အင်္ဂုတ္တရနိကာယ်
၆-မဟာဝဂ်
၁-သောဏသုတ်
၅၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်သောဏသည် ရာဇဂြိုဟ်ပြည် ယင်းတိုက်တော၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါဆိတ်ငြိမ်ရာအရပ်သို့ ကပ်လျက် တစ်ပါးတည်းကိန်းအောင်းနေသော အသျှင်သောဏအား ဤအကြံသည်ထင်ရှားဖြစ်ပေါ်၏။
“ထက်သန်သော ဝီရိယရှိကုန်သည်ဖြစ်၍ နေကြသည့် မြတ်စွာဘုရား၏ တပည့်သာဝကဟူသမျှ တို့တွင်ငါသည် တစ်ပါးအပါအဝင် ဖြစ်၏၊သို့ဖြစ်ပါလျက် ငါ၏ စိတ်သည် (တဏှာဒိဋ္ဌိတို့ဖြင့် တစ်စုံတစ်ခုသောအာရုံကို) မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ မလွတ်မြောက်ချေ၊ ငါ၏ အိမ်၌ စည်းစိမ်ဥစ္စာတို့သည် ရှိကုန်၏၊ စည်းစိမ်ဥစ္စာတို့ကို ခံစားရန် ကောင်းမှုတို့ကို ပြုရန်တတ်နိုင်၏၊ ငါသည် သိက္ခာချ၍လူထွက်ပြီးလျှင် စည်းစိမ်ဥစ္စာတို့ကိုလည်း ခံစားရမူ ကောင်းမှုတို့ကိုလည်း ပြုရမူ ကောင်းလေစွ”ဟု (အကြံဖြစ်ပေါ်၏)။
ထိုအခါ မြတ်စွာဘုရားသည် အသျှင်သောဏ၏ စိတ်အကြံကို (ကိုယ်တော်၏) စိတ်ဖြင့် သိတော်မူ၍ခွန်အားရှိသော ယောကျာ်းသည် ကွေးထားသော လက်မောင်းကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်ထားသော လက်မောင်းကို ကွေးသကဲ့သို့လည်းကောင်း ဤအတူသာလျှင် ဂိဇ္ဈကုဋ်တောင်မှ ကွယ်ခဲ့၍ ယင်းတိုက်တော၌ ထင်ရှားဖြစ်တော်မူ၏။
ထိုအခါ မြတ်စွာဘုရားသည် ခင်းထားသော နေရာ၌ ထိုင်နေတော်မူ၏၊ အသျှင်သောဏသည်လည်းမြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေ၏၊ တစ်ခုသောနေရာ၌ ထိုင်နေသော အသျှင်သောဏအား မြတ်စွာဘုရားသည် —
သောဏ ဆိတ်ငြိမ်ရာသို့ ကပ်လျက် တစ်ပါးတည်း ကိန်းအောင်းနေသော သင့်အား “ထက်သန် သောဝီရိယရှိကုန်သည်ဖြစ်၍ နေကြသည့် မြတ်စွာဘုရား၏ တပည့်သာဝကဟူသမျှတို့တွင် ငါသည်တစ်ပါးအပါအဝင် ဖြစ်၏၊သို့ဖြစ်ပါလျက် ငါ၏စိတ်သည် (တဏှာဒိဋ္ဌိတို့ဖြင့် တစ်စုံတစ်ခုသော အာရုံကို) မစွဲလမ်းမူ၍ အာသဝေါတို့မှ မလွတ်မြောက်ချေ၊ ငါ၏ အိမ်၌ စည်းစိမ်ဥစ္စာတို့သည် ရှိကုန်၏၊ စည်းစိမ်ဥစ္စာတို့ကို ခံစားရန် ကောင်းမှုတို့ကို ပြုရန် တတ်နိုင်၏၊ ငါသည် သိက္ခာချ၍ လူထွက်ပြီးလျှင် စည်းစိမ်ဥစ္စာတို့ကိုလည်း ခံစားရမူ ကောင်းမှုတို့ကိုလည်း ပြုရမူ ကောင်းလေစွ”ဟု စိတ်အကြံဖြစ်သည် မဟုတ်လောဟု မေးတော်မူ၏။
