင့် ဤသို့ ဖြူစင်စေနိုင်၏။ (၃—က)

ဝိသာခါ ညစ်ညူးသော စိတ်ကို လုံ့လပြုသဖြင့် ဖြူစင်စေနိုင်၏။ ဝိသာခါ ညစ်ညူးသော စိတ်ကို အဘယ်သို့ ဖြူစင်စေနိုင်သနည်း၊ ဝိသာခါ အရိယာတပည့်သည်တရားတော်၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့၏ “တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားသော တရားတော်ပါပေတည်း၊ ကိုယ်တိုင် သိမြင်နိုင်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးပေးသော တရားတော်ပါပေတည်း၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်သော တရားတော်ပါပေတည်း၊ မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူ ထားထိုက်သော တရားတော်ပါပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင်ခံ စားနိုင်သော တရားတော်ပါပေတည်း”ဟုတရားတော်၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့၏။ တရားတော်၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့သော ထိုသူ၏ စိတ်သည် ကြည်လင်၏၊ ဝမ်းမြောက်ခြင်း ဖြစ်၏၊ စိတ်ညစ်ညူးကြောင်း ကိလေသာတို့သည် ပျောက်ကင်းကုန်၏၊ ဝိသာခါ ညစ်ညူးသော ကိုယ်ကို လုံ့လပြု သဖြင့် ဖြူစင်စေနိုင်သကဲ့သို့တည်း။

ဝိသာခါ ညစ်နွမ်းသော ကိုယ်ကို လုံ့လပြုသဖြင့် အဘယ်သို့ ဖြူစင်စေနိုင်သနည်း၊ ကျောက်မှုန့်နှင့် ချိတ် ရောစပ်၍ ပြုအပ်သော ကြေးတွန်းရန် ဝတ္ထုကိုလည်းကောင်း၊ ရေချိုးကသယ်မှုန့်ကိုလည်းကောင်း၊ ရေကိုလည်းကောင်း၊ ထို အားလျော်သော လုံ့လကိုလည်းကောင်း အစွဲပြု၍ ဖြူစင်စေနိုင်၏။ ဝိသာခါ ညစ်နွမ်းသော ကိုယ်ကို လုံ့လပြုသဖြင့် ဤသို့ ဖြူစင်စေနိုင်၏။ ဝိသာခါ ဤအတူသာလျှင် ညစ်ညူးသော စိတ်ကို လုံ့လပြုသဖြင့် အဘယ်သို့ ဖြူစင်စေနိုင်သနည်း၊ ဝိသာခါ အရိယာတပည့်သည်တရားတော်၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့၏— “တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားတော်မူ သော တရားတော်ပါပေတည်း၊ ကိုယ်တိုင် သိမြင်နိုင်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးကို ပေးနိုင်သော တရားတော်ပါပေတည်း၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်သော တရားတော်ပါပေတည်း၊ မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်သော တရားတော်ပါပေတည်း”ဟုတရားတော်၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့၏။ တရားတော်၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့သော ထို ပုဂ္ဂိုလ်၏စိတ်သည် ကြည်လင်၏၊ ဝမ်းမြောက်ခြင်း ဖြစ်၏၊ စိတ်ညစ်ညူးကြောင်း ကိလေသာတို့သည် ပျောက်ကင်းကုန်၏။ ဝိသာခါ ဤအရိယာတပည့်ကို ဓမ္မဥပုသ်ကို ကျင့်သုံးသူ၊ တရားတော်နှင့်အတူနေသူ၊ ့တရားတော်ကို အာရုံပြု၍ စိတ်ကြည်လင်သူ၊ ဝမ်းမြောက်သူ၊ စိတ်ညစ်ညူးကြောင်း ကိလေသာပျောက်ကင်းသူဟု ဆိုအပ်၏။ ဝိသာခါ ညစ်ညူးသော စိတ်ကို လုံ့လပြုသဖြင့် ဤသို့ ဖြူစင်စေနိုင်၏။ (၃—ခ)

ဝိသာခါ ညစ်ညူးသော စိတ်ကို လုံ့လပြုသဖြင့် ဖြူစင်စေနိုင်၏။ ဝိသာခါ ညစ်ညူးသောစိတ်ကို လုံ့လပြုသဖြင့် အဘယ်သို့ ဖြူစင်စေနိုင်သနည်း၊ ဝိသာခါ အရိယာတပည့်သည် သံဃာတော်၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့၏ “မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ကောင်းသော အကျင့်ရှိ တော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ဖြောင့်မတ်သော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် မှန်ကန်သော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် လျော်ကန်သော အကျင့်ရှိတော်မူပါပေ၏၊ အစုံအားဖြင့် လေးစုံ, ပုဂ္ဂိုလ် အားဖြင့် ရှစ်ပါးအရေအတွက်ရှိသော ဤမြတ်စွာဘုရား၏တပည့်သား သံဃာတော်သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်ပါပေ၏၊ ဧည့်သည်တို့ အလို့ငှါ စီမံထားသော ဝတ္ထုကို သော်လည်း ခံထိုက်ပါပေ၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံတော်မူထိုက်ပါပေ၏၊ လက်အုပ် ချီခြင်းငှါ ထိုက်ပါပေ၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်တော်မူပါပေ၏”ဟု သံဃာတော်၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့၏၊ သံဃာတော်၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ သော ထိုသူ၏ စိတ်သည် ကြည်လင်၏၊ ဝမ်းမြောက်ခြင်း ဖြစ်၏၊ စိတ်၏ ညစ်ညူးကြောင်း ကိလေသာ တို့ ပျောက်ကင်းကုန်၏၊ ဝိသာခါ ညစ်နွမ်းသော အဝတ်ကို လုံ့လပြုသဖြင့် ဖြူစင်စေနိုင်သကဲ့သို့တည်း။

