အင်္ဂုတ္တရနိကာယ်
၅-ဓမ္မိကဝဂ်
၁၁-အပ္ပမာဒသုတ်
၅၃။ ထိုအခါ ပုဏ္ဏားတစ်ယောက်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူဝမ်းမြောက် ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား—
အသျှင်ဂေါတမ မျက်မှောက်အကျိုး တမလွန်အကျိုး နှစ်မျိုးလုံးကို ယူ၍ တည်သော ပွါးများအပ်ကြိမ်ဖန်များစွာ ပြုအပ်သော တစ်ခုသော တရားသည် ရှိပါသလောဟု လျှောက်၏။
ပုဏ္ဏား မျက်မှောက်အကျိုး တမလွန်အကျိုး နှစ်မျိုးလုံးကို ယူ၍ တည်သော ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သော တစ်ခုသော တရားသည် ရှိ၏ဟု (မိန့်တော်မူ၏)။
အသျှင်ဂေါတမ မျက်မှောက်အကျိုး တမလွန်အကျိုး နှစ်မျိုးလုံးကို ယူ၍ တည်သော ပွါးများအပ်ကြိမ်ဖန်များစွာ ပြုအပ်သော တစ်ခုသော တရားဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။
ပုဏ္ဏား မျက်မှောက်အကျိုး တမလွန်အကျိုး နှစ်မျိုးလုံးကို ယူ၍ တည်သော ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သော တစ်ခုသော တရားဟူသည် မမေ့လျော့မှု ‘အပ္ပမာဒ’ ပင်တည်း။
ပုဏ္ဏားကုန်းမြေ၌ ကျက်စားသွားလာကုန်သော သတ္တဝါတို့၏ခြေရာဟူသမျှတို့သည် ဆင်ခြေရာ၌ ပေါင်းဆုံခြင်းသို့ ရောက်ကုန်သကဲ့သို့၊ ဆင်ခြေရာကို ကြီးမားသည့် အဖြစ်ကြောင့် ထိုသတ္တဝါတို့၏ခြေရာ တို့ထက် မြတ်၏ဟု ဆိုအပ်သကဲ့သို့၊ ပုဏ္ဏား ထို့အတူသာလျှင် မျက်မှောက်အကျိုးတမလွန်အကျိုး နှစ်မျိုးလုံးကို ယူ၍ တည်သော ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သော တစ်ခုသောတရားဟူသည် မမေ့လျော့မှု ‘အပ္ပမာဒ’ ပင်တည်း။
ပုဏ္ဏား ဥပမာသော်ကား အထွတ်တပ်သော အိမ်၌ အခြင်ဟူသမျှတို့သည် အထွတ်သို့ ရောက်ကုန်အထွတ်သို့ ညွှတ်ကုန် အထွတ်လျှင် စုဝေးရာရှိကုန်သကဲ့သို့၊ အထွတ်ကို ထိုအခြင်တို့ထက် မြတ်၏ဟူ၍ဆိုအပ်သကဲ့သို့၊ ပုဏ္ဏား ထို့အတူသာလျှင်။ပ။
ပုဏ္ဏား ဖြူဆံမြက်ရိတ်ယောကျာ်းသည် ဖြူဆံမြက်ကို ရိတ်၍ အဖျား၌ ကိုင်ပြီးလျှင် အောက်သို့ခါသကဲ့သို့ ဘေးနှစ်ဖက်သို့ ခါသကဲ့သို့၊ တစ်စုံတစ်ခုဖြင့် ရိုက်နှက်သကဲ့သို့ ပုဏ္ဏား ထို့အတူသာလျှင်။ပ။
ပုဏ္ဏား သရက်သီးခိုင်၏ သရက်သီး (ဟူသမျှ) တို့သည် အညှာ၌ ဖွဲ့ကုန် အညှာသို့ အစဉ်လိုက်ကုန်သကဲ့သို့ ပုဏ္ဏား ထို့အတူသာလျှင်။ပ။
ပုဏ္ဏား မင်းငယ်အားလုံးတို့သည် စကြဝတေးမင်း၏ နောက်လိုက်ဖြစ်ကုန်သကဲ့သို့၊ ထိုမင်းတို့ထက်စကြဝတေးမင်းကို မြတ်၏ဟု ဆိုအပ်သကဲ့သို့ ပုဏ္ဏား ထို့အတူသာလျှင်။ပ။
ပုဏ္ဏား နက္ခတ်တာရာတို့၏ အရောင်ဟူသမျှသည် လရောင်၏ နှစ်ရာ့ငါးဆယ့်ခြောက်စိတ်၏တစ်စိတ်ကိုမျှ မမှီသကဲ့သို့၊ လရောင်ကို ထိုအရောင်တို့ထက် မြတ်၏ဟု ဆိုအပ်သကဲ့သို့ ပုဏ္ဏားထို့အတူသာလျှင် မျက်မှောက်အကျိုး တမလွန်အကျိုး နှစ်မျိုးလုံးကို ယူ၍ တည်သော ပွါးများအပ်ကြိမ်ဖန်များစွာ ပြုအပ်သော တစ်ခုသော တရားဟူသည် မမေ့လျော့မှု ‘အပ္ပမာဒ’ ပင်တည်း။
ပုဏ္ဏား ဤသည်လျှင် မျက်မှောက်အကျိုး တမလွန်အကျိုး နှစ်မျိုးလုံးကို ယူ၍ တည်သော ပွါးများ အပ်ကြိမ်ဖန်များစွာ ပြုအပ်သော တစ်ခုသော တရားပင်တည်းဟု (မိန့်တော်မူ၏)။
အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏။ပ။ အသျှင်ဂေါတမသည် ယနေ့မှ စ၍ အကျွန်ုပ်ကို အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်တတ်သူ ‘ဥပါသကာ’ဟူ၍ မှတ်တော်မူပါဟု (လျှောက်၏)။
ဧကာဒသမသုတ်။