အင်္ဂုတ္တရနိကာယ်
(၂ဝ) ၅-ဗြာဟ္မဏဝဂ်
၂-ဒေါဏဗြာဟ္မဏသုတ်
၁၉၂။ ထိုအခါ ဒေါဏပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက် ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေ ပြီးနောက်တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား —
အသျှင်ဂေါတမ “ရဟန်းဂေါတမသည် အိုမင်း ကြီးမြင့် အရွယ်ရင့်ကာ ဆင့်ဆင့်လွန်မြောက်နောက်ဆုံးအရွယ်သို့ ရောက်ကုန်သော ပုဏ္ဏားတို့ကို ရှိလည်း မခိုး၊ ခရီးဦးလည်း မကြိုဆို၊ နေရာလည်း မပေး”ဟူသော စကားကို အကျွန်ုပ် ကြားဖူးပါ၏၊ ထိုစကားသည် ကြားသည့်အတိုင်းမှန်သည် သာတည်း၊ အသျှင်ဂေါတမသည် အိုမင်း ကြီးမြင့် အရွယ်ရင့်ကာ ဆင့်ဆင့်လွန်မြောက်နောက်ဆုံးအရွယ်သို့ ရောက်ကုန်သော ပုဏ္ဏားတို့ကို ရှိလည်း မခိုး၊ ခရီးဦးလည်း မကြိုဆို၊ နေရာလည်း မပေး၊ အသျှင် ဂေါတမ ထို (ရှိခိုးခြင်းစသည်ကို မပြုခြင်း) သည်မသင့်လျော်သည်သာတည်းဟု လျှောက်၏။
ဒေါဏ သင်သည်လည်း ပုဏ္ဏားဟု ဝန်ခံပါသလောဟု (မေးတော်မူ၏)။
အသျှင်ဂေါတမ “ပုဏ္ဏားသည် အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှ ကောင်းသော ဇာတ်ရှိ၏၊ ဘိုး ဘေးခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့် အပယ်မခံရ၊ အကဲ့ရဲ့ မခံရ၊ ဝေဒကျမ်းလာ ဂါထာတို့ကို ရွတ်ဆိုတတ်၏၊ ဝေဒကျမ်းတို့ကို ဆောင်၏၊ အဘိဓာန်’နိဃဏ္ဍု’ ကျမ်း၊ အလင်္ကာ ‘ကေဋုဘ’ကျမ်း၊ သဒ္ဒါ ‘အက္ခရပ္ပဘေဒ’ ကျမ်း၊ ငါးခုမြောက် ဣတိဟာသကျမ်း နှင့်တကွ ဗေဒင်သုံးပုံတို့၏ တစ်ဖက်ကမ်းသို့ ရောက်၏၊ ပဒကျမ်းကို တတ်၏၊ ဗျာကရုဏ်းကျမ်းကို တတ်၏၊ လောကာယတကျမ်း၊ မဟာပုရိသလက္ခဏာကျမ်းတို့၌ အကြွင်းမဲ့တတ်မြောက်၏”ဟူသော စကားကို ကောင်းစွာ ဆိုလိုသော သူသည် အကျွန်ုပ်ကိုသာလျှင် ဆိုလတ်သော်ကောင်းစွာ ဆိုရာ ရောက်၏။
အသျှင်ဂေါတမ “အကျွန်ုပ်သည်ကား အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှ ကောင်းသောဇာတ်ရှိပါသည်၊ ဘိုး ဘေး ခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိပါသည်၊ ဇာတ်နှင့်စပ်သော စကားဖြင့် အပယ်မခံရ အကဲ့ရဲ့ မခံရပါ၊ ဝေဒကျမ်းလာဂါထာတို့ကို ရွတ်ဆိုတတ်ပါသည်၊ ဝေဒကျမ်းတို့ကိုဆောင်ပါသည်၊ အဘိဓာန် ‘နိဃဏ္ဍု’ ကျမ်း၊ အလင်္ကာ’ကေဋုဘ’ကျမ်း၊ သဒ္ဒါ ‘အက္ခရပ္ပဘေဒ’ ကျမ်း၊ ငါးခုမြောက် ဣတိဟာသကျမ်းနှင့် တကွ ဗေဒင်သုံးပုံတို့၏ တစ်ဖက်ကမ်းသို့ ရောက်ပါသည်၊ ပဒကျမ်းကိုတတ်ပါသည်၊ ဗျာကရုဏ်းကျမ်းကို တတ်ပါသည်၊ လောကာယတကျမ်း၊ မဟာပုရိသလက္ခဏာကျမ်းတို့၌ အကြွင်းမဲ့ တတ်မြောက်ပါသည်”ဟု (လျှောက်၏)။
