အင်္ဂုတ္တရနိကာယ်
၅-မဟာယညဝဂ်
၁ဝ-နန္ဒမာတာသုတ်
၅၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —
အခါတစ်ပါး၌ အသျှင်သာရိပုတြာနှင့် အသျှင်မဟာမောဂ္ဂလာန်တို့သည် များစွာသော ရဟန်းအပါင်းနှင့်အတူ ဒက္ခိဏာဂိရိဇနပုဒ်၌ ဒေသစာရီ လှည့်လည်တော်မူကုန်၏။ ထိုအခါ ဝေဠုကဏ္ဍကီမြို့နေ’နန္ဒမာတာ’ဥပါသိကာမသည် ညဉ့်၏ မိုးသောက်ထအခါ၌ နံနက်စောစောထ၍ ပါရာယနသုတ်ကို အသံဖြင့်ရွတ်ဆို၏၊ ထိုအခါ၌ ဝေဿဝဏ်နတ်မင်းကြီးသည် တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် မြောက်အရပ်မှတောင်အရပ်သို့ သွား၏၊ ဝေဿဝဏ်နတ်မင်းကြီးသည် နန္ဒမာတာဥပါသိကာမ၏ အသံဖြင့် ရွတ်ဆိုသောပါရာယနသုတ်ကို ကြား၍ တရားစကားဆုံးသည့်တိုင်အောင် ဆိုင်းငံ့လျက် ရပ်၏၊ ထိုအခါ နန္ဒမာတာဥပါသိကာမသည် ပါရာယနသုတ်ကို အသံဖြင့် ရွတ်ဆိုပြီး၍ ဆိတ်ဆိတ်နေ၏။ ထိုအခါ ဝေဿဝဏ်နတ်မင်းကြီးသည် နန္ဒမာတာဥပါသိကာမ၏ ရွတ်ဆိုသော တရားစကားပြီးဆုံးသည်ကို သိ၍ “နှမ့ကောင်း၏၊ ကောင်း၏”ဟု အနုမောဒနာပြု၏။
မျက်နှာကောင်းမွန်လှပါသော အရှင်၊ ထိုအနုမောဒနာပြုသော အသျှင်သည်ကား အဘယ်သူဖြစ်ပါသနည်းဟု (မေး၏)။
နှမ ငါသည် သင်၏ မောင်တော် ဝေဿဝဏ်နတ်မင်း ဖြစ်သည်ဟု (ပြောဆို၏)။
မျက်နှာကောင်းမွန်လှပါသော အရှင်၊ ထိုသို့ ဝေဿဝဏ်နတ်မင်းဖြစ်ပါလျှင် ကောင်းမြတ်လှပါ၏၊ အကျွန်ုပ်ရွတ်ဆိုသော တရားဒေသနာတော်သည် သင်နတ်မင်းကြီးအား ပေးကမ်းဖွယ် လက်ဆောင်ပဏ္ဏာဖြစ်ပါစေသတည်းဟု (ဆို၏)။
နှမ ကောင်းလှပါ၏၊ ဤတရားတော်သည်လည်း ငါ့အား လက်ဆောင်ပဏ္ဏာဖြစ်ပါစေ၊ နက်ဖန်၌ အသျှင်သာရိပုတြာ အသျှင်မဟာမောဂ္ဂလာန်အမှူးရှိသော ရဟန်းသံဃာသည် နံနက်ဆွမ်းမစားရသေးဘဲဝေဠုကဏ္ဍကီမြို့သို့ ကြွတော်မူလိမ့်မည်၊ ထိုရဟန်းသံဃာကိုလည်း ဆွမ်းကျွေးပြီးလျှင် ငါ့အား အလှူ၏အဖို့ကို အမျှပေးဝေပါလော့။ ဤအမျှပေးဝေခြင်းသည်လည်း ငါ့အား လက်ဆောင်ပဏ္ဏာ ဖြစ်လိမ့်မည်ဟု (ဆို၏)။