ဝိသာခါ ညစ်နွမ်းသော အဝတ်ကို လုံ့လပြုသဖြင့် အဘယ်သို့ ဖြူစင်စေနိုင်သနည်း၊ မီးဖြင့် ပေါင်းအပ်သော အငွေ့ကိုလည်းကောင်း၊ ဆပ်ပြာကိုလည်းကောင်း၊ နွားချေးကိုလည်းကောင်း၊ ရေကိုလည်းကောင်း၊ ထို အားလျော်သော လုံ့လကိုလည်းကောင်း အစွဲပြု၍ ဖြူစင်စေနိုင်၏။ ဝိသာခါ ညစ်နွမ်းသော အဝတ်ကို လုံ့လပြုသဖြင့် ဤသို့ ဖြူစင်စေနိုင်၏။ ဝိသာခါ ဤအတူသာလျှင် ညစ်ညူးသော စိတ်ကို လုံ့လပြုသဖြင့် ဖြူစင်စေနိုင်၏။ ဝိသာခါ ညစ်ညူးသော စိတ်ကို လုံ့လပြုသဖြင့် အဘယ်သို့ ဖြူစင်စေ နိုင်သနည်း၊ ဝိသာခါ အရိယာတပည့်သည် သံဃာတော်၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့၏ “မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ကောင်းသော အကျင့်ရှိ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာ တော်သည် ဖြောင့်မတ်သော အကျင့်ရှိ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် မှန်သော အကျင့်ရှိ၏၊ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် လျော်ကန်သော အကျင့်ရှိ၏၊ အစုံအားဖြင့် လေးစုံ ပုဂ္ဂိုလ်အားဖြင့် ရှစ်ပါးအရေအတွက်ရှိသော မြတ်စွာဘုရား၏ ဤတပည့်သားသံဃာတော်သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်ပါပေ၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ခံထိုက်ပါပေ၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံထိုက်ပါပေ၏၊ လက်အုပ်ချီခြင်းငှါ ထိုက်ပါပေ၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်ပါပေ၏”ဟု သံဃာတော်၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့၏၊ သံဃာတော်၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့သော ထိုသူ၏ စိတ်သည် ကြည်လင်၏၊ ဝမ်းမြောက်ခြင်း ဖြစ်၏၊ စိတ်ညစ်ညူးကြောင်း ကိလေသာတို့ ပျောက်ကင်းကုန်၏။ ဝိသာခါ ဤအရိယာတပည့်ကို သံဃဥပုသ်ကို ကျင့်သုံးသူ သံဃာ တော်နှင့်အတူနေသူ သံဃာကို အာရုံပြု၍ စိတ်ကြည်လင်သူ ဝမ်းမြောက်သူ စိတ်ညစ်ညူးကြောင်း ကိလေသာ ပျောက်ကင်းသူဟု ဆိုအပ်၏။ ဝိသာခါ ညစ်ညူးသော စိတ်ကို လုံ့လပြုသဖြင့် ဤသို့ ဖြူစင်စေနိုင်၏။ (၃—ဂ)

ဝိသာခါ ညစ်ညူးသော စိတ်ကို လုံ့လပြုသဖြင့် ဖြူစင်စေနိုင်၏။ ဝိသာခါ ညစ်ညူးသော စိတ်ကို လုံ့လပြုသဖြင့် အဘယ်သို့ ဖြူစင်စေနိုင်သနည်း၊ ဝိသာခါ အရိယာတပည့်သည် မကျိုး မပေါက့်မပြောက် မကျားမူ၍ (တဏှာကျွန်အဖြစ်မှ) လွတ်မြောက်လျက် ပညာရှိတို့ ချီးမွမ်းအပ်၊ မှားသောအားဖြင့် မသုံး သပ်အပ်၊ တည်ကြည်မှု သမာဓိကို ဖြစ်ပွါးစေတတ်သော မိမိ၏ သီလတို့ကို အဖန်တလဲလဲ အောက်မေ့၏၊ အောက်မေ့သော ထိုသူ၏ စိတ်သည် ကြည်လင်၏၊ ဝမ်းမြောက်ခြင်း ဖြစ်၏၊ စိတ်ညစ်ညူးကြောင်း ကိလေသာတို့ ပျောက်ကင်းကုန်၏။ ဝိသာခါ ညစ်နွမ်းသော ကြေးမုံကို လုံ့လပြုသဖြင့် ဖြူစင်စေနိုင် သကဲ့သို့တည်း။