ဒေါဏ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ လက်ဦးဆရာဖြစ်ကုန်သော ဝေဒကျမ်းတို့ကို စီရင်ကုန် သော ဝေဒကျမ်းတို့ကို ပို့ချကုန်သော အကြင်ရသေ့တို့သည် ရှိကုန်၏၊ ယခုအခါ ပုဏ္ဏားတို့သည် ယင်း (ရသေ့) တို့ သီဆို ပို့ချ ပေါင်းစုထားသော ထိုရှေးဟောင်း ဝေဒကျမ်းကို လိုက်၍ သီဆိုကုန်၏၊ လိုက်၍ရွတ်ဆိုကုန်၏၊ ရွတ်ဆိုထားတိုင်း လိုက်၍ ရွတ်ဆိုကုန်၏၊ ရွတ်အံသရဇ္ဈာယ်တိုင်းလိုက်၍ ရွတ်အံသရဇ္ဈာယ်ကုန်၏၊ ပို့ချထားတိုင်း လိုက်၍ ပို့ချကုန်၏၊ ဤရသေ့တို့ကား အဘယ်နည်း၊ အဋ္ဌကရသေ့ ဝါမကရသေ့ ဝါမဒေဝရသေ့ ဝေဿာ မိတ္တရသေ့ ယမဒဂ္ဂိရသေ့ အင်္ဂ ီရသရသေ့ဘာရဒွါဇရသေ့ ဝါသေဋ္ဌရသေ့ ကဿပ ရသေ့ ဘဂုရသေ့ တို့တည်း။
ထိုရသေ့တို့၏ တပည့်ပုဏ္ဏားတို့သည် —
ဗြဟ္မာနှင့်တူသော ပုဏ္ဏား။
နတ်နှင့်တူသော ပုဏ္ဏား။
စည်းကမ်းရှိသော ပုဏ္ဏား။
စည်းကမ်းပျက်သော ပုဏ္ဏား။
ငါးယောက်မြောက် ဒွန်းစဏ္ဍားနှင့်တူသော ပုဏ္ဏားဟူ၍ ဤပုဏ္ဏားငါးမျိုးတို့ကို ပညတ်ကုန်၏။
ဒေါဏ သင်သည် ထိုပုဏ္ဏားငါးမျိုးတို့တွင် အဘယ်အမျိုးအစားနည်းဟု (မေးတော်မူ၏)။
အသျှင်ဂေါတမ အကျွန်ုပ်သည် ပုဏ္ဏားငါးမျိုးတို့ကို မသိပါကုန်၊ စင်စစ်သော်ကား အကျွန်ုပ်တို့ သည်ပုဏ္ဏားတို့ဟူ၍သာ သိပါကုန်၏။
အသျှင်ဂေါတမသည် အကျွန်ုပ်အား ဤပုဏ္ဏားငါးမျိုးတို့ကို သိနိုင်အောင် တရားဟောတော်မူပါရန်တောင်းပန်ပါ၏ဟု (လျှောက်၏)။
ဒေါဏသို့ဖြစ်လျှင် နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောကြားပေအံ့ဟု (မိန့်တော်မူ၏)။
“အသျှင်ဂေါတမ ကောင်းပါပြီ”ဟု ဒေါဏပုဏ္ဏားသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏၊ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏ —
ဒေါဏ အဘယ်သို့လျှင် ပုဏ္ဏားသည် ဗြဟ္မာနှင့်တူသနည်း။
ဒေါဏ ဤလောက၌ ပုဏ္ဏားသည် အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှ ကောင်းသော ဇာတ် ရှိ၏၊ ဘိုး ဘေး ခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့် အပယ်မခံရအကဲ့ရဲ့ မခံရ၊ ထိုပုဏ္ဏားသည် လေးဆယ့်ရှစ်နှစ်တို့ပတ်လုံး ဝေဒကျမ်းတို့ကို ရွတ်ဖတ်လျက်ကောမာရဗြဟ္မစရိယ အကျင့်ကို ကျင့်၏။ လေးဆယ့်ရှစ်နှစ်တို့ပတ်လုံး ကောမာရဗြဟ္မစရိယအကျင့်ကိုကျင့်၍ ဝေဒကျမ်းတို့ကို ရွတ်ဖတ်ပြီးလျှင် ဆရာအား (ပူဇော်ရန်) ဆရာတွက် ဥစ္စာကို တရားသဖြင့်သာလျှင် ရှာမှီး၏၊ မတရားသဖြင့် မရှားမှီး။