ထိုအခါ နန္ဒမာတာဥပါသိကာမသည် ထိုညဉ့်လွန်စေသဖြင့် မိမိအိမ်၌ မွန်မြတ်သော ခဲဖွယ် ဘောဇဉ်ကိုပြုလုပ်စီရင်စေ၏။ ထိုအခါ အသျှင်သာရိပုတြာ အသျှင်မဟာမောဂ္ဂလာန်အမှူးရှိသော ရဟန်း သံဃာသည်နံနက်ဆွမ်းမစားရသေးဘဲ ဝေဠုကဏ္ဍကီမြို့သို့ ရောက်တော်မူ၏၊ ထိုအခါ နန္ဒမာတာ ဥပါသိကာမသည်ယောကျာ်းတစ်ယောက်ကို ခေါ်၍ —
“အမောင် ယောကျာ်း လာပါဦး၊ သင်သည် ကျောင်းသို့ သွား၍ ရဟန်းသံဃာအား အသျှင် ဘုရားတို့အချိန်တန်ပါပြီ နန္ဒမာတာ အရှင်မ၏ အိမ်၌ ဆွမ်း (စီရင်၍) ပြီးစီးပါပြီဟု အခါကို လျှောက်ကြားပါလော့”ဟုစေလိုက်၏။
“အရှင်မ ကောင်းပါပြီ”ဟု ထိုယောကျာ်းသည် နန္ဒမာတာဥပါသိကာမအား ဝန်ခံပြီးလျှင် ကျောင်းသို့သွား၍ ရဟန်းသံဃာအား —
“အသျှင်ဘုရားတို့ အချိန်တန်ပါပြီ၊ နန္ဒမာတာ အရှင်မ၏ အိမ်၌ ဆွမ်း (စီရင်၍) ပြီးစီးပါပြီ”ဟု အခါကိုလျှောက်ကြား၏။
ထိုအခါ၌ အသျှင်သာရိပုတြာ အသျှင်မဟာမောဂ္ဂလာန်အမှူးရှိသော ရဟန်းသံဃာသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်လျက် သပိတ်သင်္ကန်းကို ယူ၍ နန္ဒမာတာဥပါသိကာမအိမ်သို့ ချဉ်းကပ်ပြီးလျှင်ခင်းထားသော နေရာ၌ ထိုင်နေ၏။
ထိုအခါ၌ နန္ဒမာတာဥပါသိကာမသည် အသျှင်သာရိပုတြာ အသျှင်မဟာမောဂ္ဂလာန်အမှူးရှိသောရဟန်းသံဃာကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင်ကိုယ်တိုင် လုပ်ကျွေး၏၊ ထိုအခါ နန္ဒမာတာဥပါသိကာမသည် အသျှင်သာရိပုတြာမထေရ် ဆွမ်းစားပြီး၍သပိတ်မှ လက်ကို ဖယ်ပြီးသောအခါ တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသောနေရာ၌ ထိုင်နေပြီးသော နန္ဒမာတာဥပါသိကာမအား အသျှင်သာရိပုတြာမထေရ်သည် —
“နန္ဒမာတာ ရဟန်းသံဃာ ကြွလာမည့်အကြောင်းကို သင့်အား မည်သူ ပြောကြားသနည်း”ဟု မေး၏။
အသျှင်ဘုရား ဤညဉ့်၏ မိုးသောက်အခါက တပည့်တော်မသည် နံနက်စောစောထ၍ ပါရာယန သုတ်ကိုအသံဖြင့် ရွတ်ဆိုပြီးလျှင် ဆိတ်ဆိတ်နေပါ၏၊ အသျှင်ဘုရား ထိုအခါ ဝေဿဝဏ်နတ်မင်းကြီး သည် (တပည့်တော်မ၏) တရားစကား ပြီးဆုံးခြင်းကို သိ၍ “နှမ ကောင်း၏ ကောင်း၏”ဟုအနုမောဒနာပြုပါ၏။
