အင်္ဂုတ္တရနိကာယ်

(၁၉) ၄-ဗြာဟ္မဏဝဂ်

၇-ဝဿကာရဗြာဟ္မဏသုတ်

၁၈၇။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မဂဓမင်း၏ အမတ်ကြီးဖြစ်သော ဝဿကာရ ပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက် ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ထိုင်လျက် မြတ်စွာဘုရားအား—

အသျှင်ဂေါတမ သူယုတ်သည် သူယုတ်ကို “ဤအသျှင်ကား သူယုတ်တည်း”ဟု သိနိုင်ရာအံ့လောဟု လျှောက်၏။ ပုဏ္ဏား သူယုတ်သည် သူယုတ်ကို “ဤအသျှင်ကား သူယုတ်တည်း”ဟု ဤသို့ သိနိုင်ရာ သော အကြောင်းအခွင့် မရှိဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ သူယုတ်သည် သူတော်ကောင်းကို “ဤအသျှင်ကား သူတော်ကောင်းတည်း”ဟု သိနိုင်ရာအံ့လောဟု (လျှောက်၏)၊ ပုဏ္ဏား သူယုတ်သည့်သူတော်ကောင်းကို “ဤအသျှင်ကား သူတော်ကောင်းတည်း”ဟု ဤသို့ သိနိုင်ရာသော အကြောင်းအခွင့်လည်း မရှိဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ သူတော်ကောင်းသည် သူတော်ကောင်းကို “ဤအသျှင် ကား သူတော်ကောင်းတည်း”ဟု သိနိုင်ရာ အံ့လောဟု (လျှောက်၏)၊ ပုဏ္ဏား သူတော်ကောင်းသည် သူတော်ကောင်းကို “ဤအသျှင်ကား သူတော်ကောင်းတည်း”ဟု သိနိုင်ရာသော အကြောင်းအခွင့် ရှိ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ သူတော်ကောင်းသည် သူယုတ်ကို “ဤအသျှင်ကား သူယုတ်တည်း”ဟု သိနိုင်ရာအံ့လောဟု (လျှောက်၏)၊ ပုဏ္ဏား သူတော်ကောင်းသည် သူယုတ်ကို “ဤအသျှင်ကား သူယုတ်တည်း”ဟု သိနိုင်ရာသော အကြောင်းအခွင့်လည်း ရှိ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ဂေါတမ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ “ပုဏ္ဏား သူယုတ်သည် သူယုတ်ကို ‘ဤအသျှင်ကား သူယုတ်တည်း’ဟု သိနိုင်ရာသော အကြောင်းအခွင့် မရှိ။ ပုဏ္ဏား သူယုတ်သည် သူတော်ကောင်းကို ဤအသျှင်ကား ‘သူတော်ကောင်းတည်း’ဟု သိနိုင်ရာသော အကြောင်းအခွင့်လည်း မရှိ။ ပုဏ္ဏား သူတော်ကောင်းသည် သူတော်ကောင်းကို ‘ဤအသျှင်ကား သူတော်ကောင်းတည်း’ဟု သိနိုင်ရာသော အကြောင်းအခွင့် ရှိ၏။ ပုဏ္ဏား သူတော်ကောင်းသည် သူယုတ်ကို ‘ဤအသျှင်ကား သူယုတ်တည်း’ဟု သိနိုင်ရာသော အကြောင်းအခွင့်လည်း ရှိ၏”ဟု ဤစကားကို အသျှင်ဂေါတမသည် အလွန်ကောင်းစွာ ဟောတော်မူ၏။

အသျှင်ဂေါတမ အခါတစ်ပါး တောဒေယျပုဏ္ဏား၏ ပရိသတ်၌ သူတစ်ပါးတို့အား ကဲ့ရဲ့ရှုတ်ချခြင်းကို ဖြစ်စေကုန်၏၊ “ရာမ၏သား (ဥဒကမည်သော ရသေ့) ရဟန်း၌ အလွန်ကြည်ညို၍ ရာမ၏သား (ဥဒကမည်သော ရသေ့) ရဟန်း၌ ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သဘောရှိသည့် လွန်ကဲစွာ နှိမ့်ချသော အခြင်းအရာကို ပြုသော ဤဧဠေယျမည်သော မင်းသည် မိုက်၏၊ ရာမ၏သား (ဥဒကမည်သော ရသေ့) ရဟန်း၌ အလွန်ကြည်ညိုကုန်၍ ရာမ၏သား (ဥဒကမည်သော ရသေ့) ရဟန်း၌ ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သဘောရှိသည့် လွန်ကဲစွာနှိမ့်ချသော အခြင်းအရာကို ပြုကုန်သော ဧဠေယျမည်သော မင်း၏ အလုပ်အကျွေး ယမက မောဂ္ဂလ္လ ဥဂ္ဂ နာဝိန္ဒကီ ဂန္ဓဗ္ဗ အဂ္ဂိဝေဿမည်ကုန်သော ဤအခြံအရံပရိသတ်တို့သည်လည်း မိုက်ကုန်၏ဟု (ကဲ့ရဲ့ရှုတ်ချခြင်းကို ဖြစ်စေကုန်၏)။