ဒေါဏ ထိုဥစ္စာရှာမှီးရာ၌ တရားဟူသည် အဘယ်နည်း။
လယ်လုပ်ခြင်းကုန်သွယ်ခြင်း နွားမွေးခြင်း စစ်မှုထမ်းခြင်း မင်းမှုထမ်းခြင်းဖြင့်လည်းကောင်း၊ အတတ်ပညာတစ်မျိုးမျိုးဖြင့်လည်းကောင်း မရှာမှီး၊ တောင်းရမ်းသော အကျင့်သက်သက်ဖြင့်သာလျှင်ခွက်ကို မထီမဲ့မြင် မပြုမူ၍ ရှာမှီး၏၊ ထိုသူသည် ဆရာအား (ပူဇော်ရန်) ဆရာတွက် ဥစ္စာကိုအပ်နှင်းခဲ့၍ ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံလျက် လူ့ဘောင်မှရဟန်းဘောင်သို့ ဝင်ရောက်၏။
ထိုသူသည် ဤသို့ ရဟန်းပြုပြီးသည်ရှိသော် မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ဤနည်းဖြင့် အထက်အောက်ဖီလာ အလုံးစုံသောအရပ်မျက်နှာတို့၌ ရှိသော သတ္တဝါအားလုံးကို မိမိနှင့်အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကိုပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ ကရုဏာနှင့်ယှဉ်သော စိတ်ဖြင့်။ပ။ မုဒိတာနှင့်ယှဉ်သောစိတ်ဖြင့်။ပ။
လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကိုပျံ့နှံ့စေ၍ နေ၏။ ဤနည်းအားဖြင့် အထက်အောက်ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသောသတ္တဝါအားလုံးကို မိမိနှင့်အတူ ပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသောမြင့်မြတ် သော အတိုင်းအရှည်မရှိသော ရန်မရှိ သော ငြိုငြင်ခြင်းမရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’နှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။
ထိုသူသည် ဤဗြဟ္မဝိဟာရတရား လေးပါးတို့ကို ပွါးများပြီးလျှင် ခန္ဓာကိုယ်ပျက်စီး၍ သေပြီး သည်မှနောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော ဗြဟ္မာ့ပြည်သို့ ရောက်၏။
ဒေါဏ ဤသို့လျှင် ပုဏ္ဏားသည် ဗြဟ္မာနှင့်တူ၏။ (၁)
ဒေါဏ အဘယ်သို့လျှင် ပုဏ္ဏားသည် နတ်နှင့်တူသနည်း။
