အင်္ဂုတ္တရနိကာယ်
(၈) ၃-အပဏ္ဏကဝဂ်
၇-အစိန္တေယျသုတ်
၇၇။ ရဟန်းတို့ မကြံသင့်သော ဤလေးမျိုးတို့ကို မကြံအပ်ကုန်၊ ယင်းလေးမျိုးတို့ကို ကြံသူသည့်ရူးသွပ်ရန် ဆင်းရဲပင်ပန်းရန်သာ ဖြစ်၏၊ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ မကြံသင့်သော ဘုရားသျှင်တို့၏ ဘုရားအရာကို မကြံအပ်၊ ယင်း (ဘုရားအရာ) ကို ကြံသူသည် ရူးသွပ်ရန် ဆင်းရဲ ပင်ပန်းရန်သာ ဖြစ်၏။ ရဟန်းတို့ မကြံသင့်သော ဈာန်ရပုဂ္ဂိုလ်၏ ဈာန်အရာကို မကြံအပ်၊ ယင်း (ဈာန်အရာ) ကို ကြံသူသည် ရူးသွပ်ရန် ဆင်းရဲပင်ပန်းရန်သာ ဖြစ်၏။ ရဟန်းတို့ မကြံသင့်သော ကံအကျိုးကို မကြံအပ်။ ယင်း (ကံအကျိုး) ကို ကြံသူသည် ရူးသွပ်ရန် ဆင်းရဲပင်ပန်းရန်သာ ဖြစ်၏။ မကြံသင့်သော လောကကို ကြံခြင်းကို မကြံအပ်၊ ယင်းလောကကို ကြံသူသည် ရူးသွပ်ရန် ဆင်းရဲ ပင်ပန်းရန်သာ ဖြစ်၏။ ရဟန်းတို့ မကြံသင့်သော ဤလေးမျိုးတို့ကို မကြံအပ်ကုန်။ ယင်းလေးမျိုးတို့ကို ကြံသူသည် ရူးသွပ်ရန် ဆင်းရဲပင်ပန်းရန်သာ ဖြစ်၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။