တောဒေယျပုဏ္ဏားသည် ထို ပရိသတ်ရှိလူတို့ကို ဤနည်းဖြင့် သိစေ၏— အချင်းတို့ ထို ငါဆိုမည့် စကားကို အဘယ်သို့ မှတ်ထင်ကုန်ကြသနည်း၊ ပညာရှိသော ဧဠေယျမည်သော မင်းသည် သာမန်ပြုသင့် သောအမှုနှင့် အလွန်အကဲပြုသင့်သော အမှုတို့၌လည်းကောင်း၊ သာမန်ဆိုသင့်သော စကားနှင့် အလွန် အကဲဆိုသင့်သော စကားတို့၌လည်းကောင်း အကျိုးကို မြင်ခြင်းငှါ အစွမ်းနိုင်ဆုံးသော သူတို့ထက် အထူး သဖြင့် အကျိုးကို မြင်ခြင်းငှါ စွမ်းနိုင်သလောဟု (မေး၏)။ အသျှင်ပုဏ္ဏား ဤအတိုင်းမှန်၏၊ ပညာ ရှိသော ဧဠေယျမည်သော မင်းသည် သာမန်ပြုသင့်သော အမှုနှင့် အလွန်အကဲပြုသင့်သော အမှုတို့၌လည်းကောင်း၊ သာမန်ဆိုသင့်သော စကားနှင့် အလွန်အကဲဆိုသင့်သော စကားတို့၌လည်းကောင်း အကျိုးကို မြင်ခြင်းငှါ အစွမ်းနိုင်ဆုံးသော သူတို့ထက် အထူးသဖြင့် အကျိုးကို မြင်ခြင်းငှါ စွမ်းနိုင်ပါ၏။ (ဟု ပြောဆို၏)။

အချင်းတို့ ပညာရှိသော ဧဠေယျမင်းထက် အထူးသဖြင့် ပညာရှိသော ရာမ၏သား (ဥဒက မည်သောရသေ့) ရဟန်းသည် သာမန်ပြုသင့်သော အမှုနှင့် အလွန်အကဲပြုသင့်သော အမှုတို့၌လည်းကောင်း၊ သာမန်ဆိုသင့်သော စကားနှင့် အလွန်အကဲဆိုသင့်သော စကားတို့၌လည်းကောင်း အကျိုးကို မြင်ခြင်းငှါ အစွမ်းနိုင်ဆုံးသော သူတို့ထက် အထူးသဖြင့် အကျိုးကို မြင်ခြင်းငှါ စွမ်းနိုင်သောကြောင့် ဧဠေယျမင်းသည် ရာမ၏သား (ဥဒကမည်သောရသေ့) ရဟန်း၌ အလွန်ကြည်ညို၏၊ ရာမ၏သား (ဥဒကမည်သောရသေ့) ရဟန်း၌ ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်းသဘောရှိသော လွန်ကဲစွာ နှိမ့်ချ့သော အခြင်းအရာကို ပြု၏။

အချင်းတို့ ငါဆိုမည့် စကားကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ပညာရှိကုန်သော ဧဠေယျ မည်သော မင်း၏ အလုပ်အကျွေး ယမက မောဂ္ဂလ္လ ဥဂ္ဂ နာဝိန္ဒကီ ဂန္ဓဗ္ဗ အဂ္ဂိဝေဿတို့သည် သာမန်ပြု သင့်သော အမှုနှင့် အလွန်အကဲပြုသင့်သော အမှုတို့၌လည်းကောင်း၊ သာမန်ဆိုသင့်သော စကားနှင့် အလွန် အကဲဆိုသင့်သော စကားတို့၌လည်းကောင်း အကျိုးကို မြင်ခြင်းငှါ အစွမ်းနိုင်ဆုံးသော သူတို့ထက် အထူး သဖြင့် အကျိုးကို မြင်ခြင်းငှါ စွမ်းနိုင်သလောဟု (မေး၏)။ အသျှင်ပုဏ္ဏား ဤအတိုင်းမှန်၏၊ ပညာရှိ ကုန်သော ဧဠေယျမည်သော မင်း၏ အလုပ်အကျွေး ယမက မောဂ္ဂလ္လ ဥဂ္ဂ နာဝိန္ဒကီ ဂန္ဓဗ္ဗ အဂ္ဂိ ဝေဿတို့သည်လည်း သာမန်ပြုသင့်သော အမှုနှင့် အလွန်အကဲပြုသင့်သော အမှုတို့၌လည်းကောင်း၊ သာမန်ဆိုသင့်သော စကားနှင့် အလွန်အကဲဆိုသင့်သော စကားတို့၌လည်းကောင်း အကျိုးကို မြင်ခြင်းငှါ အစွမ်းနိုင်ဆုံးသော သူတို့ထက် အထူးသဖြင့် အကျိုးကို မြင်ခြင်းငှါ စွမ်းနိုင်ပါ၏ဟု (ပြောဆို၏)။