ဒေါဏ ဤလောက၌ ပုဏ္ဏားသည် အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှ ကောင်းသော ဇာတ် ရှိ၏၊ ဘိုး ဘေး ခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့် အပယ်မခံရ အကဲ့ရဲ့ မခံရ၊ ထိုပုဏ္ဏားသည် လေးဆယ့်ရှစ်နှစ်တို့ပတ်လုံး ဝေဒကျမ်းတို့ကို ရွတ်ဖတ်လျက်ကောမာရဗြဟ္မစရိယအကျင့်ကို ကျင့်၏၊ လေးဆယ့်ရှစ်နှစ်တို့ပတ်လုံး ကောမာရဗြဟ္မစရိယအကျင့်ကိုကျင့်၍ ဝေဒကျမ်းတို့ကို ရွတ်ဖတ်ပြီးလျှင် ဆရာအား (ပူဇော်ရန်) ဆရာအတွက် ဥစ္စာကိုတရားသဖြင့်သာလျှင် ရှာမှီး၏၊ မတရားသဖြင့် မရှားမှီး။
ဒေါဏ ထိုဥစ္စာရှာမှီးရာ၌ တရားဟူသည် အဘယ်နည်း။
လယ်လုပ်ခြင်းကုန်သွယ်ခြင်း နွားမွေးခြင်း စစ်မှုထမ်းခြင်း မင်းမှုထမ်းခြင်းဖြင့်လည်းကောင်း၊ အတတ်ပညာတစ်မျိုးမျိုးဖြင့်လည်းကောင်း မရှာမှီး၊ တောင်းရမ်းသော အကျင့်သက်သက်ဖြင့်သာလျှင် ခွက်ကို မထီမဲ့မြင် မပြုမူ၍ ရှာမှီး၏၊ ထိုသူသည် ဆရာအား (ပူဇော်ရန်) ဆရာတွက် ဥစ္စာကို အပ်နှင်းခဲ့၍တရားသဖြင့်သာလျှင် မယားကို ရှာမှီး၏၊ မတရားသဖြင့် မရှာမှီး။
ဒေါဏ ထိုမယားရှာရာ၌ တရားဟူသည် အဘယ်နည်း။
ဝယ်ခြင်း ရောင်းခြင်းဖြင့် မရှာမှီး၊ ရေစက်သွန်းချ၍ စွန့်လွှတ်အပ်သော ပုဏ္ဏေးမကိုသာလျှင် ရှာမှီး၏၊ ထိုသူသည် ပုဏ္ဏေးမကိုသာလျှင် သွားလာ၏၊ မင်းသမီးကုန်သည်အမျိုးသမီး သူဆင်းရဲ အမျိုးသမီးဒွန်းစဏ္ဍားအမျိုးသမီး မုဆိုးအမျိုးသမီး နှီးသမားအမျိုးသမီး သားရေနယ်အမျိုးသမီးပန်းမှိုက်သွန်အမျိုးသမီး ကိုယ်ဝန်ဆောင်မိန်းမ နို့တိုက်သော မိန်းမ ဥတုမလာသော မိန်းမတို့ကိုမသွားလာ။
ဒေါဏ ပုဏ္ဏားသည် ကိုယ်ဝန်ဆောင်မိန်းမကို အဘယ့်ကြောင့် မသွားလာသနည်း။
ဒေါဏ ပုဏ္ဏားသည် ကိုယ်ဝန်ဆောင်မိန်းမကို အကယ်၍ သွားလာခဲ့ပါမူ ထို (ကိုယ်ဝန်၌ ရှိသော) သူငယ်ဖြစ်စေ သူငယ်မဖြစ်စေ အလွန်ကြီးမားသော မစင်စု၌ ဖြစ်သည် မည်၏၊ ထို့ကြောင့် ပုဏ္ဏားသည်ကိုယ်ဝန်ဆောင်မိန်းမကို မသွားလာ။
ဒေါဏ ပုဏ္ဏားသည် နို့တိုက်သော မိန်းမကို အဘယ့်ကြောင့် မသွားလာသနည်း။
ဒေါဏ ပုဏ္ဏားသည် နို့တိုက်သော မိန်းမကို အကယ်၍ သွားလာခဲ့ပါမူ ထို (နို့စို့သော) သူငယ် ဖြစ်စေသူငယ်မဖြစ်စေ မစင်မကြယ် စက်ဆုပ်ဖွယ်ဖြင့် နှိပ်စက်အပ်သည် မည်၏၊ ထို့ကြောင့် ပုဏ္ဏားသည်နို့တိုက်သော မိန်းမကို မသွားလာ။
ထိုပုဏ္ဏေးမသည် ထိုပုဏ္ဏားအတွက် ကာမဂုဏ်ခံစားရန် မြူးထူးရန် မွေ့လျော်ရန် မဟုတ်၊ သား့သမီးရရန်သာ ဖြစ်၏၊ ထိုပုဏ္ဏားသည် သားသမီးကို ဖြစ်စေ၍ ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံလျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏။