မှန်ပါသည် အသျှင်ဘုရား။
သောဏ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။
သင်သည် ရှေးအခါ လူဖြစ်စဉ်ကစောင်းတီးမှု၌ လိမ္မာသည် မဟုတ်ပါလောဟု (မေးတော်မူ၏)။
မှန်ပါသည် အသျှင်ဘုရား။
သောဏ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။
သင်၏စောင်းညှို့ ‘ကြိုး’တို့ တင်းလွန်းသောအခါ သင်၏စောင်းသည် အသံသာပါမည်လော၊ တီးရန်လည်း ကောင်းပါမည်လောဟု (မေးတော်မူ၏)။
အသျှင်ဘုရား မကောင်းပါဟု (လျှောက်၏)။
သောဏ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။
သင်၏စောင်းညှို့ ‘ကြိုး’တို့ လျော့လွန်းသောအခါ သင်၏စောင်းသည် အသံသာပါမည်လော၊ ့တီးရန်လည်း ကောင်းပါမည်လောဟု (မေးတော်မူ၏)။
အသျှင်ဘုရား မကောင်းပါ။
သောဏ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။
သင်၏စောင်းညှို့ ‘ကြိုး’တို့ မတင်းလွန်း မလျော့လွန်းမူ၍ ညီမျှသော ကြိုးအဖြစ်၌ တည်သောအခါသင်၏စောင်းသည် အသံသာပါမည်လော၊ တီးရန်လည်း ကောင်းပါမည်လောဟု (မေးတော်မူ၏)။
အသျှင်ဘုရား ကောင်းပါ၏။
သောဏ ဤအတူသာလျှင် ထက်သန်လွန်းသော ဝီရိယသည် ပျံ့လွင့်ရန် ဖြစ်၏၊ လျော့လွန်းသောဝီရိယသည် ပျင်းရိရန် ဖြစ်၏၊ သောဏ ထို့ကြောင့် သင်သည် ဝီရိယနှင့် သမာဓိမျှသည်၏ အဖြစ်ကိုဆောက်တည်လော့၊ (သဒ္ဓါစသော) ဣန္ဒြေတို့၏ ညီမျှသော အဖြစ်ကိုလည်း သိလော့၊ ထိုသို့ ညီမျှလတ်သော် (သမထစသော) နိမိတ်ကို ဖြစ်စေလော့ဟု (မိန့်တော်မူ၏)။
“ကောင်းပါပြီ အသျှင်ဘုရား”ဟု အသျှင်သောဏသည် မြတ်စွာဘုရားအား ဝန်ခံ၏။
ထိုအခါ မြတ်စွာဘုရားသည် အသျှင်သောဏကို ဤအဆုံးအမဖြင့် ဆုံးမတော်မူ၍ ခွန်အားရှိသောယောကျာ်းသည် ကွေးထားသော လက်မောင်းကို ဆန့်တန်းသကဲ့သို့လည်းကောင်း၊ ဆန့်တန်းသောလက်မောင်းကို ကွေးသကဲ့သို့လည်းကောင်း ဤအတူသာလျှင် ယင်းတိုက်တောမှ ကွယ်ခဲ့၍ ဂိဇ္ဈကုဋ်တောင်၌ ထင်ရှားဖြစ်တော်မူ၏။
အသျှင်သောဏသည် အခါတစ်ပါး၌ ဝီရိယနှင့် သမာဓိမျှသည်၏ အဖြစ်ကို ဆောက်တည်၏၊ (သဒ္ဓါစသော) ဣန္ဒြေတို့၏ ညီမျှသော အဖြစ်ကိုလည်း သိ၏၊ ထိုသို့ ညီမျှလတ်သော် (သမထစသော) နိမိတ်ကို ဖြစ်စေ၏။
