အင်္ဂုတ္တရနိကာယ်

(၁၃) ၃-ဘယဝဂ်

၃-ပဌမ နာနာကရဏသုတ်

၁၂၃။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှား ရှိကုန်၏။ အဘယ်လေးမျိုး့တို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း ‘ဝိတက်’နှင့် တကွဖြစ်သော၊ သုံးသပ် ဆင်ခြင်ခြင်း ‘ဝိစာရ’နှင့်တကွ ဖြစ်သော၊ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏၊ ထို ပုဂ္ဂိုလ်သည် ထို ပဌမဈာန်ကို သာယာ၏၊ ထို ဈာန်ကို အလိုရှိ၏၊ ထို ဈာန်ဖြင့်လည်း နှစ်သက်ခြင်းသို့ ရောက်၏၊ ထို ပဌမဈာန်၌ တည်သည် ဖြစ်၍ ထို ပဌမဈာန်ကို နှလုံးသွင်းသည် ဖြစ်၍ ထို ပဌမဈာန်ဖြင့် အကြိမ်များစွာ နေလေ့ရှိသည်ဖြစ်၍ မယုတ်သော ဈာန်ရှိသည်ဖြစ်၍ သေခြင်းကို ပြုသော် ပဌမဈာန်ဘုံ၌ ဖြစ်ကုန်သော ဗြဟ္မာတို့၏ အသင်းဝင်အဖြစ်သို့ ရောက်၏။ ရဟန်းတို့ (ပဌမဈာန်ဘုံ၌ ဖြစ်ကုန်သော) ဗြဟ္မာတို့၏ အသက် အတိုင်းအရှည်သည် (အသင်္ချေယျ) တစ်ကပ်ဖြစ်၏၊ ထို ပဌမဈာန်ဘုံ၌ ပုထုဇဉ်သည် အသက်အပိုင်းအခြားရှိသလောက် တည်နေ၍ ထို ဗြဟ္မာတို့၏ အသက် အတိုင်းအရှည်ရှိသမျှ အလုံးစုံကို ကုန်စေပြီးလျှင် ငရဲသို့လည်း ရောက်၏၊ တိရစ္ဆာန်မျိုးသို့လည်း ရောက်၏၊ ပြိတ္တာဘုံသို့လည်း ရောက်၏၊ မြတ်စွာဘုရား၏ တပည့်သည်ကား ထို ဗြဟ္မာ့ဘုံ၌ အသက်အပိုင်းအခြားရှိသလောက် တည်၍ ထို ဗြဟ္မာတို့၏ အသက်အတိုင်းအရှည်ရှိသမျှ အလုံးစုံကို ကုန်စေပြီးလျှင် ထို ဗြဟ္မာ့ဘုံ၌ပင်လျှင် ပရိနိဗ္ဗာန်ပြု၏။ ရဟန်းတို့ ဤလားရာ’ဂတိ’ ဖြစ်ခြင်း ‘ပဋိသန္ဓေ’၏ ရှိခြင်း မရှိခြင်းသည်ပင် အကြားအမြင်မရှိသော ပုထုဇဉ်နှင့် အကြားအမြင်ရှိသော အရိယာ သာဝက၏ အထူးတည်း၊ ဤသည်ပင် လွန်ကဲသော အမူအရာတည်း၊ ဤသည်ပင် ကွဲလွဲခြင်းတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် ကြံစည်ခြင်း ‘ဝိတက်’ သုံးသပ်ခြင်း ‘ဝိစာရ’ တို့၏ ချုပ်ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်၏ တည်ကြည်ခြင်း ‘သမာဓိ’ ကို ဖြစ်ပွားစေတတ်သော၊ ကြံစည်ခြင်း ‘ဝိတက်’မရှိသော၊ သုံးသပ်ခြင်း ‘ဝိစာရ’ မရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ’ကြောင့် ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏၊ ထို ပုဂ္ဂိုလ်သည် ထို ဒုတိယဈာန်ကို သာယာ၏၊ ထို ဈာန်ကို အလိုရှိ၏၊ ထို ဈာန်ဖြင့်လည်း နှစ်သက်ခြင်းသို့ ရောက်၏၊ ထို ဒုတိယဈာန်၌ တည်သည်ဖြစ်၍ ထို ဒုတိယ ဈာန်ဖြင့် အကြိမ်များစွာ နေလေ့ရှိသည်ဖြစ်၍ မယုတ်သော ဈာန်ရှိသည်ဖြစ်၍ သေခြင်းကို ပြုသော် အာဘဿရဘုံ၌ ဖြစ်ကုန်သော ဗြဟ္မာတို့၏ အသင်းဝင်အဖြစ်သို့ ရောက်၏။ ရဟန်းတို့ အာဘဿရဘုံုံ၌ ဖြစ်ကုန်သော ဗြဟ္မာတို့၏ အသက် အတိုင်းအရှည်သည် (မဟာကပ်) နှစ်ကပ်တို့ ဖြစ်ကုန်၏၊ ထို အာဘဿရဘုံ၌ ပုထုဇဉ်သည် အသက်အပိုင်းအခြားရှိသလောက် တည်နေ၍ ထို ဗြဟ္မာတို့၏ အသက် အတိုင်းအရှည်ရှိသမျှ အလုံးစုံကို ကုန်စေပြီးလျှင် ငရဲသို့လည်း ရောက်၏၊ တိရစ္ဆာန်မျိုးသို့လည်း ရောက်၏၊ ပြိတ္တာဘုံသို့လည်း ရောက်၏၊ မြတ်စွာဘုရား၏ တပည့်သည်ကား ထို ဗြဟ္မာ့ဘုံ၌ အသက် အပိုင်းအခြားရှိသလောက် တည်၍ ထို ဗြဟ္မာတို့၏ အသက်အတိုင်းအရှည်ရှိသမျှ အလုံးစုံကို ကုန်စေပြီးလျှင် ထို ဗြဟ္မာ့ဘုံ၌ပင်လျှင် ပရိနိဗ္ဗာန် ပြု၏။ ရဟန်းတို့ ဤလားရာ ‘ဂတိ’ ဖြစ်ခြင်း ‘ပဋိသန္ဓေ’၏ ရှိခြင်း, မရှိခြင်းသည်ပင် အကြားအမြင် မရှိသော ပုထုဇဉ်နှင့် အကြားအမြင်ရှိသော အရိယာသာဝက၏ အထူးတည်း၊ ဤသည်ပင် လွန်ကဲသော အမူအရာတည်း၊ ဤသည်ပင် ကွဲလွဲခြင်းတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် နှစ်သိမ့်ခြင်း ‘ပီတိ’ကိုလည်း မတပ်မက်ခြင်းကြောင့် အောက်မေ့ခြင်း ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိသည်ဖြစ်၍ လျစ်လျူရှုလျက် နေ၏၊ ချမ်းသာခြင်း ‘သုခ’ ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင် တတိယဈာန်ကြောင့် ထိုသူကို “လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ”ဟု အရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏၊ ထို တတိယဈာန်သို့ ရောက်၍ နေ၏။ ထို ပုဂ္ဂိုလ်သည် ထို (တတိယ) ဈာန်ကို သာယာ၏၊ ထို ဈာန်ကို အလိုရှိ၏၊ ထို ဈာန်ဖြင့်လည်း နှစ်သက်ခြင်းသို့ ရောက်၏၊ ထို တတိယဈာန်၌့တည်သည် ဖြစ်၍ ထို တတိယ ဈာန်ကို နှလုံးသွင်းသည် ဖြစ်၍ ထို တတိယဈာန်ဖြင့် အကြိမ်များစွာ နေလေ့ရှိသည်ဖြစ်၍ မယုတ်သော ဈာန်ရှိသည်ဖြစ်၍ သေခြင်းကို ပြုသော် သုဘကိဏှဘုံ၌ ဖြစ်သော ဗြဟ္မာတို့၏ အသင်းဝင်အဖြစ်သို့ ရောက်၏။ ရဟန်းတို့ သုဘကိဏှဘုံုံ၌ ဖြစ်ကုန်သော ဗြဟ္မာတို့၏ အသက် အတိုင်းအရှည်သည် (မဟာကပ်) လေးကပ် ဖြစ်၏၊ ထို သုဘကိဏှဘုံ၌ ပုထုဇဉ်သည် အသက်အပိုင်းအခြားရှိသလောက် တည်နေ၍ ထို ဗြဟ္မာတို့၏ အသက်အတိုင်းအရှည်ရှိသမျှ အလုံးစုံကို