အင်္ဂုတ္တရနိကာယ်
(၁၉) ၄-ဗြာဟ္မဏဝဂ်
၅-သမဏသစ္စာသုတ်
၁၈၅။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အလွန်ထင်ရှား ကျော်စောကုန်သော ပရိဗိုဇ်များစွာတို့သည် သိပ္ပိနီမြစ်ကမ်း ပရိဗိုဇ် အရံ၌ နေကုန်၏။ အဘယ်ပရိဗိုဇ်တို့နည်းဟူမူ— အန္နဘာရပရိဗိုဇ် ဝရဓရပရိဗိုဇ် သကုလုဒါယီပရိဗိုဇ်နှင့်အလွန်ထင်ရှား ကျော်စောကုန်သော အခြားပရိဗိုဇ်တို့တည်း၊ ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်းအခါ ကိန်းအောင်းတော်မူရာမှ ထလျက် သိပ္ပိနီမြစ်ကမ်း ပရိဗိုဇ်အရံသို့ ချဉ်းကပ်တော်မူ၏။
ထိုအခါ စုဝေးထိုင်နေကုန်သော သာသနာတော်မှ တစ်ပါးသော အယူရှိသည့် ထို ပရိဗိုဇ်တို့အား “ဤအကြောင်းကြောင့်လည်း ဗြာဟ္မဏသစ္စာတို့ ဖြစ်ကုန်၏၊ ဤအကြောင်းကြောင့်လည်း ဗြာဟ္မဏ သစ္စာတို့ ဖြစ်ကုန်၏”ဟု ဤအကြားစကားသည် ဖြစ်ပေါ်လာ၏။ ထိုအခါ မြတ်စွာဘုရားသည် ပရိဗိုဇ်တို့ ထံသို့ ချဉ်းကပ်တော်မူပြီးလျှင် ခင်းထားသော နေရာ၌ ထိုင်တော်မူလျက် ထို ပရိဗိုဇ်တို့အား—
ပရိဗိုဇ်တို့ ယခုအခါ အဘယ်စကားဖြင့် စုဝေးထိုင်နေကြကုန်သနည်း၊ ငါမလာမီအတွင်း သင်တို့၏ မပြီးသေးသော အကြားစကားသည်ကား အဘယ်နည်းဟု မေးတော်မူ၏။ အသျှင်ဂေါတမ ဤနေရာ၌ စုဝေးထိုင်နေကြကုန်သော အကျွန်ုပ်တို့အား “ဤအကြောင်းကြောင့်လည်း ဗြာဟ္မဏသစ္စာတို့ ဖြစ်ကုန်၏၊ ဤအကြောင်းကြောင့်လည်း ဗြာဟ္မဏသစ္စာတို့ ဖြစ်ကုန်၏”ဟု ဤအကြားစကား ဖြစ်ပေါ်လာပါသည်ဟု (လျှောက်ကြကုန်၏)။
ပရိဗိုဇ်တို့ ဤဗြာဟ္မဏသစ္စာလေးမျိုးတို့ကို ငါသည် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြု၍ ဟောကြားအပ်ကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— ပရိဗိုဇ်တို့ ဤလောက၌ ဗြာဟ္မဏသည် “သတ္တဝါ အားလုံးတို့ကို မသတ်အပ်”ဟု ဤသို့ ဆို၏၊ ဤသို့ဆိုသော ဗြာဟ္မဏသည် မှန်ကန်သည်ကိုသာ ဆို၏၊ မမှန်သည်ကို မဆို။ ထို ဗြာဟ္မဏသည် ထို အမှန်ဖြင့် “ငါ သမဏ”ဟု မထင်မှတ်၊ “ငါ ဗြာဟ္မဏ”ဟု မထင်မှတ်၊ “ငါ မြတ်သူ”ဟု မထင်မှတ်၊ “ငါ တူသူ”ဟု မထင်မှတ်၊ “ငါ ယုတ်သူ”ဟု မထင်မှတ်။ စင်စစ်သော်ကား ထိုသို့ ဆိုရာ၌ အမှန်ကိုသာ ထူးသောဉာဏ်ဖြင့် သိ၍ သတ္တဝါတို့ကို စောင့်ရှောက်ခြင်းငှါ သနားခြင်းငှါသာလျှင် ကျင့်၏။