ထိုသူသည် ဤသို့ ရဟန်းပြုပြီးသည်ရှိသော် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင်။ပ။ စတုတ္ထ ဈာန်သို့ရောက်၍ နေ၏၊ ထိုသူသည် ဤဈာန်လေးပါးတို့ကို ပွါးများပြီးလျှင် ခန္ဓာကိုယ်ပျက်စီး၍ သေပြီး သည်မှနောက်၌ ကောင်းသော သူတို့၏ လားရာဖြစ်သော ဗြဟ္မာ့ပြည်သို့ ရောက်၏။ ဒေါဏ ဤသို့လျှင်ပုဏ္ဏားသည် နတ်နှင့် တူ၏။ (၂)
ဒေါဏ အဘယ်သို့လျှင် ပုဏ္ဏားသည် စည်းကမ်းရှိသူ ဖြစ်သနည်း။
ဒေါဏ ဤလောက၌ ပုဏ္ဏားသည် အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှ ကောင်းသော ဇာတ် ရှိ၏၊ ဘိုး ဘေး ခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့် အပယ်မခံရအကဲ့ရဲ့ မခံရ၊ ထိုပုဏ္ဏားသည် လေးဆယ့်ရှစ်နှစ်တို့ပတ်လုံး ဝေဒကျမ်းတို့ကို ရွတ်ဖတ်လျက်ကောမာရဗြဟ္မစရိယ အကျင့်ကို ကျင့်၏။ လေးဆယ့်ရှစ်နှစ်တို့ပတ်လုံး ကောမာရဗြဟ္မစရိယအကျင့်ကိုကျင့်၍ ဝေဒကျမ်းတို့ကို ရွတ်ဖတ်ပြီးလျှင် ဆရာအား (ပူဇော်ရန်) ဆရာအတွက် ဥစ္စာကို တရားသဖြင့်သာလျှင် ရှာမှီး၏၊ မတရားသဖြင့် မရှာမှီး။
ဒေါဏ ထိုဥစ္စာရှာမှီးရာ၌ တရားဟူသည် အဘယ်နည်း။
လယ်လုပ်ခြင်းကုန်သွယ်ခြင်း နွားမွေးခြင်း စစ်မှုထမ်းခြင်း မင်းမှုထမ်းခြင်းဖြင့်လည်းကောင်း၊ အတတ်ပညာ တစ်မျိုးမျိုးဖြင့်လည်းကောင်း မရှာမှီး၊ တောင်းရမ်းသော အကျင့် သက်သက်ဖြင့်သာလျှင်ခွက်ကို မထီမဲ့မြင် မပြုမူ၍ ရှာမှီး၏၊ ထိုသူသည် ဆရာအား (ပူဇော်ရန်) ဆရာတွက် ဥစ္စာကို အပ်နှင်းခဲ့၍ တရားသဖြင့်သာလျှင် မယားကို ရှာမှီး၏၊ မတရားသဖြင့် မရှာမှီး။
ဒေါဏ ထိုမယားရှာရာ၌ တရားဟူသည် အဘယ်နည်း။
ဝယ်ခြင်း ရောင်းခြင်းဖြင့် မရှာမှီး၊ ရေစက်သွန်းချ၍ စွန့်လွှတ်အပ်သော ပုဏ္ဏေးမကိုသာလျှင် ရှာမှီး၏၊ ထိုသူသည် ပုဏ္ဏေးမကိုသာလျှင် သွားလာ၏၊ မင်းသမီးကုန်သည်အမျိုးသမီး သူဆင်းရဲ အမျိုးသမီးဒွန်းစဏ္ဍားအမျိုးသမီး မုဆိုးအမျိုးသမီး နှီးသမားအမျိုးသမီး သားရေနယ်အမျိုးသမီးပန်းမှိုက်သွန်အမျိုးသမီး ကိုယ်ဝန်ဆောင်မိန်းမ နို့တိုက်သော မိန်းမ ဥတုမလာသော မိန်းမတို့ကိုမသွားလာ။
ဒေါဏ ပုဏ္ဏားသည် ကိုယ်ဝန်ဆောင်မိန်းမကို အဘယ့်ကြောင့် မသွားလာသနည်း။
ဒေါဏ ပုဏ္ဏားသည် ကိုယ်ဝန်ဆောင်မိန်းမကို အကယ်၍ သွားလာခဲ့ပါမူ ထို (ကိုယ်ဝန်၌ ရှိသော) သူငယ်ဖြစ်စေ သူငယ်မဖြစ်စေ အလွန်ကြီးမားသော မစင်စု၌ ဖြစ်သည် မည်၏၊ ထို့ကြောင့် ပုဏ္ဏားသည်ကိုယ်ဝန်ဆောင်မိန်းမကို မသွားလာ။