ဝိသာခါ ညစ်နွမ်းသော ကြေးမုံကို လုံ့လပြုသဖြင့် အဘယ်သို့ ဖြူစင်စေနိုင်သနည်း၊ ဆီကိုလည်းကောင်း၊ ပြာကိုလည်းကောင်း၊ သားမြီး သင်ပန်းလျှော်ခွေကိုလည်းကောင်း၊ ထို အားလျော်သော လုံ့လကိုလည်းကောင်း အစွဲပြု၍ ဖြူစင်စေနိုင်၏။ ဝိသာခါ ညစ်နွမ်းသော ကြေးမုံကို လုံ့လပြုသဖြင့် ဤသို့ ဖြူစင်စေနိုင်၏၊ ဝိသာခါ ဤအတူသာလျှင် ညစ်နွမ်းသော စိတ်ကို လုံ့လပြုသဖြင့် ဖြူစင်စေနိုင်၏၊ ဝိသာခါ ညစ်နွမ်းသော စိတ်ကို လုံ့လပြုသဖြင့် အဘယ်သို့ ဖြူစင်စေနိုင်သနည်း၊ ဝိသာခါ အရိယာတပည့်သည် မကျိုး မပေါက် မပြောက် မကျားမူ၍ (တဏှာ ကျွန်အဖြစ်မှ) လွတ်မြောက်လျက် ပညာရှိတို့ ချီးမွမ်းအပ်၊ မှားသောအားဖြင့် မသုံးသပ်အပ်၊ တည်ကြည်မှုသမာဓိကို ဖြစ်ပွါးစေတတ်သော မိမိ၏ သီလတို့ကို အဖန်တလဲလဲ အောက်မေ့၏၊ သီလကို အဖန်တလဲလဲ အောက်မေ့သော ထိုသူ၏ စိတ်သည် ကြည်လင်၏၊ ဝမ်းမြောက်ခြင်း ဖြစ်၏၊ စိတ်၏ ညစ်ညူးကြောင်း ကိလေသာတို့ ပျောက်ကင်းကုန်၏၊ ဝိသာခါ ဤအရိယာတပည့်ကို သီလဥပုသ်ကို ကျင့်သုံးသူ၊ သီလနှင့်အတူနေသူ၊ သီလကို အာရုံပြု၍ စိတ်ကြည် လင်သူ၊ ဝမ်းမြောက်သူ၊ စိတ်ညစ်ညူးကြောင်း ကိလေသာ ပျောက်ကင်းသူဟု ဆိုအပ်၏။ ဝိသာခါ ညစ်ညူးသော စိတ်ကို လုံ့လပြုသဖြင့် ဤသို့ ဖြူစင်စေနိုင်၏။ (၃—ဃ)

ဝိသာခါ ညစ်ညူးသော စိတ်ကို လုံ့လပြုသဖြင့် ဖြူစင်စေနိုင်၏။ ဝိသာခါ ညစ်ညူးသော စိတ်ကို လုံ့လပြုသဖြင့် အဘယ်သို့ ဖြူစင်စေနိုင်သနည်း၊ ဝိသာခါ အရိယာတပည့်သည် နတ်တို့ကို (သက်သေ ထား၍ မိမိ၏ သဒ္ဓါစသော ဂုဏ်ကို) အဖန်တလဲလဲ အောက်မေ့၏— “စာတုမဟာရာဇ်နတ် တာဝတိံသာ နတ် ယာမာနတ် တုသိတာနတ် နိမ္မာနရတိနတ် ပရနိမ္မိတဝသဝတ္တီနတ် ဗြဟ္မာ အထက်အထက် ဗြဟ္မာ တို့သည် ရှိကုန်၏။ သဒ္ဓါတရားနှင့် ပြည့်စုံသော ထို နတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ ထို နတ်ဘုံတို့၌ ဖြစ်ကုန်၏။ ငါ့အားလည်း ထို သဒ္ဓါတရားမျိုးသည် ရှိ၏၊ သီလနှင့် ပြည့်စုံသော ထို နတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ ထို နတ်ဘုံတို့၌ ဖြစ်ကုန်၏၊ ငါ့အားလည်း ထို သီလမျိုးသည် ရှိ၏၊ အကြားအမြင်နှင့် ပြည့်စုံသော ထို နတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ ထို နတ်ဘုံတို့၌ ဖြစ်ကုန်၏၊ ငါ့အားလည်း ထို အကြား အမြင်မျိုးသည် ရှိ၏၊ စွန့်ကြဲခြင်းနှင့်ပြည့်စုံသော ထို နတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ ထို နတ်ဘုံတို့၌ ဖြစ်ကုန်၏၊ ငါ့အားလည်း ထို စွန့်ကြဲခြင်းမျိုးသည် ရှိ၏၊ ပညာနှင့် ပြည့်စုံသော ထို နတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ ထို နတ်ဘုံတို့၌ ဖြစ်ကုန်၏၊ ငါ့အားလည်း ထို ပညာမျိုးသည် ရှိ၏”ဟု မိမိ၏လည်းကောင်း၊ ထို နတ်တို့၏လည်းကောင်း သဒ္ဓါတရား အကျင့်သီလ အကြားအမြင် စွန့်ကြဲပေးကမ်းခြင်း ဉာဏ် ပညာတို့ကို အဖန်တလဲလဲ အောက်မေ့သော ထိုသူ၏ စိတ်သည် ကြည်လင်၏၊ ဝမ်းမြောက်ခြင်း ဖြစ်၏၊ စိတ်ညစ်ညူးကြောင်း ကိလေသာတို့ ပျောက်ကင်းကုန်၏။ ဝိသာခါ ညစ်နွမ်းသော ရွှေ ငွေကို လုံ့လပြုသဖြင့် ဖြူစင်စေနိုင်သကဲ့သို့တည်း။