မျက်နှာ ကောင်းမွန်လှပါသော အရှင်၊ ထိုအနုမောဒနာပြုသော အရှင်သည်ကား အဘယ်သူဖြစ်ပါသနည်းဟု (တပည့်တော်မက) မေးပါ၏။
နှမ ငါသည် သင်၏ မောင်တော်ဖြစ်သော ဝေဿဝဏ်နတ်မင်း ဖြစ်သည်ဟု (ပြောဆိုပါသည်)။
မျက်နှာ ကောင်းမွန်လှပါသော အရှင်၊ ထိုသို့ ဝေဿဝဏ်နတ်မင်းကြီးဖြစ်ပါလျှင် ကောင်းမြတ် လှပါ၏၊ အကျွန်ုပ်ရွတ်ဆိုသော တရားဒေသနာတော်သည် သင်နတ်မင်းအား ပေးကမ်းဖွယ် လက်ဆောင် ပဏ္ဏာဖြစ်ပါစေသတည်းဟု (ပြောဆို၏)။
(ထိုအခါ ဝေဿဝဏ်နတ်မင်းကြီးက) နှမ ကောင်းလှပါ၏၊ ဤတရားတော်သည်လည်း ငါ့အားလက်ဆောင်ပဏ္ဏာ ဖြစ်ပါစေ၊ နက်ဖန်ခါ အသျှင်သာရိပုတြာ အသျှင်မဟာမောဂ္ဂလာန်အမှူးရှိသော ရဟန်းသံဃာသည် နံနက်ဆွမ်းမစားရသေးဘဲ ဝေဠုကဏ္ဍကီမြို့သို့ ကြွရောက်တော်မူကြလိမ့်မည်၊ ထိုရဟန်းသံဃာကိုလည်း ဆွမ်းကျွေးပြီးလျှင် ငါ့အား အလှူ၏အဖို့ကို အမျှပေးဝေပါလော့၊ ဤအမျှပေးဝေခြင်းသည်လည်း ငါ့အား လက်ဆောင် ပဏ္ဏာဖြစ်ပါလိမ့်မည်ဟု (ပြောဆိုပါသည်)။
အသျှင်ဘုရား လှူဒါန်းရာ၌ (ပုဗ္ဗ မုဉ္စစေတနာ) ကုသိုလ်နှင့် (အပရစေတနာ) ကုသိုလ်သည်ဝေဿဝဏ်နတ်မင်းကြီးအား ချမ်းသာခြင်းငှါ ဖြစ်ပါစေသတည်းဟု (လျှောက်ကြား၏)။
နန္ဒမာတာ အံ့သြဖွယ်ရှိပေ၏၊ နန္ဒမာတာ မဖြစ်ဖူးမြဲ ဖြစ်ပေ၏၊ သင်ကဲ့သို့ (သာမညလူသား) ဖြစ်လျက်ဤသို့ တန်ခိုးအာနုဘော်ကြီးမားသော နတ်ဖြစ်သည့် ဝေဿဝဏ်နတ်မင်းကြီးနှင့် မျက်မှောက်၌ စကားပြောဆို ရဘိ၏ဟု (မိန့်ဆို၏)။ (၁)
အသျှင်ဘုရား တပည့်တော်မအား ဤဝေဿဝဏ်နတ်မင်းနှင့် မျက်မှောက်စကား ပြောဆိုရခြင်းသည်သာ အံ့ဖွယ်ကောင်းခြင်း မဖြစ်ဖူးမြဲဖြစ်ခြင်း သဘောရှိသည် မဟုတ်သေးပါ၊ တပည့်တော်မအားအခြားသော အံ့သြဖွယ်ကောင်းခြင်း မဖြစ်ဖူးမြဲဖြစ်ခြင်း သဘောသည်လည်း ရှိပါသေး၏၊ အသျှင်ဘုရားတပည့်တော်မအား ချစ်အပ် မြတ်နိုးအပ်သည့် နန္ဒမည်သော တစ်ယောက်တည်းသော သားရှိပါ၏၊ ထိုသားကို မင်းတို့သည် အကြောင်းတစ်စုံတစ်ခုကြောင့် ဆွဲငင်ဖမ်းဆီး