ထိုအခါ အသျှင်သောဏသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ ပြင်းစွာအားထုတ်ကာ (နိဗ္ဗာန်သို့)စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသည်ရှိသော် ကောင်းစွာသာလျှင်လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ကြသော အမျိုးကောင်းသားတို့ လိုလားအပ်သော အတုမရှိသောမြတ်သောအကျင့်၏ အဆုံးဖြစ်သော (အရဟတ္တဖိုလ်) အကျိုးကို မကြာမီ ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သော အကျင့်ကိုကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တပါးသောပြုဖွယ် မရှိတော့ပြီ”ဟု သိ၏၊ အသျှင်သောဏသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏။
ထိုအခါ အရဟတ္တဖိုလ်သို့ ရောက်သော အသျှင်သောဏအား “ငါသည် မြတ်စွာဘုရား၏ အထံတော်ထံ၌ အရဟတ္တဖိုလ်ကို လျှောက်ထားရမူကား ကောင်းလေရာ၏”ဟု အကြံဖြစ်၏၊ ထိုအခါ အသျှင်သောဏသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ —
အသျှင်ဘုရား အာသဝေါကုန်ပြီးသော (မဂ်အကျင့်ကို) ကျင့်သုံးပြီးသော မဂ်ကိစ္စကို ပြုပြီးသော (ခန္ဓာ) ဝန်ကို ချပြီးသော မိမိအကျိုး (အရဟတ္တဖိုလ်)သို့ အစဉ်အတိုင်း ရောက်ပြီးသော ဘဝသံယောဇဉ်ကုန်ပြီးသော ကောင်းစွာသိ၍ (ကိလေသာမှ) လွတ်မြောက်ပြီးသော ရဟန္တာဖြစ်သော ရဟန်းသည်ခြောက်မျိုးသော အကြောင်းတို့သို့ သက်ဝင်ပြီးဖြစ်၏၊ ကိလေသာမှ ထွက်မြောက်မှု (အရဟတ္တဖိုလ်)သို့သက်ဝင်ပြီးဖြစ်၏၊ (ကိလေသာမှ) ဆိတ်သုဉ်းမှု (အရဟတ္တဖိုလ်)သို့ သက်ဝင်ပြီးဖြစ်၏၊ ကြောင့်ကြမရှိမှု (အရဟတ္တဖိုလ်)သို့ သက်ဝင်ပြီးဖြစ်၏၊ တဏှာ၏ကုန်ဆုံးမှု (အရဟတ္တဖိုလ်)သို့ သက်ဝင်ပြီးဖြစ်၏၊ ဥပါဒါန်တို့၏ကုန်ဆုံးမှု (အရဟတ္တဖိုလ်)သို့ သက်ဝင်ပြီးဖြစ်၏၊ မောဟကင်းမှု (အရဟတ္တဖိုလ်)သို့သက်ဝင်ပြီးဖြစ်၏၊
အသျှင်ဘုရား တရံတစ်ခါ အချို့သော အသျှင်အား “ဤအသျှင်သည် သက်သက်ယုံကြည်မှု (သဒ္ဓါ) ့မျှကို မှီ၍ (ကိလေသာတို့မှ) လွတ်မြောက်မှု (အရဟတ္တဖိုလ်)သို့ သက်ဝင်ပြီးသူ ဖြစ်၏ဟု ပြောကြားလေသလော”ဟု အကြံဖြစ်ရာ၏။
အသျှင်ဘုရား ဤအရာကို ဤသို့ မမှတ်သင့်ပါ။ အသျှင်ဘုရား (မဂ်အကျင့်ကို) ကျင့်သုံးပြီးသောမဂ်ကိစ္စကို ပြုပြီးသော မိမိပြုရမည့် ကိစ္စနှင့် ပြုပြီး (ကိစ္စ) ၏ ပွါးခြင်းကို မမြင်သော အာသဝေါကုန်ပြီးသော ရဟန်းသည် ရာဂကုန်ခြင်း ရာဂကင်းခြင်းကြောင့် (ရာဂ) မှ ထွက်မြောက်မှု (အရဟတ္တဖိုလ်)သို့သက်ဝင်ပြီးသူ ဖြစ်ပါ၏။