ဝိသာခါ ညစ်နွမ်းသော ရွှေ ငွေကို လုံ့လပြုသဖြင့် အဘယ်သို့ ဖြူစင်စေနိုင်သနည်း၊ မိုက်လုံဝ ကိုလည်းကောင်း၊ ဆားငံမြေကိုလည်းကောင်း၊ ကွေ့နီမှုန့်ကိုလည်းကောင်း၊ မီးပြောင်းနှင့် ညှပ်ကိုလည်းကောင်း၊ ထို အားလျော်သော လုံ့လကိုလည်းကောင်း အစွဲပြု၍ ဖြူစင်စေနိုင်၏။ ဝိသာခါ ညစ်နွမ်းသော ရွှေ ငွေကို လုံ့လပြုသဖြင့် ဤသို့ ဖြူစင်စေနိုင်၏။ ဝိသာခါ ဤအတူသာလျှင် ညစ်ညူးသော စိတ်ကို လုံ့လပြုသဖြင့် ဖြူစင်စေနိုင်၏။ ဝိသာခါ ညစ်ညူးသော စိတ်ကို လုံ့လပြုသဖြင့် အဘယ်သို့ ဖြူစင့်စေနိုင်သနည်း၊ ဝိသာခါ အရိယာတပည့်သည် နတ်တို့ကို (သက်သေထား၍) မိမိ၏ သဒ္ဓါစသော ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့၏ “စာတုမဟာရာဇ်နတ် တာဝတိံသာနတ် ယာမာနတ် တုသိတာနတ် နိမ္မာန ရတိနတ် ပရနိမ္မိတဝသဝတ္တီနတ် ဗြဟ္မာ အထက်အထက် ဗြဟ္မာတို့သည် ရှိကုန်၏။ သဒ္ဓါတရားနှင့် ပြည့်စုံ ကုန်သော ထို နတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ ထို နတ်ဘုံတို့၌ ဖြစ်ကုန်၏။ ငါ့အားလည်း ထို သဒ္ဓါတရားမျိုးသည် ရှိ၏၊ သီလနှင့်ပြည့်စုံကုန်သော ထို နတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ ထို နတ်ဘုံတို့၌ ဖြစ်ကုန်၏၊ ငါ့အားလည်း ထို သီလမျိုးသည် ရှိ၏၊ အကြားအမြင်နှင့် ပြည့်စုံကုန်သော ထို နတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ ထို နတ်ဘုံတို့၌ ဖြစ်ကုန်၏၊ ငါ့အားလည်း ထို အကြား အမြင်မျိုးသည် ရှိ၏၊ စွန့်ကြဲခြင်းနှင့် ပြည့်စုံကုန်သော ထို နတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ ထို နတ်ဘုံတို့၌ ဖြစ်ကုန်၏၊ ငါ့အားလည်း ထို စွန့်ကြဲခြင်းမျိုးသည် ရှိ၏၊ ပညာနှင့် ပြည့်စုံကုန်သော ထို နတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ ထို နတ်ဘုံတို့၌ ဖြစ်ကုန်၏၊ ငါ့အားလည်း ထို ပညာမျိုးသည် ရှိ၏”ဟု မိမိ၏လည်းကောင်း၊ ထို နတ်တို့၏လည်းကောင်း သဒ္ဓါတရား၊ အကျင့် ‘သီလ’၊ အကြားအမြင် ‘သုတ’၊ စွန့်ကြဲပေးကမ်းခြင်း ‘စာဂ’၊ ဉာဏ် ‘ပညာ’တို့ကို အဖန်တလဲလဲ အောက်မေ့သော ထိုသူ၏ စိတ်သည် ကြည်လင်၏၊ ဝမ်းမြောက်ခြင်းဖြစ်၏၊ စိတ်ညစ်ညူးကြောင်း ကိလေသာတို့ ပျောက်ကင်းကုန်၏။ ဝိသာခါ ဤအရိယာ တပည့်ကို ဒေဝတာဥပုသ်ကို ကျင့်သုံးသူ၊ နတ်တို့နှင့် အတူနေသူ၊ နတ်တို့ကို (သက်သေထား၍ မိမိ၏ သဒ္ဓါစသော ဂုဏ်ကို) အာရုံပြု၍ စိတ်ကြည်လင်သူ၊ ဝမ်းမြောက်သူ၊ စိတ်ညစ်ညူးကြောင်း ကိလေသာ ပျောက်ကင်းသူဟု ဆိုအပ်၏။ ဝိသာခါ ညစ်ညူးသော စိတ်ကို လုံ့လပြုသဖြင့် ဤသို့ ဖြူစင်စေနိုင်၏။ (၃—င)

ဝိသာခါ ထို အရိယာတပည့်သည် ဤသို့ ဆင်ခြင်၏— ရဟန္တာတို့သည် အသက်ရှည်သမျှ ကာလ ပတ်လုံး သူ့ အသက်သတ်ခြင်းကို ပယ်၍ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ကုန်၏၊ တုတ်ကို ချထားပြီး ဖြစ်ကုန်၏၊ လက်နက်ကို ချထားပြီးဖြစ်ကုန်၏၊ ရှက်ခြင်းရှိကုန်၏၊ သနားတတ်ကုန်၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက် နေကုန်၏။ ယနေ့ ငါသည်လည်း ဤညဉ့် ဤနေ့ပတ်လုံး သူ့အသက်သတ်ခြင်းကို ပယ်၍ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်လျက်၊ တုတ်ကို ချထားလျက်၊ လက်နက်ကို ချထားလျက်၊ ရှက်ခြင်းရှိလျက်၊ သနားလျက်၊ ခပ်သိမ်းသောသတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက် နေပါအံ့၊ ဤအကြောင်း အင်္ဂါဖြင့်လည်း ရဟန္တာပုဂ္ဂိုလ်တို့ကို အတုလိုက်၍ ပြုအံ့၊ ငါ့အား ဥပုသ်ကျင့်သုံးပြီးလည်း ဖြစ်လိမ့်မည်။