အနိုင်အထက်ပြု၍ သတ်ပစ်ကြပါကုန်သည်၊ အသျှင်ဘုရား တပည့်တော်မသည် ထိုသူငယ်ကို ဖမ်းပြီးသော အခါ၌ ဖြစ်စေ ဖမ်းဆီးဆဲအခါ၌ ဖြစ်စေ သတ်ပြီးသောအခါ၌ ဖြစ်စေ သတ်ဆဲအခါ၌ ဖြစ်စေ ညှဉ်းဆဲပြီးသော အခါ၌ ဖြစ်စေ ညှဉ်းဆဲဆဲအခါ၌ ဖြစ်စေ စိတ်ဖောက်ပြန်သည့်အဖြစ်ကို မသိပါဟု (လျှောက်၏)။
နန္ဒမာတာ အံ့သြဖွယ်ရှိပေ၏၊ မဖြစ်ဖူးမြဲ ဖြစ်ပေ၏၊ သင်ကဲ့သို့ (မိန်းမသား) ဖြစ်ပါလျက်စိတ်ဖောက်ပြန်သည့်အဖြစ်ကို သုတ်သင်နိုင်ပေ၏ဟု (မိန့်ဆို၏)။ (၂)
အသျှင်ဘုရား တပည့်တော်မအား ဤသားသေရာ၌ စိတ်မဖောက်ပြန်မှုသည်သာလျှင် အံ့သြဖွယ်ကောင်းခြင်း မဖြစ်ဖူးမြဲဖြစ်ခြင်း သဘောရှိသည် မဟုတ်သေးပါ၊ တပည့်တော်မအား အခြားသော အံ့သြဖွယ်ကောင်းခြင်း မဖြစ်ဖူးမြဲဖြစ်ခြင်း သဘောရှိသည်လည်း ရှိပါသေးသည်။
အသျှင်ဘုရား တပည့်တော်မ၏ လင်ယောကျာ်းသည် သေဆုံးသည်ဖြစ်၍ အမှတ်မရှိသော ဘုမ္မစိုးနတ်မျိုး၌ ဖြစ်ပါ၏၊ ထိုနတ်သည် တပည့်တော်မအား ရှေးလူဖြစ်စဉ်က အတ္တဘော (ခန္ဓာကိုယ်) ဖြင့်ထင်ရှားပြပါ၏၊ အသျှင်ဘုရား တပည့်တော်မသည် ကွယ်လွန်ပြီးသူ ထိုလင်ယောကျာ်းက ရှေးလူဖြစ်စဉ်အတ္တဘောဖြင့် ထင်ရှားပြခြင်းကြောင့် စိတ်ဖောက်ပြန်သည့် အဖြစ်ကို မသိပါဟု (လျှောက်၏)။
နန္ဒမာတာ အံ့သြဖွယ်ရှိပေ၏၊ မဖြစ်ဖူးမြဲ ဖြစ်ပေ၏၊ သင်ကဲ့သို့ (မိန်းမသား) ဖြစ်ပါလျက်စိတ်ဖောက်ပြန်သည့်အဖြစ်ကို သုတ်သင်နိုင်ပေ၏ဟု (မိန့်ဆို၏)။ (၃)
အသျှင်ဘုရား တပည့်တော်မအား ဤကွယ်လွန်သူ လင်ယောကျာ်း ကိုယ်ထင်ရှားပြလာရာ၌ စိတ်မဖောက်ပြန်မှုသည်သာလျှင် အံ့သြဖွယ်ကောင်းခြင်း မဖြစ်ဖူးမြဲဖြစ်ခြင်း သဘောရှိသည် မဟုတ်သေးပါ၊ တပည့်တော်မအား အခြားသော အံ့သြဖွယ်ကောင်းခြင်း မဖြစ်ဖူးမြဲဖြစ်ခြင်း သဘောသည်လည်း ရှိပါသေး၏။ အသျှင်ဘုရား အကြင်အခါ၌ ငယ်ရွယ်သေးသည်သာလျှင်ဖြစ်သော လင်သည်ငယ်ရွယ်နုနယ်သော တပည့်တော်မကို ဆောင်ယူအပ်ပါ၏၊ တပည့်တော်မသည် လင်ယောကျာ်းကို့စိတ်မျှဖြင့်လည်း လွန်ကျူး၍ ကျင့်ခြင်းကို မသိဖူးပါ၊ ကိုယ်ဖြင့် လွန်ကျူး၍ ကျင့်ခြင်းကိုမူကားအဘယ်ဆိုဖွယ်ရာ ရှိပါတော့အံ့နည်းဟု (လျှောက်၏)။