ဒေါသကုန်ခြင်း ဒေါသကင်းခြင်းကြောင့် (ဒေါသမှ) ထွက်မြောက်မှု (အရဟတ္တဖိုလ်)သို့ သက်ဝင်ပြီးသူဖြစ်ပါ၏။ မောဟကုန်ခြင်း မောဟကင်းခြင်းကြောင့် (မောဟမှ) ထွက်မြောက်မှု (အရဟတ္တဖိုလ်)သို့သက်ဝင်ပြီးသူ ဖြစ်ပါ၏။
အသျှင်ဘုရား တရံတစ်ခါ အချို့သော အသျှင်အား “ဤအသျှင်သည် လာဘ်ပူဇော်သကာ အကျော်အစောကို တောင့်တ၍ (ကိလေသာတို့မှ) ကင်းဆိတ်မှု (အရဟတ္တဖိုလ်)သို့ သက်ဝင်ပြီးသူ ဖြစ်၏ဟုပြောကြားလေသလော”ဟု အကြံဖြစ်ရာပါ၏။
အသျှင်ဘုရား ဤအရာကို ဤသို့ မမှတ်သင့်ပါ။
အသျှင်ဘုရား (မဂ်အကျင့်ကို) ကျင့်သုံးပြီးသော မဂ်ကိစ္စကို ပြုပြီးသော မိမိပြုရမည့် ကိစ္စနှင့်ပြုပြီး (ကိစ္စ) ၏ ပွါးများခြင်းကို မမြင်သော အာသဝေါကုန်ပြီးသော ရဟန်းသည် ရာဂကုန်ခြင်း ရာဂကင်းခြင်းကြောင့် (ရာဂ) မှ ကင်းဆိတ်မှု (အရဟတ္တဖိုလ်)သို့ သက်ဝင်ပြီးသူ ဖြစ်ပါ၏။
ဒေါသကုန်ခြင်း ဒေါသကင်းခြင်းကြောင့် (ဒေါသ) မှ ကင်းဆိတ်မှု (အရဟတ္တဖိုလ်)သို့ သက်ဝင်ပြီးသူဖြစ်ပါ၏။
မောဟကုန်ခြင်း မောဟကင်းခြင်းကြောင့် (မောဟ) မှ ကင်းဆိတ်မှု (အရဟတ္တဖိုလ်)သို့ သက်ဝင်ပြီး သူဖြစ်ပါ၏။
အသျှင်ဘုရား တရံတစ်ခါ အချို့သော အသျှင်အား “ဤအသျှင်သည် မှားသောအားဖြင့် သုံးသပ်အပ်သော အလေ့အကျင့်ကို အနှစ်သာရအားဖြင့် ယုံကြည်သည်ဖြစ်၍ ကြောင့်ကြမရှိမှု (အရဟတ္တဖိုလ်)သို့သက်ဝင်ပြီးသူဖြစ်၏ဟု ပြောကြားလေသလော”ဟူ၍ အကြံဖြစ်ရာပါ၏။
အသျှင်ဘုရား ဤအရာကို ဤသို့ မမှတ်သင့်ပါ။
အသျှင်ဘုရား (မဂ်အကျင့်ကို) ကျင့်သုံးပြီးသော မဂ်ကိစ္စကို ပြုပြီးသော မိမိပြုရမည့် ကိစ္စနှင့် ပြုပြီး (ကိစ္စ) ၏ ပွါးခြင်းကို မမြင်သော အာသဝေါကုန်ပြီးသော ရဟန်းသည် ရာဂကုန်ခြင်း ရာဂကင်းခြင်းကြောင့် ကြောင့်ကြမရှိမှု (အရဟတ္တဖိုလ်)သို့ သက်ဝင်ပြီးသူ ဖြစ်ပါ၏။
ဒေါသကုန်ခြင်း ဒေါသကင်းခြင်းကြောင့် ကြောင့်ကြမရှိမှု (အရဟတ္တဖိုလ်)သို့ သက်ဝင်ပြီးသူ ဖြစ် ပါ၏။
မောဟကုန်ခြင်း မောဟကင်းခြင်းကြောင့် ကြောင့်ကြမရှိမှု (အရဟတ္တဖိုလ်)သို့ သက်ဝင်ပြီးသူ ဖြစ် ပါ၏။
ရာဂကုန်ခြင်း ရာဂကင်းခြင်းကြောင့် တဏှာ၏ကုန်ဆုံးမှု (အရဟတ္တဖိုလ်)သို့ သက်ဝင်ပြီးသူ ဖြစ် ပါ၏။
ဒေါသကုန်ခြင်း ဒေါသကင်းခြင်းကြောင့် တဏှာ၏ကုန်ဆုံးမှု (အရဟတ္တဖိုလ်)သို့ သက်ဝင်ပြီးသူ ဖြစ်ပါ၏။
မောဟကုန်ခြင်း မောဟကင်းခြင်းကြောင့် တဏှာ၏ကုန်ဆုံးမှု (အရဟတ္တဖိုလ်)သို့ သက်ဝင်ပြီးသူဖြစ်ပါ၏။