ဒေါဏ ပုဏ္ဏားသည် နို့တိုက်သော မိန်းမကို အဘယ့်ကြောင့် မသွားလာသနည်း။
ဒေါဏ ပုဏ္ဏားသည် နို့တိုက်သော မိန်းမကို အကယ်၍ သွားလာခဲ့ပါမူ ထို (နို့စို့သော) သူငယ် ဖြစ်စေသူငယ်မဖြစ်စေ မစင်မကြယ် စက်ဆုပ်ဖွယ်ဖြင့် နှိပ်စက်အပ်သည် မည်၏၊ ထို့ကြောင့် ပုဏ္ဏားသည်နို့တိုက်သော မိန်းမကို မသွားလာ။
ထိုပုဏ္ဏေးမသည် ထိုပုဏ္ဏားအတွက် ကာမဂုဏ်ခံစားရန် မြူးထူးရန် မွေ့လျော်ရန် မဟုတ်၊ သားသမီးရရန်သာ ဖြစ်၏၊ ထိုပုဏ္ဏားသည် သားသမီးကို ဖြစ်စေ၍ ထိုသားသမီး၌ ချစ်ခြင်းကိုသာလျှင်တောင့်တလျက် ဥစ္စာကို စိုးအုပ်၍ နေ၏၊ လူ့ဘောင်မှ ရဟန်းဘောင်သို့ မဝင်ရောက်၊ ရှေးပုဏ္ဏားတို့စည်းကမ်းရှိသလောက် တည်၏၊ ထိုစည်းကမ်းကို မလွန်၊ “ဒေါဏ ရှေးပုဏ္ဏားတို့ စည်းကမ်းရှိသလောက် တည်၍ ထိုစည်းကမ်းကို မလွန်သောကြောင့် ပုဏ္ဏားကို စည်းကမ်းရှိသူ”ဟု ဆိုအပ်၏၊ ဒေါဏဤသို့လျှင် ပုဏ္ဏားသည် စည်းကမ်းရှိသူ ဖြစ်၏။ (၃) ့ဒေါဏ အဘယ်သို့လျှင် ပုဏ္ဏားသည် စည်းကမ်းပျက်သူ ဖြစ်သနည်း။
ဒေါဏ ဤလောက၌ ပုဏ္ဏားသည် အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှ ကောင်းသော ဇာတ် ရှိ၏၊ ဘိုး ဘေး ခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့် အပယ်မခံရ အကဲ့ရဲ့ မခံရ၊ ထိုပုဏ္ဏားသည် လေးဆယ့်ရှစ်နှစ်တို့ပတ်လုံး ဝေဒကျမ်းတို့ကို ရွတ်ဖတ်လျက်ကောမာရဗြဟ္မစရိယ အကျင့်ကို ကျင့်၏၊ လေးဆယ့်ရှစ်နှစ်တို့ပတ်လုံး ကောမာရဗြဟ္မစရိယအကျင့်ကိုကျင့်၍ ဝေဒကျမ်းတို့ကို ရွတ်ဖတ်ပြီးလျှင် ဆရာအား (ပူဇော်ရန်) ဆရာအတွက် ဥစ္စာကို တရားသဖြင့်သာလျှင် ရှာမှီး၏၊ မတရားသဖြင့် မရှားမှီ။
ဒေါဏ ထိုဥစ္စာရှာမှီးရာ၌ တရားဟူသည် အဘယ်နည်း။
လယ်လုပ်ခြင်းကုန်သွယ်ခြင်း နွားမွေးခြင်း စစ်မှုထမ်းခြင်း မင်းမှုထမ်းခြင်းဖြင့်လည်းကောင်း၊ အတတ်ပညာ တစ်မျိုးမျိုးဖြင့်လည်းကောင်း မရှာမှီး၊ တောင်းရမ်းသော အကျင့်သက်သက်ဖြင့်သာလျှင်ခွက်ကို မထီမဲ့မြင် မပြုမူ၍ ရှာမှီး၏၊ ထိုသူသည် ဆရာအား (ပူဇော်ရန်) ဆရာတွက် ဥစ္စာကိုအပ်နှင်းခဲ့၍ တရားသဖြင့်လည်း မယားကို ရှာမှီး၏၊ မတရားသဖြင့်လည်း ရှာမှီး၏။ ရောင်းခြင်းဝယ်ခြင်းဖြင့်လည်း မယားကို ရှာမှီး၏၊ ရေစက်သွန်းချ ပေးလှူအပ်သော ပုဏ္ဏေးမကိုလည်း ရှာမှီး၏။