နန္ဒမာတာ အံ့သြဖွယ်ရှိပေ၏၊ မဖြစ်ဘူးမြဲ ဖြစ်ပေ၏၊ သင်ကဲ့သို့ (ငယ်ရွယ်သူ) ဖြစ်ပါလျက်စိတ်ဖောက်ပြန်သည့်အဖြစ်ကို သုတ်သင်နိုင်ပေ၏ဟု (မိန့်ဆို၏)။ (၄)
အသျှင်ဘုရား တပည့်တော်မအား ဤလင်ယောကျာ်းကို လွန်ကျူး၍ မကျင့်ခြင်းသည်သာလျှင်အံ့သြဖွယ်ကောင်းခြင်း မဖြစ်ဖူးမြဲဖြစ်ခြင်း သဘောရှိသည် မဟုတ်သေးပါ၊ တပည့်တော်မအားအခြားသော အံ့သြဖွယ်ကောင်းခြင်း မဖြစ်ဖူးမြဲဖြစ်ခြင်းသဘောသည်လည်း ရှိပါသေးသည်။
အသျှင်ဘုရား တပည့်တော်မသည် ဥပါသိကာမအဖြစ်ကို လျှောက်ကြားပြီးသည်မှစ၍ တစ်စုံ တစ်ခုသောသိက္ခာပုဒ်ကို လွန်ကျူးလိုသောစေတနာဖြင့် လွန်ကျူးဖူးသည်ကို မသိစဖူးပါဟု (လျှောက်၏)။
နန္ဒမာတာ အံ့သြဖွယ်ရှိပေ၏၊ မဖြစ်ဘူးမြဲ ဖြစ်ပေ၏ဟု (မိန့်ဆို၏)။ (၅)
အသျှင်ဘုရား တပည့်တော်မအား ဤသိက္ခာပုဒ်ကို မလွန်ကျူးခြင်းသည်သာလျှင် အံ့သြဖွယ် ကောင်းခြင်းမဖြစ်ဖူးမြဲဖြစ်ခြင်း သဘောရှိသည် မဟုတ်သေးပါ၊ တပည့်တော်မအား အခြားသော အံ့သြဖွယ်ကောင်းခြင်း မဖြစ်ဖူးမြဲဖြစ်ခြင်း သဘောသည်လည်း ရှိပါသေးသည်။
အသျှင်ဘုရား တပည့်တော်မသည် အလိုရှိသမျှကာလပတ်လုံး ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင်အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း ‘ဝိတက်’ နှင့်တကွဖြစ်သော သုံးသပ်ခြင်း ‘ဝိစာရ’ နှင့်တကွဖြစ်သော (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သောနှစ်သိမ့်ခြင်း ‘ပီတိ’ချမ်းသာခြင်း’သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေပါ၏။
ကြံစည်ခြင်း ‘ဝိတက်’ သုံးသပ်ခြင်း ‘ဝိစာရ’ တို့၏ ချုပ်ခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်၏ တည်ကြည်ခြင်း ‘သမာဓိ’ ကို ဖြစ်ပွါးစေတတ်သော၊ ကြံစည်ခြင်း ‘ဝိတက်’ မရှိသော၊ သုံးသပ်ခြင်း ‘ဝိစာရ’ မရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ရောက်၍ နေပါ၏၊ နှစ်သိမ့်ခြင်း ‘ပီတိ’ကိုလည်း မစွဲမက်ခြင်းကြောင့် လျစ်လျူရှု၍သာလျှင် နေပါ၏၊ အောက်မေ့ခြင်းသတိနှင့် ပြည့်စုံသည်ဖြစ်၍ ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံသည် ဖြစ်၍ချမ်းသာခြင်း’သုခ’ ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အရိယာတို့သည် အကြင်တတိယဈာန်ကြောင့် ထိုသူကို”လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ”ဟု ပြောကြားကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍နေပါ၏။
ချမ်းသာခြင်း’သုခ’ ကိုလည်း ပယ်ခြင်းကြောင့် ဆင်းရဲခြင်း ‘ဒုက္ခ’ ကိုလည်း ပယ်ခြင်းကြောင့် ရှေးဦးကပင်လျှင် ဝမ်းမြောက်ခြင်း ‘သောမနဿ’, နှလုံးမသာယာခြင်း ‘ဒေါမနဿ’ တို့၏ ချုပ်နှင့်ခြင်းကြောင့်ဆင်းရဲလည်း မဟုတ် ချမ်းသာလည်း မဟုတ်သော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ ကြောင့် ဖြစ်သည့် သတိ၏စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေပါ၏ဟု (လျှောက်၏)။
နန္ဒမာတာ အံ့သြဖွယ်ရှိပေ၏၊ မဖြစ်ဖူးမြဲ ဖြစ်ပေ၏ဟု (မိန့်ဆို၏)။ (၆)
အသျှင်ဘုရား တပည့်တော်မအား ဤဈာန်ဝင်စားနိုင်ခြင်းသည်သာလျှင် အံ့သြဖွယ်ဖြစ်ခြင်း မဖြစ်ဖူးမြဲဖြစ်ခြင်းသဘောရှိသည် မဟုတ်သေးပါ၊ တပည့်တော်မအား အခြားသော အံ့သြဖွယ်ဖြစ်ခြင်း မဖြစ်ဖူးမြဲဖြစ်ခြင်း သဘောသည်လည်း ရှိပါသေးသည်။
အသျှင်ဘုရား မြတ်စွာဘုရားဟောကြားတော်မူအပ်သည့် အောက်ပိုင်းသံယောဇဉ် ‘အနှောင်အဖွဲ့’ ငါးမျိုးတို့တွင် မိမိ မပယ်အပ်သေးသည့် တစ်စုံတစ်ခုသော သံယောဇဉ်ကိုမျှ တပည့်တော်မမတွေ့မြင်ပါဟု (လျှောက်၏)။
နန္ဒမာတာ အံ့သြဖွယ်ရှိပေ၏၊ မဖြစ်ဘူးမြဲ ဖြစ်ပေ၏ဟု (မိန့်ဆို၏)။ (၇)
ထို့နောက် အသျှင်သာရိပုတြာမထေရ်သည် နန္ဒမာတာဥပါသိကာမအား တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေပြီးသော် နေရာမှ ထ၍ ကြွသွားတော်မူလေသတည်း။
ဒသမသုတ်။
ငါးခုမြောက် မဟာယညဝဂ် ပြီး၏။