ရဟန္တာပုဂ္ဂိုလ်တို့သည် အသက်ရှည်သမျှ ကာလပတ်လုံး မပေးသည်ကို ယူခြင်း၌ ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ပေးသည်ကိုသာ ယူကုန်၏၊ ပေးသည်ကိုသာလျှင် အလိုရှိကုန်၏၊ မခိုးမဝှက် စင်ကြယ်သော ကိုယ်ဖြင့် နေကုန်၏။ ယနေ့ ငါသည်လည်း ဤညဉ့် ဤနေ့ပတ်လုံး မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်လျက်၊ ပေးသည်ကိုသာ ယူလေ့ရှိသည်ဖြစ်၍ ပေးသည်ကိုသာလျှင် အလိုရှိသည်ဖြစ်၍ မခိုးမဝှက် စင်ကြယ်သော ကိုယ်ဖြင့် နေပါအံ့၊ ဤအကြောင်းအင်္ဂါဖြင့်လည်း ရဟန္တာပုဂ္ဂိုလ်တို့ကို အတုလိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ်ကျင့်သုံးပြီးလည်း ဖြစ်လိမ့်မည်။

ရဟန္တာပုဂ္ဂိုလ်တို့သည် အသက်ရှည်သမျှ ကာလပတ်လုံး မမြတ်သော အကျင့်ကို ပယ်၍ မြတ်သော အကျင့်ကို ကျင့်လေ့ရှိကုန်၏၊ (မမြတ်သော အကျင့်မှ) ဝေးစွာ ရှောင်ကြဉ်ကုန်၏၊ ရွာနေသူတို့ အလေ့ ဖြစ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်ကုန်၏။ ယနေ့ ငါသည်လည်း ဤညဉ့် ဤနေ့ပတ်လုံး မမြတ်သော အကျင့်ကို ပယ်၍ မြတ်သော အကျင့်ကို ကျင့်လျက်၊ မမြတ်သော အကျင့်မှ ဝေးစွာ ရှောင်ကြဉ်သည် ဖြစ်၍၊ ရွာသူတို့ အလေ့ဖြစ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်ပါအံ့၊ ဤအကြောင်း အင်္ဂါဖြင့်လည်း ရဟန္တာပုဂ္ဂိုလ်တို့ကို အတုလိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ်ကျင့်သုံးပြီးလည်း ဖြစ်လိမ့်မည်။

ရဟန္တာပုဂ္ဂိုလ်တို့သည် အသက်ရှည်သမျှ ကာလပတ်လုံး မဟုတ်မမှန် ပြောခြင်းကို ပယ်၍ မဟုတ် မမှန် ပြောခြင်းမှ ရှောင်ကြဉ်ကုန်၏၊ အမှန်ကိုသာ ဆိုလေ့ရှိကုန်၏၊ မှန်သော စကားချင်း ဆက်စပ်စေ ကုန်၏။ တည်သော စကားရှိကုန်၏၊ ယုံကြည်ထိုက်သော စကားရှိကုန်၏၊ လောကကို မလှည့်စား တတ်ကုန်။ ယနေ့ ငါသည်လည်း ဤညဉ့် ဤနေ့ပတ်လုံး မဟုတ်မမှန် ပြောခြင်းကို ပယ်၍ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်လျက်၊ အမှန်ကိုသာ ပြောဆိုသည်ဖြစ်၍၊ မှန်သော စကားချင်း ဆက်စပ်စေလျက်၊ တည်သော စကားရှိလျက်၊ ယုံကြည်ထိုက်သော စကားရှိလျက်၊ လောကကို မလှည့်စားဘဲ နေပါအံ့၊ ဤအကြောင်း အင်္ဂါဖြင့်လည်း ရဟန္တာပုဂ္ဂိုလ်တို့ကို အတုလိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ်ကျင့်သုံးပြီးလည်း ဖြစ်လိမ့်မည်။

ရဟန္တာပုဂ္ဂိုလ်တို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်သောက်ခြင်းကို ပယ်၍ ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက် သောက်ခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ယနေ့ ငါသည်လည်း ဤညဉ့် ဤနေ့ပတ်လုံး ယစ်မူးမေ့လျော့ခြင်း၏ အကြောင်း ဖြစ်သော သေအရက်သောက်ခြင်းကို ပယ်၍ ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက် သောက်ခြင်းမှ ရှောင်ကြဉ်ပါအံ့၊ ဤအကြောင်း အင်္ဂါဖြင့်လည်း ရဟန္တာပုဂ္ဂိုလ်တို့ကို အတုလိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ်ကျင့်သုံးပြီးလည်း ဖြစ်လိမ့်မည်။

ရဟန္တာပုဂ္ဂိုလ်တို့သည် အသက်ရှည်သမျှ ကာလပတ်လုံး တစ်ထပ်သာ စားလေ့ရှိကုန်၏၊ ညစာ စားခြင်းမှ ရှောင်ကြဉ်ကုန်၏၊ နေလွဲစာစားခြင်းမှ ရှောင်ကြဉ်ကုန်၏။ ယနေ့ ငါသည်လည်း ဤညဉ့် ဤနေ့ပတ်လုံး တစ်ထပ်သာ စားပါအံ့၊ ညစာစားခြင်းမှ ရှောင်ကြဉ်ပါအံ့၊ နေလွဲစာစားခြင်းမှ ရှောင်ကြဉ် ပါအံ့၊ ဤအကြောင်း အင်္ဂါဖြင့်လည်း ရဟန္တာပုဂ္ဂိုလ်တို့ကို အတုလိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ်ကျင့်သုံး ပြီးလည်း ဖြစ်လိမ့်မည်။