ထိုပုဏ္ဏားသည် ပုဏ္ဏေးမကိုလည်း သွားလာ၏၊ မင်းသမီးကုန်သည်အမျိုးသမီး သူဆင်းရဲ အမျိုးသမီးဒွန်းစဏ္ဍားအမျိုးသမီး မုဆိုးအမျိုးသမီး နှီးသမားအမျိုးသမီး သားရေနယ်အမျိုးသမီးပန်းမှိုက်သွန်အမျိုးသမီး ကိုယ်ဝန်ဆောင်မိန်းမ နို့တိုက်သော မိန်းမ ဥတုလာသော မိန်းမ ဥတုမလာသောမိန်းမတို့ကိုလည်း သွားလာ၏။
ထိုပုဏ္ဏေးမသည် ထိုပုဏ္ဏားအတွက် ကာမဂုဏ်ခံစားရန် မြူးထူးရန် မွေ့လျော်ရန်လည်း ဖြစ်၏၊ သားသမီး ရရန်လည်း ဖြစ်၏၊ ရှေးပုဏ္ဏေားတို့ စည်းကမ်းရှိသလောက် မတည်၊ ထိုစည်းကမ်းကို လွန်၏။
“ဒေါဏ ရှေးပုဏ္ဏားတို့ စည်းကမ်းရှိသလောက် မတည်မူ၍ ထိုစည်းကမ်းကို လွန်သောကြောင့်ပုဏ္ဏားကို စည်းကမ်းပျက်သူ”ဟူ၍ ဆိုအပ်၏။ ဒေါဏ ဤသို့လျှင် ပုဏ္ဏားသည် စည်းကမ်းပျက်သူဖြစ်၏။ (၄)
ဒေါဏ အဘယ်သို့လျှင် ပုဏ္ဏားသည် ဒွန်းစဏ္ဍားနှင့် တူသနည်း။
ဒေါဏ ဤလောက၌ ပုဏ္ဏားသည် အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှ ကောင်းသော ဇာတ် ရှိ၏၊ ဘိုး ဘေး ခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့် အပယ်မခံရ အကဲ့ရဲ့ မခံရ၊ ထိုပုဏ္ဏားသည် လေးဆယ့်ရှစ်နှစ်တို့ပတ်လုံး ဝေဒကျမ်းတို့ကို ရွတ်ဖတ်လျက်ကောမာရဗြဟ္မစရိယ အကျင့်ကို ကျင့်၏၊ လေးဆယ့်ရှစ်နှစ်တို့ပတ်လုံး ကောမာရဗြဟ္မစရိယ အကျင့်ကိုကျင့်၍ ဝေဒကျမ်းတို့ကို ရွတ်ဖတ်ပြီးလျှင် ဆရာအား (ပူဇော်ရန်) ဆရာအတွက် ဥစ္စာကို တရားသဖြင့်လည်း ရှာမှီး၏၊ မတရားသဖြင့်လည်း ရှားမှီး၏၊ လယ်ထွန်ခြင်းကုန်သွယ်ခြင်း နွားမွေးခြင်းစစ်မှုထမ်းခြင်း မင်းမှုထမ်းခြင်းဖြင့်လည်းကောင်း၊ အတတ်ပညာ တစ်မျိုးမျိုးဖြင့်လည်းကောင်း ရှာမှီး၏၊ တောင်းရမ်းသော အကျင့်သက်သက်ဖြင့်သာလျှင် ခွက်ကို မထီမဲ့မြင် မပြုမူ၍လည်း ရှာမှီး၏။
ထိုပုဏ္ဏားသည် ဆရာအား (ပူဇော်ရန်) ဆရာတွက် ဥစ္စာကို အပ်နှင်းခဲ့၍ တရားသဖြင့်လည်း မယားကိုရှာမှီး၏၊ မတရားသဖြင့်လည်း ရှာမှီး၏။ ရောင်းခြင်း ဝယ်ခြင်းဖြင့်လည်း မယားကို ရှာမှီး၏၊ ရေစက်သွန်းချ၍ စွန့်လွှတ်အပ်သော ပုဏ္ဏေးမကိုလည်း ရှာမှီး၏။
ထိုပုဏ္ဏားသည် ပုဏ္ဏေးမကိုလည်း သွားလာ၏၊ မင်းသမီးကုန်သည်အမျိုးသမီး သူဆင်းရဲ အမျိုးသမီးဒွန်းစဏ္ဍားအမျိုးသမီး မုဆိုးအမျိုးသမီး နှီးသမားအမျိုးသမီး သားရေနယ်အမျိုးသမီးပန်းမှိုက်သွန်အမျိုးသမီး ကိုယ်ဝန်ဆောင်မိန်းမ နို့တိုက်သော မိန်းမ ဥတုလာသော မိန်းမ ဥတုမလာသောမိန်းမတို့ကိုလည်း သွားလာ၏။
