အင်္ဂုတ္တရနိကာယ်

(၂၁) ၁-ကိမိလဝဂ်

၅-စေတောခိလသုတ်

၂ဝ၅။ ရဟန်းတို့ စိတ်၏ ငြောင့်တံသင်းဖြစ်သော တရားတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မြတ်စွာဘုရား၌ ယုံမှား၏၊ တွေးတော၏၊ မဆုံး ဖြတ်နိုင်၊ မကြည်လင်၊ ရဟန်းတို့ မြတ်စွာဘုရား၌ ယုံမှားတွေးတော မဆုံးဖြတ်နိုင် မကြည်လင်သော ရဟန်း၏စိတ်သည် အပူတပြင်းအားထုတ်ရန် အဖန်တလဲလဲ အားထုတ်ရန် အမြဲမပြတ် အားထုတ်ရန် ကမ္မဋ္ဌာန်းကိုအားထုတ်ရန် မညွတ်၊ ဤသည်ကား စိတ်၏ ငြောင့်တံသင်းဖြစ်သော ပဌမတရားပင်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် တရား၌ ယုံမှား၏။ပ။

သံဃာ၌ ယုံမှား၏။ပ။

သီလ သိက္ခာ၌ ယုံမှား၏။ပ။

သီတင်းသုံးဖော်တို့၌ အမျက်ထွက်၏၊ မနှစ်သက်သော စိတ်ရှိ၏၊ ထိပါးပုတ်ခတ်လိုသော စိတ်ရှိ၏၊ ငြောင့်တံသင်းကဲ့သို့ ဖြစ်၏၊ ရဟန်းတို့ သီတင်းသုံးဖော်တို့၌ အမျက်ထွက်သော၊ မနှစ်သက်သော၊ ထိပါးပုတ်ခတ်လို စိတ်ရှိသော၊ ငြောင့်တံသင်းကဲ့သို့ ဖြစ်သော ရဟန်း၏ စိတ်သည် အပူတပြင်းအားထုတ်ရန် အဖန်တလဲလဲ အားထုတ်ရန် အမြဲမပြတ် အားထုတ်ရန် ကမ္မဋ္ဌာန်းကို အားထုတ်ရန် မညွတ်။ ဤသည်ကား စိတ်၏ ငြောင့်တံသင်းဖြစ်သော ပဉ္စမတရားပင်တည်း။

ရဟန်းတို့ စိတ်၏ ငြောင့်တံသင်းဖြစ်သော တရားတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။