ရာဂကုန်ခြင်း ရာဂကင်းခြင်းကြောင့် ဥပါဒါန်၏ကုန်ဆုံးမှု (အရဟတ္တဖိုလ်)သို့ သက်ဝင်ပြီးသူ ဖြစ် ပါ၏။
ဒေါသကုန်ခြင်း ဒေါသကင်းခြင်းကြောင့် ဥပါဒါန်၏ကုန်ဆုံးမှု (အရဟတ္တဖိုလ်)သို့ သက်ဝင်ပြီးသူ ဖြစ်ပါ၏။
မောဟကုန်ခြင်း မောဟကင်းခြင်းကြောင့် ဥပါဒါန်၏ကုန်ဆုံးမှု (အရဟတ္တဖိုလ်)သို့ သက်ဝင်ပြီးသူ ဖြစ်ပါ၏။
ရာဂကုန်ခြင်း ရာဂကင်းခြင်းကြောင့် မောဟမရှိမှု (အရဟတ္တဖိုလ်)သို့ သက်ဝင်ပြီးသူ ဖြစ်ပါ၏။
ဒေါသကုန်ခြင်း ဒေါသကင်းခြင်းကြောင့် မောဟမရှိမှု (အရဟတ္တဖိုလ်)သို့ သက်ဝင်ပြီးသူ ဖြစ်ပါ၏။
မောဟကုန်ခြင်း မောဟကင်းခြင်းကြောင့် မောဟမရှိမှု (အရဟတ္တဖိုလ်)သို့ သက်ဝင်ပြီးသူ ဖြစ် ပါ၏။
အသျှင်ဘုရား ဤသို့ (ကိလေသာတို့မှ) ကောင်းစွာ လွတ်ပြီးသော စိတ်ရှိသော ရဟန်းအားစက္ခုဝိညာဉ်ဖြင့် သိအပ်သော လွန်ကဲသည့် အဆင်း ‘ရူပါရုံ’ တို့သည် အကယ်၍ မျက်စိအား ထင်ခြင်းသို့ရောက်ကြစေကာမူ ထိုရဟန်း၏ စိတ်ကို သိမ်းကျုံး၍ မယူနိုင်ကုန်၊ ထိုရဟန်း၏ စိတ်သည် ကိလေသာတို့နှင့် မရောနှောသည်သာလျှင် ဖြစ်၏၊ တည်တံ့၏၊ မတုန်လှုပ်ခြင်းသို့ ရောက်၏။ ထိုစိတ်၏ အဖြစ် အပျက်ကိုသာ ရှု၏၊ သောတဝိညာဉ်ဖြင့် သိအပ်ကုန်သော လွန်ကဲသည့် အသံ ‘သဒ္ဒါရုံ’။ ဃာနဝိညာဉ်ဖြင့်သိအပ်ကုန်သော အနံ့ ‘ဂန္ဓာရုံ’။ ဇိဝှာဝိညာဉ်ဖြင့် သိအပ်ကုန်သော အရသာ ‘ရသာရုံ’။ ကာယဝိညာဉ်ဖြင့်သိအပ်ကုန်သော အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’။ စိတ်ဖြင့် သိအပ်ကုန်သော ဓမ္မာရုံတို့သည် အကယ်၍ စိတ်အားထင်ခြင်းသို့ ရောက်ကြစေကာမူ ထိုရဟန်း၏ စိတ်ကို သိမ်းကျုံး၍ မယူနိုင်ကုန်၊ ထိုရဟန်း၏ စိတ်သည်ကိလေသာတို့နှင့် မရောနှောသည်သာလျှင် ဖြစ်၏၊ တည်တံ့၏၊ မတုန်လှုပ်ခြင်းသို့ ရောက်၏။ ထိုစိတ်၏အဖြစ်အပျက်ကိုသာ ရှု၏။
အသျှင်ဘုရား ဥပမာသော်ကား အပေါက်အခေါင်းမရှိ တစ်ခဲနက်သော ကျောက်တောင်သည် ရှိသည်ဖြစ်ရာ၏၊ အရှေ့အရပ်မှ လေပြင်းမုန်တိုင်းသည် အကယ်၍ လာစေကာမူ ထိုတောင်ကိုမရွေ့ရှားစေနိုင်ရာ၊ မလှုပ်ရှားစေနိုင်ရာ၊ ထိုမှဤမှ မတုန်လှုပ်စေနိုင်ရာ၊ အနောက်အရပ်မှလေပြင်းမုန်တိုင်းသည် အကယ်၍ လာစေကာမူ၊ မြောက်အရပ်မှ လေပြင်းမုန်တိုင်းသည် အကယ်၍လာစေကာမူ၊ တောင်အရပ်မှ လေပြင်း မုန်တိုင်းသည် အကယ်၍ လာစေကာမူ ထိုတောင်ကိုမရွေ့ရှားစေနိုင်ရာ၊ မလှုပ်ရှားစေနိုင်ရာ၊ ထိုမှဤမှ မတုန်လှုပ်စေနိုင်ရာ။