ပရိဗိုဇ်တို့ နောက်တစ်မျိုးကား ဗြာဟ္မဏသည် အလုံးစုံသော ကာမဂုဏ်တို့သည် အမြဲမရှိကုန်၊ ဆင်းရဲကုန်၏၊ ဖောက်ပြန်သော သဘောရှိကုန်၏”ဟု ဆို၏၊ ဤသို့ဆိုသော ဗြာဟ္မဏသည် မှန်သည်ကို သာ ဆို၏၊ မမှန်သည်ကို မဆို။ ထို ဗြာဟ္မဏသည် ထို အမှန်ဖြင့် “ငါ သမဏ”ဟု မထင်မှတ်၊ “ငါ ဗြာဟ္မဏ”ဟု မထင်မှတ်၊ “ငါ မြတ်သူ”ဟု မထင်မှတ်၊ “ငါ တူသူ”ဟု မထင်မှတ်၊ “ငါ ယုတ်သူ”ဟု မထင်မှတ်။ စင်စစ်သော်ကား ထိုသို့ ဆိုရာ၌ အမှန်ကိုသာ ထူးသော ဉာဏ်ဖြင့် သိ၍ ကာမဂုဏ်တို့ကို ငြီးငွေ့ခြင်းငှါ တပ်မက်ခြင်းကင်းခြင်းငှါ ချုပ်ခြင်းငှါသာလျှင် ကျင့်၏။
ပရိဗိုဇ်တို့ နောက်တစ်မျိုးကား ဗြာဟ္မဏသည် “အလုံးစုံသော ဘဝတို့သည် အမြဲမရှိကုန်။ပ။ အမှန်ကိုသာ ထူးသော ဉာဏ်ဖြင့် သိ၍ ဘဝတို့ကို ငြီးငွေ့ခြင်းငှါ ကင်းပြတ်ခြင်းငှါ ချုပ်ခြင်းငှါသာလျှင် ကျင့်၏။
ပရိဗိုဇ်တို့ နောက်တစ်မျိုးကား ဗြာဟ္မဏသည် “ငါသည် တစ်စုံတစ်ခု၌ မိမိအတ္တကို မမြင်၊ တစ်စုံ တစ်ယောက်၏ကြောင့်ကြခြင်း၌လည်း မိမိအတ္တကို မမြင်၊ ငါသည် တစ်စုံတစ်ခု၌ (သူတစ်ပါးအတ္တကို) မမြင်၊ ငါသည် တစ်စုံတစ်ခု၌လည်း (သူတစ်ပါးအတ္တကို) ငါ၏ကြောင့်ကြဖွယ်”ဟု မမြင်၊ ဤသို့ဆိုသော ဗြာဟ္မဏသည် မှန်သည်ကိုသာ ဆို၏၊ မမှန်သည်ကို မဆို။ ထို ဗြာဟ္မဏသည် ထို အမှန်ဖြင့် “ငါ သမဏ”ဟု မထင်မှတ်၊ “ငါ ဗြာဟ္မဏ”ဟု မထင်မှတ်၊ “ငါ မြတ်သူ”ဟု မထင်မှတ်၊ “ငါ တူသူ”ဟု မထင်မှတ်၊ “ငါ ယုတ်သူ”ဟု မထင်မှတ်။ စင်စစ်သော်ကား ထိုသို့ ဆိုရာ၌ အမှန်ကိုသာ ထူးသော ဉာဏ်ဖြင့် သိ၍ကြောင့်ကြခြင်း မရှိသူ၏ အဖြစ်သည်သာလျှင် ဖြစ်သော အကျင့်ကို ကျင့်၏။ ပရိဗိုဇ်တို့ ဤဗြာဟ္မဏသစ္စာ လေးမျိုးတို့ကို ငါသည် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟော၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။