အင်္ဂုတ္တရနိကာယ်
၃-ဝဇ္ဇိသတ္တကဝဂ်
၃-ပဌမ သတ္တကသုတ်
၂၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်။
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါမြတ်စွာဘုရားသည် ရဟန်းတို့ကို—
“ရဟန်းတို့ သင်တို့အား မဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရားခုနစ်ပါးတို့ကို ငါဟောအံ့၊ ထိုတရားကို နာကြကုန်လာ့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့ ဟောပေအံ့”ဟု မိန့်တော်မူ၏။
“ကောင်းပါပြီ အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏—
ရဟန်းတို့ မဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရားခုနစ်ပါးတို့ဟူသည် အဘယ်တို့နည်းဟူမူ—
ရဟန်းတို့ ရဟန်းတို့သည် မပြတ်စည်းဝေးနေကြ အကြိမ်များစွာ စည်းဝေးနေကြသမျှ ကာလ ပတ်လုံးရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၁)
ရဟန်းတို့ ရဟန်းတို့သည် အညီအညွတ်စည်းဝေးကြ အညီအညွတ်အစည်းအဝေးမှ ထကြကုန်လျက်သံဃာကိစ္စတို့ကို အညီအညွတ်ဆောင်ရွက်နေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၂)
ရဟန်းတို့ ရဟန်းတို့သည် မပညတ်သေးသော အရာကို မပညတ်ကြကုန်မူ၍ ပညတ်ပြီးသော အရာကို့မပယ်ဖျက်ကြကုန်ဘဲ ပညတ်ထားသမျှသော သိက္ခာပုဒ်တို့ကို ကောင်းစွာ ဆောက်တည်၍ ကျင့်နေကြသမျှကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၃)
ရဟန်းတို့ ရဟန်းတို့သည် ရဟန်းဝါရင့်ကုန်သော ရဟန်းသက်ရှည်ကုန်သော သံဃာ့ဦးစီးဖြစ်ကုန် သောမထေရ်ကြီးရဟန်းတို့ကို အရိုအသေပြုကုန် အလေးပြုကုန် မြတ်နိုးကုန် ပူဇော်ကုန်လျက် ထို မထေရ်ကြီးရဟန်းတို့၏ စကားကိုလည်း နာယူသင့်သည်ဟု ထင်မှတ်၍ နေကြသမျှ ကာလပတ်လုံး ရဟန်းတို့အားကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၄)
ရဟန်းတို့ ရဟန်းတို့သည် ဖြစ်ပေါ်လာသော တစ်ဖန်ဘဝသစ်ကို ပေးတတ်သော တဏှာ၏ အလိုသို့မလိုက်ကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၅)
ရဟန်းတို့ ရဟန်းတို့သည် တောကျောင်းတို့၌ လိုလားသော စိတ်ရှိနေကြသမျှ ကာလပတ်လုံးရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၆)
ရဟန်းတို့ ရဟန်းတို့သည် “အဘယ်သို့လျှင် မလာရောက်ကုန်သေးသော သီလကို ချစ်မြတ်နိုး သည့်သီတင်းသုံးဖော်တို့သည် လာရောက်ကြပါကုန်အံ့နည်း၊ လာရောက်ကုန်ပြီးသော သီလကို ချစ်မြတ်နိုးသည့်သီတင်းသုံးဖော်တို့သည် ချမ်းသာစွာ နေရပါကုန်အံ့နည်း”ဟု ကိုယ်စီကိုယ်င သတိပြု နေကြသမျှကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၇)
ရဟန်းတို့ ဤမဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရားခုနစ်ပါးတို့သည် ရဟန်းတို့၌ တည်၍ရဟန်းတို့သည်လည်း ဤမဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရားခုနစ်ပါးတို့ကို ကျင့်သုံးနေကြသမျှကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေဟု (မိန့်တော်မူ၏)။
တတိယသုတ်။