ကုန်စေပြီးလျှင် ငရဲသို့လည်း ရောက်၏၊ တိရစ္ဆာန်မျိုးသို့လည်း ရောက်၏၊ ပြိတ္တာဘုံသို့လည်း ရောက်၏၊ မြတ်စွာဘုရား၏ တပည့်သည်ကား ထို သုဘကိဏှဘုံ၌ အသက်အပိုင်းအခြားရှိသလောက် တည်နေ၍ ထို ဗြဟ္မာတို့၏ အသက် အတိုင်းအရှည်ရှိသမျှ အလုံးစုံကို ကုန်စေပြီးလျှင် ထို သုဘကိဏှဘုံ၌ပင် ပရိနိဗ္ဗာန်ပြု၏။ ရဟန်းတို့ ဤလားရာ ‘ဂတိ’ ဖြစ်ခြင်း ‘ပဋိသန္ဓေ’၏ ရှိခြင်း, မရှိခြင်းသည်ပင် အကြားအမြင်မရှိသော ပုထုဇဉ်နှင့် အကြားအမြင်ရှိသော အရိယာသာဝက၏ အထူးတည်း၊ ဤသည်ပင် လွန်ကဲသော အမူအရာတည်း၊ ဤသည်ပင် ကွဲလွဲခြင်းတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် ချမ်းသာ ဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးစွာကပင်လျှင် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာမရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ ထို ပုဂ္ဂိုလ်သည် ထို (စတုတ္ထ) ဈာန်ကို သာယာ၏၊ ထို ဈာန်ကို အလိုရှိ၏၊ ထို ဈာန်ဖြင့်လည်း နှစ်သက်ခြင်းသို့ ရောက်၏၊ ထို စတုတ္ထဈာန်၌ တည်သည် ဖြစ်၍ ထို စတုတ္ထ ဈာန်ကို နှလုံးသွင်းသည်ဖြစ်၍ ထို စတုတ္ထဈာန်ဖြင့် အကြိမ်များစွာ နေလေ့ရှိသည်ဖြစ်၍ မယုတ်သော ဈာန်ရှိသည်ဖြစ်၍ သေခြင်းကို ပြုသော် ဝေဟပ္ဖိုလ်ဘုံ၌ ဖြစ်ကုန်သော ဗြဟ္မာတို့၏ အသင်းဝင်အဖြစ်သို့ ရောက်၏။ ရဟန်းတို့ ဝေဟပ္ဖိုလ်ဘုံုံ၌ ဖြစ်သော ဗြဟ္မာတို့၏ အသက်အတိုင်းအရှည်သည် မဟာကပ်ငါးရာ ဖြစ်၏၊ ထို ဝေဟပ္ဖိုလ်ဘုံ၌ ပုထုဇဉ်သည် အသက်အပိုင်းအခြားရှိသလောက် တည်နေ၍ ထို ဗြဟ္မာတို့၏ အသက်အတိုင်းအရှည်ရှိသမျှ အလုံးစုံကို ကုန်စေ၍ ငရဲသို့လည်း ရောက်၏၊ တိရစ္ဆာန်မျိုးသို့လည်း ရောက်၏၊ ပြိတ္တာဘုံသို့လည်း ရောက်၏၊ မြတ်စွာဘုရား၏ တပည့်သည်ကား ထို ဝေဟပ္ဖိုလ်ဘုံ၌ အသက် အပိုင်းအခြားရှိသလောက် တည်နေ၍ ထို ဗြဟ္မာတို့၏ အသက်အတိုင်းအရှည်ရှိသမျှ အလုံးစုံကို ကုန်စေပြီး လျှင် ထို ဝေဟပ္ဖိုလ်ဘုံ၌ပင် ပရိနိဗ္ဗာန်ပြု၏။ ရဟန်းတို့ ဤလားရာ ‘ဂတိ’ ဖြစ်ခြင်း ‘ပဋိသန္ဓေ’၏ ရှိခြင်း, မရှိခြင်းသည်ပင် အကြားအမြင်မရှိသော ပုထုဇဉ်နှင့် အကြားအမြင်ရှိသော အရိယာသာဝက၏ အထူးတည်း၊ ဤသည်ပင် လွန်ကဲသော အမူအရာတည်း၊ ဤသည်ပင် ကွဲလွဲခြင်းတည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ် လေးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။