အင်္ဂုတ္တရနိကာယ်
၃-ဝဇ္ဇိသတ္တကဝဂ်
၁-သာရန္ဒဒသုတ်
၂၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် သာရန္ဒဒစေတီ၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါမြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေကုန် သောများစွာသော လိစ္ဆဝီမင်းတို့အား မြတ်စွာဘုရားသည်—
“လိစ္ဆဝီမင်းတို့ သင်တို့အား မဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရားခုနစ်ပါးတို့ကို ငါဟောအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောပေအံ့”ဟု မိန့်တော်မူ၏။
“ကောင်းပါပြီ အသျှင်ဘုရား”ဟု ထိုလိစ္ဆဝီမင်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏—
လိစ္ဆဝီမင်းတို့ မဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရားခုနစ်ပါးတို့ဟူသည် အဘယ်တို့နည်းဟူမူ—
လိစ္ဆဝီမင်းတို့ ဝဇ္ဇီမင်းတို့သည် မပြတ်စည်းဝေးနေကြ အကြိမ်များစွာ စည်းဝေးနေကြသမျှကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၁)
[ကြီးပွါးမှုကိုသာလျှင် (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏၊ ဆုတ်ယုတ်မှုကို မမျှော်လင့်အပ်]။
လိစ္ဆဝီမင်းတို့ ဝဇ္ဇီမင်းတို့သည် အညီအညွတ် စည်းဝေးကြ အညီအညွတ် အစည်းအဝေးမှ ထကြ လျက်ဝဇ္ဇီတိုင်းရေးကိစ္စတို့ကို အညီအညွတ်ဆောင်ရွက်နေကြသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၂)
လိစ္ဆဝီမင်းတို့ ဝဇ္ဇီမင်းတို့သည် မပညတ်ခဲ့သော အရာကို မပညတ်ကြကုန်မူ၍ ပညတ်ပြီးသော အရာကိုမပယ်ဖျက်ကြကုန်ဘဲ ပညတ်ထားသမျှသော ရှေးဟောင်း ဝဇ္ဇီကျင့်ထုံးတို့ကို လိုက်နာ၍ ကျင့်နေ ကြသမျှကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၃)
လိစ္ဆဝီမင်းတို့ ဝဇ္ဇီမင်းတို့သည် အသက်ကြီးသော ဝဇ္ဇီမင်းတို့ကို အရိုအသေပြုကုန် အလေးပြုကုန်မြတ်နိုးကုန် ပူဇော်ကုန်လျက် ထိုအသက်ကြီးသူတို့၏ စကားကိုလည်း နာယူသင့်သည်ဟု ထင်မှတ်၍့နေကြသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၄)
လိစ္ဆဝီမင်းတို့ ဝဇ္ဇီမင်းတို့သည် အမျိုးသမီးကြီး အမျိုးသမီးငယ်တို့ကို အတင်းဆွဲငင်၍ အနိုင် အထက်မသိမ်းပိုက်ကြသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၅)
လိစ္ဆဝီမင်းတို့ ဝဇ္ဇီမင်းတို့သည် မြို့တွင်း မြို့ပြင်ရှိ ဝဇ္ဇီမင်းတို့၏ နတ်ကွန်း ‘စေတီ’ တို့ကို အရိုအသေပြုကုန် အလေးပြုကုန် မြတ်နိုးကုန် ပူဇော်ကုန်လျက် ထိုနတ်ကွန်းတို့အားလည်း ရှေးက ပေးလှူမြဲပြုမြဲဖြစ်သော တရားနှင့်လျော်သော ဗလိနတ်စာကို မဆုတ်ယုတ်ကြစေသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၆)
လိစ္ဆဝီမင်းတို့ “အဘယ်သို့လျှင် ဝဇ္ဇီတိုင်းသို့ မကြွလာသေးသော ရဟန္တာတို့သည် ကြွလာပါကုန်အံ့နည်း၊ ကြွရောက်လာပြီးသော ရဟန္တာတို့သည်လည်း ဝဇ္ဇီတိုင်း၌ ချမ်းသာစွာ နေရပါကုန်အံ့နည်း”ဟုဝဇ္ဇီမင်းတို့သည် ရဟန္တာတို့၌ တရားနှင့်အညီစောင့်ရှောက်ကာကွယ်လျက် လုံခြုံမှုကို ကောင်းစွာ စီမံပေးနေသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၇)
လိစ္ဆဝီမင်းတို့ ဤမဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရား ခုနစ်ပါးတို့သည် ဝဇ္ဇီမင်းတို့၌ တည်၍ဝဇ္ဇီမင်းတို့သည် ဤမဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရားခုနစ်ပါးတို့ကို ကောင်းစွာကျင့်သုံးနေကြသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေဟု (မိန့်တော်မူ၏)။
ပဌမသုတ်။