အချင်းတို့ ပညာရှိကုန်သော ဧဠေယျမင်း၏ အလုပ်အကျွေးတို့ထက် အထူးသဖြင့် ပညာရှိသော ရာမ၏သား (ဥဒကမည်သော ရသေ့) ရဟန်းသည် သာမန်ပြုသင့်သော အမှုနှင့် အလွန်အကဲပြုသင့်သော အမှုတို့၌လည်းကောင်း၊ သာမန်ဆိုသင့်သော စကားနှင့် အလွန်အကဲဆိုသင့်သော စကားတို့၌လည်းကောင်း အကျိုးကို မြင်ခြင်းငှါ အစွမ်းနိုင်ဆုံးသော သူတို့ထက် အထူးသဖြင့် အကျိုးကို မြင်ခြင်းငှါ စွမ်းနိုင်၏၊ ထို့ကြောင့် ဧဠေယျမင်း၏ အလုပ်အကျွေးတို့သည် ရာမ၏သား (ဥဒကမည်သော ရသေ့) ရဟန်း၌ အလွန်ကြည်ညိုကုန်၏၊ ရာမ၏သား (ဥဒကမည်သော ရသေ့) ရဟန်း၌ ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်းသဘောရှိသော လွန်ကဲစွာ နှိမ့်ချသော အခြင်းအရာကို ပြုကုန်၏ဟု (သိစေ၏)။

အသျှင်ဂေါတမ အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ဂေါတမ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ “ပုဏ္ဏား သူယုတ်သည် သူယုတ်ကို ‘ဤအသျှင်ကား သူယုတ်တည်း’ဟု ဤသိခြင်းသည် အကြောင်း အခွင့် မဟုတ်။ ပုဏ္ဏား သူယုတ်သည် သူတော်ကောင်းကို ‘ဤအသျှင်ကား သူတော်ကောင်းတည်း’ဟု ဤသိခြင်းသည်လည်း အကြောင်းအခွင့် မဟုတ်။ ပုဏ္ဏား သူတော်ကောင်းသည် သူတော်ကောင်းကို ‘ဤအသျှင်ကား သူတော် ကောင်းတည်း’ဟု သိနိုင်ရာသော အကြောင်း အခွင့်သည် ရှိ၏။ ပုဏ္ဏား သူတော်ကောင်းသည် သူယုတ်ကို ‘ဤအသျှင်ကား သူယုတ်တည်း’ဟု သိနိုင်ရာသော အကြောင်းအခွင့်သည်လည်း ရှိ၏”ဟု ဤစကားကို အသျှင်ဂေါတမသည် အလွန်ကောင်းစွာ ဟောကြားတော်မူပါ၏။ အသျှင်ဂေါတမ ယခုအခါ၌ အကျွန်ုပ်တို့သည် သွားပါကုန်အံ့၊ အကျွန်ုပ်တို့သည် အလုပ်ကိစ္စများပါကုန်၏၊ ပြုဖွယ် များပြားပါကုန်၏ဟု (လျှောက်၏)။ ပုဏ္ဏား ယခုအခါ၌ သွားရန် အချိန်ကို သင်သိ၏ (သွားရန်မှာ သင့်အလိုအတိုင်းပင် ဖြစ်၏)ဟု မိန့်တော်မူ၏။ ထိုအခါ မဂဓမင်း၏ အမတ်ကြီးဖြစ်သော ဝဿကာရပုဏ္ဏားသည် မြတ်စွာဘုရား ဟောတော်မူအပ်သော တရားတော်ကို အလွန်နှစ်သက် ဝမ်းမြောက်လျက် နေရာမှ ထ၍ ဖဲသွား လေသတည်း။

သတ္တမသုတ်။