အင်္ဂုတ္တရနိကာယ်
(၁၉) ၄-ဗြာဟ္မဏဝဂ်
၁-ယောဓာဇီဝသုတ်
၁၈၁။ ရဟန်းတို့ အင်္ဂါလေးမျိုးတို့နှင့် ပြည့်စုံသော သူရဲကောင်းသည် မင်းအား ထိုက်၏၊ မင်း၏ အသုံးတော်ခံဖြစ်၏၊ မင်း၏ လက်ရုံးဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤလောက၌ သူရဲကောင်းသည် (ပစ်ကွင်းကောင်းသော) အရပ်၌လည်း လိမ္မာ၏၊ အဝေး၌လည်း မြားကို ကျရောက်စေနိုင်၏၊ မချွတ်မယွင်း စူးဝင်အောင်လည်း ပစ်နိုင်၏၊ ကြီးစွာသော အထည်ကိုယ်ကိုလည်း ဖောက်ထွင်းစေနိုင်၏။ ရဟန်းတို့ ဤအင်္ဂါလေးမျိုးတို့နှင့် ပြည့်စုံသော သူရဲကောင်းသည် မင်းအား ထိုက်၏၊ မင်း၏ အသုံးတော်ခံဖြစ်၏၊ မင်း၏ လက်ရုံးဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်၏။ ရဟန်းတို့ ဤအတူသာလျှင် အင်္ဂါလေးမျိုးတို့နှင့်ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ရန် ထိုက်၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံထိုက်၏၊ လက်အုပ်ချီရန် ထိုက်၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံးလယ်မြေ ဖြစ်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (ပစ်ကွင်းကောင်းသော) အရပ်၌လည်း လိမ္မာ၏၊ အဝေး၌လည်း မြားကို ကျရောက်စေနိုင်၏၊ မချွတ်မယွင်း စူးဝင်အောင်လည်း ပစ်နိုင်၏၊ ကြီးစွာသော အထည်ကိုယ်ကိုလည်း ဖောက်ထွင်းစေနိုင်၏။
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် (ပစ်ကွင်းကောင်းသော) အရပ်၌ လိမ္မာသနည်း၊ ရဟန်း တို့ ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏။ပ။ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် (ပစ်ကွင်းကောင်းသော) အရပ်၌ လိမ္မာ၏။
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အဝေး၌လည်း မြားကို ကျရောက်စေနိုင်သနည်း၊ ရဟန်း တို့ ဤသာသနာတော်၌ ရဟန်းသည် အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အတွင်းသန္တာန် အပသန္တာန်လည်းဖြစ်သော ကြမ်းတမ်း နူးညံ့သည်လည်းဖြစ်သော အယုတ် အမြတ်လည်းဖြစ်သော အဝေး အနီးလည်း ဖြစ်သော ရုပ်ဟူသမျှ အားလုံးကို “ဤရုပ်သည် ငါ့ဥစ္စာမဟုတ်၊ ဤရုပ်သည် ငါမဟုတ်၊ ဤရုပ်သည် ငါ့ ကိုယ်မဟုတ်”ဟုဟုတ်တိုင်းမှန်စွာ မှန်ကန်သော ဝိပဿနာပညာဖြင့် ရှု၏၊ ဝေဒနာဟူသမျှ အားလုံးကို။ သညာဟူသမျှ အားလုံးကို။ သင်္ခါရဟူသမျှ အားလုံးကို။ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အတွင်းသန္တာန် အပသန္တာန်လည်းဖြစ်သော ကြမ်းတမ်းနူးညံ့သည်လည်းဖြစ်သော အယုတ် အမြတ်လည်း ဖြစ်သော အဝေး အနီးလည်းဖြစ်သော ဝိညာဏ်ဟူသမျှ အားလုံးကို “ဤဝိညာဏ်သည် ငါ့ဥစ္စာမဟုတ်၊ ဤဝိညာဏ်သည် ငါမဟုတ်၊ ဤဝိညာဏ်သည် ငါ့ကိုယ်မဟုတ်”ဟုဟုတ်တိုင်းမှန်စွာ မှန်ကန်သော ဝိပဿနာပညာဖြင့် ရှု၏၊ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အဝေး၌ မြားကို ကျရောက်စေနိုင်၏။
ရဟန်းတို့ အဘယ်သို့လျှင် မချွတ်မယွင်း စူးဝင်စေနိုင်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် “ဤသည်ကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ပ။ “ဤသည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် မချွတ်မယွင်း စူးဝင်စေနိုင်၏။
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ကြီးစွာသော အထည်ကိုယ်ကို ဖောက်ခွဲနိုင်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကြီးစွာသော အဝိဇ္ဇာအစုကို ဖောက်ခွဲနိုင်၏။ ရဟန်းတို့ ဤသို့လျှင့်ရဟန်းသည် ကြီးစွာသော အထည်ကိုယ်ကို ဖောက်ခွဲနိုင်၏။ ရဟန်းတို့ ဤတရားလေးမျိုး တို့နှင့် ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။