ရဟန္တာပုဂ္ဂိုလ်တို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ကခြင်း သီခြင်း တီးမှုတ်ခြင်း (သူတော် ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော ပွဲကြည့်ခြင်း ပန်းပန်ခြင်း နံ့သာမှုန့်ခြယ်ခြင်း နံ့သာ ပျောင်း လိမ်းကျံခြင်းမှ ရှောင်ကြဉ်ကုန်၏။ ယနေ့ ငါသည်လည်း ဤညဉ့် ဤနေ့ပတ်လုံး ကခြင်း သီခြင်း တီးမှုတ်ခြင်း (သူတော်ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော ပွဲကြည့်ခြင်း, ပန်းပန်ခြင်း နံ့သာမှုန့် ခြယ်ခြင်း နံ့သာပျောင်းလိမ်းကျံခြင်းမှ ရှောင်ကြဉ်ပါအံ့၊ ဤအကြောင်း အင်္ဂါဖြင့်လည်း ရဟန္တာပုဂ္ဂိုလ်တို့ကို အတုလိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ်ကျင့်သုံးပြီးလည်း ဖြစ်လိမ့် မည်။

ရဟန္တာပုဂ္ဂိုလ်တို့သည် အသက်ရှည်သမျှ ကာလပတ်လုံး မြင့်သော နေရာ မြတ်သော နေရာကို ပယ်၍ မြင့်သော နေရာ မြတ်သော နေရာ၌ နေခြင်းမှ ရှောင်ကြဉ်ကုန်၏၊ နိမ့်သောနေရာ ညောင်စောင်း ငယ်၌ ဖြစ်စေ မြက်အခင်း၌ ဖြစ်စေ အိပ်ကုန်၏။ ယနေ့ ငါသည်လည်း ဤညဉ့် ဤနေ့ပတ်လုံး မြင့်သော နေရာ မြတ်သော နေရာကို ပယ်၍ မြင့်သောနေရာ မြတ်သောနေရာမှ ရှောင်ကြဉ်လျက်၊ နိမ့်သော နေရာ ညောင်စောင်းငယ်၌ ဖြစ်စေ မြက်အခင်း၌ ဖြစ်စေ အိပ်အံ့၊ ဤအကြောင်း အင်္ဂါဖြင့်လည်း ရဟန္တာ ပုဂ္ဂိုလ်တို့ကို အတုလိုက်၍ ပြုအံ့၊ ငါ့အား ဥပုသ်ကျင့်သုံးပြီးလည်း ဖြစ်လိမ့်မည်ဟု (ဆင်ခြင်၏)။

ဝိသာခါ အရိယာဥပုသ်သည် ဤသို့ ဖြစ်၏။ ဝိသာခါ ဤသို့ ကျင့်သုံးအပ်သော အရိယာ ဥပုသ်သည် ကြီးမြတ်သော အကျိုးရှိ၏၊ ကြီးမြတ်သော အာနိသင်ရှိ၏၊ ကြီးမြတ်သော အရောင်အလင်း ရှိ၏၊ ကြီးမြတ်သော ပျံ့နှံ့ခြင်းရှိ၏။ အဘယ်မျှလောက် ကြီးမြတ်သော အကျိုးရှိသနည်း၊ အဘယ်မျှလောက် ကြီးမြတ်သော အာနိသင် ရှိသနည်း၊ အဘယ်မျှလောက် ကြီးမြတ်သော အရောင်အလင်း ရှိသနည်း၊ အဘယ်မျှလောက် ကြီးမြတ်သော ပျံ့နှံ့ခြင်းရှိသနည်း။ ဝိသာခါ များစွာသော တပ်မက်ဖွယ် ရတနာတို့နှင့် ပြည့်စုံသော အင်္ဂတိုင်း မဂဓတိုင်း ကာသိတိုင်း ကောသလတိုင်း ဝဇ္ဇီတိုင်း မလ္လာတိုင်း စေတီယတိုင်း ဝင်္ဂတိုင်း ကုရုတိုင်း ပဉ္စာလတိုင်း မစ္ဆတိုင်း သူရသေနတိုင်း အဿကတိုင်း အဝနိ ္တတိုင်း ဂန္ဓာရတိုင်း ကမ္ဗောဇတိုင်းဟူသော တိုင်းကြီး တစ်ဆယ့်ခြောက်ရပ်တို့၌ အုပ်ချုပ်၍ မင်းလုပ်ရခြင်းသည့်အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်၏ တစ်ဆယ့်ခြောက်စိတ် တစ်စိတ်လောက်ကိုမျှ မမှီနိုင်။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ဝိသာခါ လူ့မင်းစည်းစိမ်သည် နတ်ချမ်းသာကို ထောက်၍ အနည်းငယ် မျှသာ ဖြစ်၏။