ထိုပုဏ္ဏေးမသည် ထိုပုဏ္ဏားအတွက် ကာမဂုဏ်ခံစားရန် မြူးထူးရန်လည်း ဖြစ်၏၊ သားသမီး ရရန်လည်းဖြစ်၏၊ ထိုပုဏ္ဏားသည် အမှုအားလုံးတို့ဖြင့် အသက်မွေး၏။ ထိုပုဏ္ဏားကို (အခြား) ပုဏ္ဏား တို့သည်ဤသို့ ဆိုကြကုန်၏ —
“အသျှင်သည် ပုဏ္ဏားဟု ဝန်ခံလျက် အမှုအားလုံးတို့ဖြင့် အဘယ့်ကြောင့် အသက်မွေးဘိ သနည်း”ဟု (ဆိုကုန်၏)။
ထိုပုဏ္ဏားသည် ဤသို့ ပြန်ပြော၏ —
“အသျှင်တို့ ဥပမာအားဖြင့် မီးသည် စင်ကြယ်သော ဝတ္ထုကိုလည်း လောင်ကျွမ်း၏၊ မစင်ကြယ် သောဝတ္ထုကိုလည်း လောင်ကျွမ်း၏၊ မီးသည် ထိုဝတ္ထုဖြင့်လည်း မလိမ်းကျံ။
အသျှင်တို့ ဤအတူသာလျှင် ပုဏ္ဏားသည် အမှုအားလုံးတို့ဖြင့် အသက်မွေးခြင်းကို ပြုစေကာမူပုဏ္ဏားသည် ထိုအမှုဖြင့်လည်း မလိမ်းကျံ”ဟု (ပြန်ပြော၏)။
ဒေါဏ အမှုအားလုံးတို့ဖြင့် အသက်မွေးသောကြောင့် ပုဏ္ဏားကို “ဒွန်းစဏ္ဍားနှင့်တူသော ပုဏ္ဏား”ဟုဆိုအပ်၏။
ဒေါဏ ဤသို့လျှင် ပုဏ္ဏားသည် ဒွန်းစဏ္ဍားနှင့်တူသူ ဖြစ်၏။ (၅)
ဒေါဏ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ လက်ဦးဆရာ ဖြစ်ကုန်သော ဝေဒကျမ်းတို့ကို စီရင်ကုန် သောဝေဒကျမ်းတို့ကို ပို့ချကုန်သော အကြင်ရသေ့တို့သည် ရှိကုန်၏၊ ယခုအခါ ပုဏ္ဏားတို့သည် ယင်း (ရသေ့) တို့ သီဆို ပို့ချ ပေါင်းစုထားသော ထိုရှေးဟောင်းဝေဒကျမ်းကို လိုက်၍ သီဆိုကုန်၏၊ လိုက်၍ရွတ်ဆိုကုန်၏၊ ရွတ်ဆိုထားတိုင်း လိုက်၍ ရွတ်ဆိုကုန်၏၊ သရဇ္ဈာယ်တိုင်း လိုက်၍ သရဇ္ဈာယ်ကုန်၏၊ ပို့ချထားတိုင်း လိုက်၍ ပို့ချကုန်၏။ ဤရသေ့တို့ကား အဘယ်နည်း၊ အဋ္ဌကရသေ့ ဝါမကရသေ့ ဝါမဒေဝရသေ့ ဝေဿာမိတ္တရသေ့ ယမဒဂ္ဂိရသေ့ အင်္ဂ ီရသရသေ့ ဘာရဒွါဇရသေ့ ဝါသေဋ္ဌရသေ့ ကဿပရသေ့ဘဂုရသေ့တို့တည်း။
ထိုရသေ့တို့၏ တပည့်ပုဏ္ဏားတို့သည် —
ဗြဟ္မာနှင့်တူသော ပုဏ္ဏား။
နတ်နှင့်တူသော ပုဏ္ဏား။
စည်းကမ်းရှိသော ပုဏ္ဏား။
စည်းကမ်းပျက်သော ပုဏ္ဏား။
ငါးယောက်မြောက် ဒွန်းစဏ္ဍားနှင့်တူသော ပုဏ္ဏားဟူ၍ ဤပုဏ္ဏားငါးမျိုးတို့ကို ပညတ်ကုန်၏။
ဒေါဏ ထိုပုဏ္ဏားငါးမျိုးတို့တွင် သင်သည် အဘယ်အမျိုးအစားနည်းဟု (မေးတော်မူ၏)။
အသျှင်ဂေါတမ ဤသို့ ဖြစ်သည်ရှိသော် အကျွန်ုပ်တို့သည် ဒွန်းစဏ္ဍားနှင့်တူသော ပုဏ္ဏားမျိုးပင်အပြည့်အစုံအားဖြင့် မဖြစ်ကြပါကုန်။
အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ပ။
အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်ခြင်းသို့ရောက်သော ဥပါသကာဟူ၍ မှတ်တော်မူပါဟု (လျှောက်ထားလေ၏)။
ဒုတိယသုတ်။