အင်္ဂုတ္တရနိကာယ်
၆-အဗျာကတဝဂ်
၁-အဗျာကတသုတ်
၅၄။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကိုရိုသေစွာရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—
“အသျှင်ဘုရား အကြားအမြင်ရှိသော အရိယာတပည့်အား မဖြေဆိုအပ်သည့်အရာ ‘အဗျာကတဝတ္ထု’ တို့၌ မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ မဖြစ်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကားအဘယ်ပါ နည်း”ဟု (လျှောက်၏)။
ရဟန်း အကြားအမြင်ရှိသော အရိယာတပည့်အား မိစ္ဆာဒိဋ္ဌိ ချုပ်ငြိမ်းခြင်းကြောင့် အဗျာကတ ဝတ္ထုတို့၌ မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ မဖြစ်၊ ရဟန်း “သတ္တဝါသည် သေပြီးသည်မှ နောက်၌ ဖြစ်၏”ဟူသောဤအယူသည် မှားသော ‘မိစ္ဆာ’ အယူပင်တည်း။ ရဟန်း “သတ္တဝါသည် သေပြီးသည်မှ နောက်၌ မဖြစ်”ဟူသော ဤအယူသည် မှားသော ‘မိစ္ဆာ’ အယူပင်တည်း၊ ရဟန်း “သတ္တဝါသည် သေပြီးသည်မှနောက်၌ ဖြစ်သည်လည်းဟုတ်၏၊ မဖြစ်သည်လည်းဟုတ်၏”ဟူသော ဤအယူသည် မှားသော ‘မိစ္ဆာ’ အယူပင် တည်း။ ရဟန်း “သတ္တဝါသည် သေပြီးသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်”ဟူသော ဤအယူသည် မှားသော ‘မိစ္ဆာ’ အယူပင်တည်း။
ရဟန်း အကြားအမြင်မရှိသော ပုထုဇဉ်သည် မိစ္ဆာဒိဋ္ဌိကို မသိ၊ မိစ္ဆာဒိဋ္ဌိဖြစ်ကြောင်းကို မသိ၊ မိစ္ဆာဒိဋ္ဌိချုပ်ငြိမ်းမှုကို မသိ၊ မိစ္ဆာဒိဋ္ဌိချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအကျင့်ကို မသိ။ ထိုပုထုဇဉ်ပုဂ္ဂိုလ်အားထိုမှားသော ‘မိစ္ဆာ’ အယူသည် တိုးပွါး၏၊ ထိုမိစ္ဆာဒိဋ္ဌိတိုးပွါးသော ပုထုဇဉ်ပုဂ္ဂိုလ်သည် ပဋိသန္ဓေနေခြင်းအိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာပင်ပန်းခြင်းတို့မှမလွတ်၊ ဆင်းရဲအပေါင်းမှ မလွတ်ဟူ၍ ငါဆို၏။
ရဟန်း အကြားအမြင်ရှိသော အရိယာတပည့်သည် မိစ္ဆာဒိဋ္ဌိကို သိ၏၊ မိစ္ဆာဒိဋ္ဌိဖြစ်ကြောင်းကို သိ၏၊ မိစ္ဆာဒိဋ္ဌိချုပ်ငြိမ်းမှုကို သိ၏၊ မိစ္ဆာဒိဋ္ဌိချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအကျင့်ကို သိ၏၊ ထိုအရိယာတပည့်အား ထိုမှားသော ‘မိစ္ဆာ’ အယူသည် ချုပ်ငြိမ်း၏၊ ထိုအရိယာတပည့်သည် ပဋိသန္ဓေနေခြင်း အိုခြင်းသေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့မှ လွတ်၏၊ ဆင်းရဲအပေါင်းမှ လွတ်၏ဟူ၍ ငါဆို၏။
ရဟန်း ဤသို့သိသော ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် “သတ္တဝါသည်သေပြီးသည်မှ နောက်၌ ဖြစ်၏”ဟူ၍လည်း မပြောကြား၊ “သတ္တဝါသည် သေပြီးသည်မှ နောက်၌ မဖြစ်”ဟူ၍လည်း မပြောကြား။ “သတ္တဝါသည် သေပြီးသည်မှ နောက်၌ ဖြစ်သည်လည်းဟုတ်၏၊ မဖြစ်သည်လည်းဟုတ်၏”ဟူ၍လည်း မပြောကြား၊ “သတ္တဝါသည် သေပြီးသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်”ဟူ၍လည်း မပြောကြား၊ ရဟန်း ဤသို့ သိသောဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် အဗျာကတဝတ္ထုတို့၌ မပြောကြားခြင်းသဘောရှိ၏၊ ရဟန်း ဤသို့သိသော ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည်အဗျာကတဝတ္ထုတို့၌ (ဒိဋ္ဌိ အစွမ်းဖြင့်) ကိုယ်ခက်တရော် မဖြစ်၊ မတုန်မလှုပ်၊ မယိမ်းမယိုင်၊ ထိတ်လန့်ခြင်းသို့ မရောက်။