ဝိသာခါ လူတို့ အနှစ်ငါးဆယ်သည် စာတုမဟာရာဇ်နတ်တို့၏ တစ်ညဉ့် တစ်နေ့မျှသာ ဖြစ်၏၊ ထို ညဉ့်ဖြင့် ညဉ့်သုံးဆယ်တို့သည် တစ်လဖြစ်၏၊ ထို လဖြင့် တစ်ဆယ့်နှစ်လတို့သည် တစ်နှစ်ဖြစ်၏၊ ထို နှစ်ဖြင့် နတ်တို့၏ အနှစ်ငါးရာသည် စာတုမဟာရာဇ်နတ်တို့၏ အသက်အတိုင်းအရှည် ဖြစ်၏။ ဝိသာခါ မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ အချို့သော သူသည် အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးပြီး လျှင် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ စာတုမဟာရာဇ်နတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက် နိုင်ရာသော အကြောင်းမျိုးသည် ရှိ၏။ ဝိသာခါ ဤသို့သော အကြောင်းမျိုးကို ရည်ရွယ်၍ လူမင်း စည်းစိမ်သည် နတ်ချမ်းသာကို ထောက်၍ အနည်းငယ်မျှသာ ဖြစ်၏ဟူသော ဤစကားကို ဆိုခဲ့၏။

ဝိသာခါ လူတို့ အနှစ်တစ်ရာသည် တာဝတိံသာနတ်တို့၏ တစ်ညဉ့် တစ်နေ့မျှသာ ဖြစ်၏၊ ထို ညဉ့်ဖြင့် ညဉ့်သုံးဆယ်တို့သည် တစ်လဖြစ်၏၊ ထို လဖြင့် တစ်ဆယ့်နှစ်လတို့သည် တစ်နှစ်ဖြစ်၏၊ ထို နှစ်ဖြင့် နတ်တို့၏ အနှစ်တစ်ထောင်သည် တာဝတိံသာနတ်တို့၏ အသက်အတိုင်းအရှည် ဖြစ်၏။ ဝိသာခါ မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ အချို့သောသူသည် အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးပြီးလျှင် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ တာဝတိံသာနတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်နိုင်ရာသော အကြောင်းမျိုးသည် ရှိ၏။ ဝိသာခါ ဤသို့သော အကြောင်းမျိုးကို ရည်ရွယ်၍ လူမင်း စည်းစိမ်သည် နတ်ချမ်းသာကို ထောက်၍ အနည်းငယ်မျှသာ ဖြစ်၏ဟူသော ဤစကားကို ဆိုခဲ့၏။

ဝိသာခါ လူတို့ အနှစ်နှစ်ရာတို့သည် ယာမာနတ်တို့၏ တစ်ညဉ့် တစ်နေ့မျှသာ ဖြစ်၏၊ ထို ညဉ့်ဖြင့် ညဉ့်သုံးဆယ်တို့သည် တစ်လဖြစ်၏၊ ထို လဖြင့် တစ်ဆယ့်နှစ်လတို့သည် တစ်နှစ်ဖြစ်၏၊ ထို နှစ်ဖြင့် နတ်တို့၏ အနှစ်နှစ်ထောင်တို့သည် ယာမာနတ်တို့၏ အသက်အတိုင်းအရှည် ဖြစ်၏။ ဝိသာခါ မိန်းမ ဖြစ်စေ ယောကျာ်းဖြစ်စေ အချို့သောသူသည် အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးပြီးလျှင် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ယာမာနတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်နိုင်ရာသော အကြောင်းမျိုးသည် ရှိ၏။ ဝိသာခါ ဤအကြောင်းမျိုးကို ရည်ရွယ်၍ လူမင်းစည်းစိမ်သည် နတ်ချမ်းသာကို ထောက်၍ အနည်းငယ်မျှသာ ဖြစ်၏ဟူသော ဤစကားကို ဆိုခဲ့၏။

ဝိသာခါ လူတို့ အနှစ်လေးရာတို့သည် တုသိတာနတ်တို့၏ တစ်ညဉ့် တစ်နေ့မျှသာ ဖြစ်၏၊ ထို ညဉ့် ဖြင့် ညဉ့်သုံးဆယ်တို့သည် တစ်လဖြစ်၏၊ ထို လဖြင့် တစ်ဆယ့်နှစ်လတို့သည် တစ်နှစ်ဖြစ်၏၊ ထို နှစ်ဖြင့် နတ်တို့၏ အနှစ်လေးထောင်တို့သည် တုသိတာနတ်တို့၏ အသက်အတိုင်းအရှည် ဖြစ်၏။ ဝိသာခါ မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ အချို့သော သူသည် အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးပြီး လျှင် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ တုသိတာနတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်နိုင်ရာ သော အကြောင်းမျိုးသည် ရှိ၏။ ဝိသာခါ ဤအကြောင်းမျိုးကို ရည်ရွယ်၍ လူမင်းစည်းစိမ်သည် နတ်ချမ်းသာကို ထောက်၍ အနည်းငယ်မျှသာ ဖြစ်၏ဟူသော ဤစကားကို ဆိုခဲ့၏။

ဝိသာခါ လူတို့ အနှစ်ရှစ်ရာတို့သည် နိမ္မာနရတိနတ်တို့၏ တစ်ညဉ့် တစ်နေ့မျှသာ ဖြစ်၏၊ ထို ညဉ့်ဖြင့် ညဉ့်သုံးဆယ်တို့သည် တစ်လဖြစ်၏၊ ထို လဖြင့် တစ်ဆယ့်နှစ်လတို့သည် တစ်နှစ်ဖြစ်၏၊ ထို နှစ်ဖြင့် နတ်တို့၏ အနှစ်ရှစ်ထောင်တို့သည် နိမ္မာနရတိနတ်တို့၏ အသက်အတိုင်းအရှည် ဖြစ်၏။ ဝိသာခါ မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ အချို့သော သူသည် အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးပြီးလျှင် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ နိမ္မာနရတိနတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်နိုင်ရာသော အကြောင်းမျိုးသည် ရှိ၏။ ဝိသာခါ ဤအကြောင်းမျိုးကို ရည်ရွယ်၍ လူမင်းစည်းစိမ်သည် နတ်ချမ်းသာကို ထောက်၍ အနည်းငယ်မျှသာ ဖြစ်၏ဟူသော ဤစကားကို ဆိုခဲ့၏။