အသျှင်ဘုရား ဤအတူသာလျှင် ဤသို့ (ကိလေသာတို့မှ) ကောင်းစွာ လွတ်ပြီးသော စိတ်ရှိသောရဟန်းအား စက္ခုဝိညာဉ်ဖြင့် သိအပ်ကုန်သော လွန်ကဲသည့် အဆင်း ‘ရူပါရုံ’ တို့သည် အကယ်၍ မျက်စိအား ထင်ခြင်းသို့ ရောက်ကြစေကာမူ ထိုရဟန်း၏ စိတ်ကို သိမ်းကျုံး၍ မယူနိုင်ကုန်၊ ထိုရဟန်း၏ စိတ်သည် ကိလေသာတို့နှင့် မရောနှောသည်သာလျှင် ဖြစ်၏၊ တည်တံ့၏၊ မတုန်လှုပ်ခြင်းသို့ ရောက်၏။ ထိုစိတ်၏ အဖြစ်အပျက်ကိုသာ ရှု၏၊
သောတဝိညာဉ်ဖြင့် သိအပ်ကုန်သော လွန်ကဲသည့် အသံ ‘သဒ္ဒါရုံ’။ ဃာနဝိညာဉ်ဖြင့် သိအပ်ကုန်သောအနံ့ ‘ဂန္ဓာရုံ’။ ဇိဝှာဝိညာဉ်ဖြင့် သိအပ်ကုန်သော အရသာ ‘ရသာရုံ’။ ကာယဝိညာဉ်ဖြင့် သိအပ်ကုန်သော အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’။ စိတ်ဖြင့် သိအပ်ကုန်သော ဓမ္မာရုံတို့သည် အကယ်၍ စိတ်အားထင်ခြင်းသို့ ရောက်ကြစေကာမူ ထိုရဟန်း၏ စိတ်ကို သိမ်းကျုံး၍ မယူနိုင်ကုန်၊ ထိုရဟန်း၏ စိတ်သည်ကိလေသာတို့နှင့် မရောနှောသည်သာလျှင် ဖြစ်၏၊ တည်တံ့၏၊ မတုန်လှုပ်ခြင်းသို့ ရောက်၏။ ထိုစိတ်၏အဖြစ်အပျက်ကိုသာ ရှု၏ဟု လျှောက်၏။ ထွက်မြောက်မှု (အရဟတ္တဖိုလ်)၊ ကိလေသာတို့မှ ကင်းဆိတ်မှု (အရဟတ္တဖိုလ်)၊ ကြောင့်ကြမရှိမှု (အရဟတ္တဖိုလ်)၊ ဥပါဒါန်တို့၏ကုန်ခန်းမှု (အရဟတ္တဖိုလ်)၊ တဏှာ၏ကုန်ခန်းမှု (အရဟတ္တဖိုလ်)၊ စိတ်၏ မောဟမရှိမှု အရဟတ္တဖိုလ်သို့ သက်ဝင်ပြီးသူ ရဟန္တာပုဂ္ဂိုလ်၏စိတ်သည် အာယတနတို့၏အဖြစ်အပျက်ကို ကောင်းစွာ မြင်၍ (ကိလေသာ တို့မှ လွတ်မြောက်၏)။ ကောင်းစွာ (ကိလေသာတို့မှ) လွတ်သည်ဖြစ်၍ ငြိမ်သက်သော စိတ်ရှိသော ထိုရဟန္တာပုဂ္ဂိုလ်အားပြုပြီးကိစ္စကို တစ်ဖန်ပွါးစေခြင်း မရှိ၊ ပြုရမည့် ကိစ္စလည်း မရှိ။ တခဲနက်သော ကျောက်တောင်သည် (ပြင်းထန်စွာ တိုက်ခတ်သော) လေကြောင့် မတုန်လှုပ်သကဲ့သို့ ထို့အတူ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံအားလုံး တို့သည်လည်းကောင်း၊ ကောင်းသော ဓမ္မာရုံမကောင်းသော ဓမ္မာရုံတို့သည်လည်းကောင်း တာဒိဂုဏ်နှင့် ပြည့်စုံသော ရဟန္တာပုဂ္ဂိုလ်၏့တည်ကြည်သော (ကိလေသာတို့မှ) လွတ်သောစိတ်ကို မတုန်လှုပ်စေနိုင်ကုန်၊ ထိုစိတ်၏ အဖြစ်အပျက်ကိုသာ ရှု၏။
ပဌမသုတ်။