ရဟန်း “သတ္တဝါသည် သေပြီးသည်မှ နောက်၌ ဖြစ်၏”ဟူသော အယူသည် မိစ္ဆာဒိဋ္ဌိနှင့် တကွဖြစ်သော တပ်မက်မှု ‘တဏှာ’ တည်း။ပ။ ဤအယူသည် မိစ္ဆာဒိဋ္ဌိနှင့် တကွသော မှတ်သားမှု ‘သညာ’ တည်း။ပ။ ဤအယူသည် မိစ္ဆာဒိဋ္ဌိကို မှီ၍ဖြစ်သော ထောင်လွှားမှု ‘မာန’ တည်း။ပ။ ဤအယူသည် သံသရာကိုချဲ ့ထွင်သည့် ဒိဋ္ဌိဟူသော ပပဉ္စတရားတည်း။ပ။ ဤအယူသည် ဒိဋ္ဌိတည်းဟူသော ဥပါဒါန်တည်း။ပ။
ရဟန်း “သတ္တဝါသည် သေပြီးသည်မှ နောက်၌ ဖြစ်၏”ဟူသော ဤအယူသည် (ဒိဋ္ဌိတည်းဟူသော) စိတ်ဖောက်ပြန်မှုတည်း၊ ရဟန်း “သတ္တဝါသည် သေပြီးသည်မှ နောက်၌ မဖြစ်”ဟူသော ဤ အယူသည် (ဒိဋ္ဌိတည်းဟူသော) စိတ်၏ ဖောက်ပြန်မှုပင်တည်း။
ရဟန်း “သတ္တဝါသည် သေပြီးသည်မှ နောက်၌ ဖြစ်သည်လည်းဟုတ်၏၊ မဖြစ်သည်လည်းဟုတ်၏”ဟူသော ဤအယူသည် (ဒိဋ္ဌိတည်းဟူသော) စိတ်၏ ဖောက်ပြန်မှုပင်တည်း။
ရဟန်း “သတ္တဝါသည် သေပြီးသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်”ဟူသော ဤအယူသည် (ဒိဋ္ဌိတည်းဟူသော) စိတ်၏ ဖောက်ပြန်မှုပင်တည်း။
ရဟန်း အကြားအမြင်မရှိသော ပုထုဇဉ်သည် စိတ်ဖောက်ပြန်မှုကို မသိ၊ စိတ်ဖောက်ပြန်မှု အကြောင်းကိုမသိ၊ စိတ်ဖောက်ပြန်မှု၏ ချုပ်ငြိမ်းခြင်းကို မသိ၊ စိတ်ဖောက်ပြန်မှု ချုပ်ငြိမ်းရာသို့ ရောက် ကြောင်းအကျင့်ကို မသိ။ ထိုပုထုဇဉ်ပုဂ္ဂိုလ်အား ထိုစိတ်ဖောက်ပြန်မှုသည် တိုးပွါး၏၊ ထိုပုထုဇဉ်ပုဂ္ဂိုလ် သည်ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်းပြင်းစွာပင်ပန်းခြင်းတို့မှ မလွတ်၊ ဆင်းရဲအပေါင်းမှ မလွတ်ဟူ၍ ငါဆို၏။
ရဟန်း အကြားအမြင်ရှိသော အရိယာတပည့်သည် စိတ်ဖောက်ပြန်မှုကို သိ၏၊ စိတ်ဖောက်ပြန်မှု၏အကြောင်းကို သိ၏၊ စိတ်ဖောက်ပြန်မှု၏ ချုပ်ငြိမ်းခြင်းကို သိ၏၊ စိတ်ဖောက်ပြန်မှုချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ကို သိ၏၊ ထိုအရိယာတပည့်အား ထိုစိတ်ဖောက်ပြန်မှုသည် ချုပ်ငြိမ်း၏၊ ထိုအရိယာတပည့်သည် ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်းပြင်းစွာပင်ပန်းခြင်းတို့မှ လွတ်၏၊ ဆင်းရဲအပေါင်းမှ လွတ်၏ဟူ၍ ငါဆို၏။
ရဟန်း ဤသို့ သိသော ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် “သတ္တဝါ သည်သေပြီးသည်မှ နောက်၌ ဖြစ်၏”ဟူ၍လည်း မပြောကြား။ပ။ “သတ္တဝါသည် သေပြီးသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်”ဟူ၍လည်း မပြောကြား။ ရဟန်း ဤသို့ သိသောဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် ဤသို့လျှင် အဗျာကတဝတ္ထုတို့၌ မပြောကြား ခြင်း သဘောရှိ၏၊
ရဟန်း အကြားအမြင်ရှိသော အရိယာတပည့်အား အဗျာကတဝတ္ထုတို့၌ မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ မဖြစ်ခြင်း၏ အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။
ပဌမသုတ်။