ဝိသာခါ လူတို့ အနှစ်တစ်ထောင့်ခြောက်ရာတို့သည် ပရနိမ္မိတဝသဝတ္တီနတ်တို့၏ တစ်ညဉ့် တစ်နေ့မျှသာ ဖြစ်၏၊ ထို ညဉ့်ဖြင့် ညဉ့်သုံးဆယ်တို့သည် တစ်လဖြစ်၏၊ ထို လဖြင့် တစ်ဆယ့်နှစ်လ တို့သည် တစ်နှစ်ဖြစ်၏၊ ထို နှစ်ဖြင့် နတ်တို့၏ အနှစ်တစ်သောင်း ခြောက်ထောင်တို့သည် ပရနိမ္မိတ ဝသဝတ္တီနတ်တို့၏ အသက်အတိုင်းအရှည် ဖြစ်၏။ ဝိသာခါ မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ အချို့သော သူသည် အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးပြီးလျှင် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ပရနိမ္မိတဝသဝတ္တီနတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်နိုင်ရာသော အကြောင်းမျိုးသည် ရှိ၏။ ဝိသာခါ ဤအကြောင်းမျိုးကို ရည်ရွယ်၍ လူမင်းစည်းစိမ်သည် နတ်ချမ်းသာကို ထောက်၍ အနည်းငယ်မျှ သာ ဖြစ်၏ဟူသော ဤစကားကို ဆိုခဲ့၏ဟု (မိန့်တော်မူ၏)။

(ဥပုသ်ကျင့်သုံးသူသည်) အသက်ကိုလည်း မသတ်ရာ၊ မပေးသည်ကိုလည်း မယူရာ၊ မဟုတ်မမှန် စကားကိုလည်း မပြောဆိုရာ၊ သေရည် သေရက်ကိုလည်း မသောက်ရာ၊ မေထုန်မှီဝဲခြင်းဟူသော မမြတ်သော အကျင့်မှလည်း ရှောင်ကြဉ် ရာ၏၊ နေလွဲညစာကိုလည်း မစားရာ။ ပန်းကိုလည်း မပန်ရာ၊ နံ့သာကိုလည်း မခြယ်ရာ၊ ညောင်စောင်း၌လည်းကောင်း၊ မြေကြီး၌လည်းကောင်း၊ မြက်အခင်း၌လည်းကောင်း အိပ်ရာ၏၊ ဤဥပုသ်ကို ဒုက္ခအဆုံးသို့ ဆိုက်ရောက်တော်မူပြီးသော မြတ်စွာဘုရားသည် ဟောပြတော်မူအပ် သော အင်္ဂါရှစ်ပါးရှိသော ဥပုသ်ဟု ဆိုကြကုန်၏။ ကောင်းသော အဆင်းရှိကုန်သော လ နေ နှစ်ပါးတို့သည် အကြင် မျှလောက်သော အရပ်ကို ထွန်းလင်းကုန်လျက် လှည့်လည်ကုန်၏၊ ကောင်းကင်၌ သွားလာကုန်သော ထို လ နေတို့သည် အမိုက်မှောင်ကို ပယ်ဖျောက်၍ အရပ်မျက်နှာတို့ကို တင့်တယ်စေ ကုန်လျက် ကောင်းကင်၌ ထွန်းပကုန်၏။ ထို လ နေတို့ ထွန်းပရာ (လောကဓာတ်) အတွင်း၌ ပုလဲ ပတ္တမြား လာဘ်ရ ကြောင်း ကောင်းမြတ်သော ကျောက်မျက်ရွဲ သိင်္ဂ ီရွှေ ကဉ္စနရွှေ မူလတွင်းထွက်ရွှေ ပိုးရွခြတို့ ချီယူစုဆောင်းထားသော ဟဋကရွှေဟူသော ဥစ္စာရတနာတို့သည် အင်္ဂါ ရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်၏ တစ်ဆယ့်ခြောက်စိတ် တစ်စိတ်ကိုမျှလည်း မမှီနိုင် ကုန်၊ အလုံးစုံသော ကြယ်တာရာအပေါင်းတို့သည် လရောင်၏ တစ်ဆယ့်ခြောက် စိတ် တစ်စိတ်မျှလောက်ကိုလည်း မမှီနိုင်သကဲ့သို့တည်း။ ထို့ကြောင့်သာလျှင် သီလရှိသော မိန်းမသည်လည်းကောင်း၊ ယောကျာ်းသည်လည်းကောင်း၊ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော ဥပုသ်ကို ကျင့်သုံး၍ ချမ်းသာကျိုးရှိသော ကောင်းမှုတို့ကို ပြုပြီးလျှင် ကဲ့ရဲ့ဖွယ်မရှိဘဲ နတ်ပြည်ဌာနသို့ ကပ်ရောက်ရလေကုန် သတည်း။

ဒသမသုတ်။

နှစ်ခုမြောက် မဟာဝဂ် ပြီး၏။

၁။ သတ္တဝါတို့ကို နှိပ်စက်သတ်ဖြတ်ခြင်း မပြုလင့်ဟူလို။