အင်္ဂုတ္တရနိကာယ်

၆-အဗျာကတဝဂ်

၈-ပစလာယမာနသုတ်

၆၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ဝယ် သားတို့ကို ဘေးမဲ့ပေးရာဘေသကဠမည်သော တော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည်မဂဓတိုင်း ကလ္လဝါဠပုတ္တရွာ၌ ငိုက်မျဉ်းလျက် ထိုင်နေတော်မူ၏၊ မြတ်စွာဘုရားသည် အထူးသဖြင့်စင်ကြယ်သော လူတို့၏ မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ မျက်စိဖြင့်မဂဓတိုင်း ကလ္လဝါဠပုတ္တရွာ၌ ငိုက်မျဉ်းလျက် ထိုင်နေသော အသျှင်မဟာမောဂ္ဂလာန်ကို မြင်တော်မူ၍ခွန်အားရှိသော ယောကျာ်းသည် ကွေးထားသော လက်မောင်းကို ဆန့်တန်းဘိသကဲ့သို့လည်းကောင်း၊ ဆန့်ထားသော လက်မောင်းကို ကွေးလိုက်ဘိသကဲ့သို့လည်းကောင်း ထို့အတူသာလျှင် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ဝယ် သားတို့ကို ဘေးမဲ့ပေးရာဖြစ်သော ဘေသကဠမည်သော တောမှ ကွယ်ပျောက်ခဲ့၍မဂဓတိုင်း ကလ္လဝါဠပုတ္တရွာ အသျှင်မဟာမောဂ္ဂလာန် ရှေ့၌ ထင်ရှားဖြစ်တော်မူ၏။ မြတ်စွာဘုရားသည်ခင်းထားအပ်သော နေရာ၌ ထိုင်တော်မူပြီးသော် အသျှင်မဟာမောဂ္ဂလာန်အား—

မောဂ္ဂလာန် သင်သည် ငိုက်မျဉ်းသလော၊ မောဂ္ဂလာန် သင်သည် ငိုက်မျဉ်းသလောဟု မေးတော်မူ၏။

အသျှင်ဘုရား ငိုက်မျဉ်းသည် မှန်ပါ၏ဟု (လျှောက်၏)။

မောဂ္ဂလာန် ထိုသို့ဖြစ်လျှင် အကြင်သို့သော သညာရှိလျက် နေသော သင့်အား ထိုမိဒ္ဓ ‘ငိုက်မျဉ်းခြင်း’သည် သက်ဝင်၏၊ ထိုသညာကို နှလုံးမသွင်းလင့်၊ ထိုသညာကို ကြိမ်ဖန်များစွာ မပြုလင့်၊ မောဂ္ဂလာန်ဤသို့ မိဒ္ဓသက်ဝင်ကြောင်း သညာကို နှလုံးမသွင်းမူ၍ နေသော သင့်အား ထိုမိဒ္ဓကင်းပျောက်ကြောင်းသည် ရှိသည်သာလျှင်တည်း။ (၁)

ဤသို့ နေသော သင့်အား ထိုမိဒ္ဓ အကယ်၍ မကင်းပျောက်နိုင်ခဲ့မူ မောဂ္ဂလာန် ထိုသို့ မကင်းပျောက်နိုင်ခြင်းကြောင့် သင်သည် ကြားနာပြီး သင်ယူပြီးသော တရားကို စိတ်ဖြင့် အဖန်ဖန် ကြံစည်လေလော့၊ အဖန်ဖန် သုံးသပ်လေလော့၊ စိတ်ဖြင့် အဖန်ဖန် ရှုလေလော့၊ ထိုသို့ နေသော သင့်အားထိုမိဒ္ဓကင်းပျောက်ကြောင်းသည် ရှိသည်သာလျှင်တည်း။ (၂)

ဤသို့ နေသော သင့်အား ထိုမိဒ္ဓ အကယ်၍ မကင်းပျောက်နိုင်ခဲ့မူ မောဂ္ဂလာန် ထိုသို့ မကင်းပျောက်နိုင်ခြင်းကြောင့် သင်သည် ကြားနာပြီး သင်ယူပြီးသော တရားကို အကျယ်အားဖြင့်သရဇ္ဈာယ်ခြင်း ကို ပြုလော့၊ ဤသို့ အကျယ်အားဖြင့် သရဇ္ဈာယ်၍ နေသော သင့်အားထိုမိဒ္ဓကင်းပျောက်ကြောင်းသည် ရှိသည်သာလျှင်တည်း။ (၃)

ဤသို့ သရဇ္ဈာယ်၍ နေသော သင့်အား ထိုမိဒ္ဓ အကယ်၍ မကင်းပျောက်နိုင်ခဲ့မူ မောဂ္ဂလာန် ထိုသို့မကင်းပျောက်နိုင်ခြင်းကြောင့် သင်သည် နားရွက်နှစ်ဖက်တို့ကို ဆွဲငင်ဘိလော့၊ လက်ဖြင့် ကိုယ်တို့ကိုသုံးသပ်ဘိလော့၊ ဤသို့ ပြုသော သင့်အား ထိုမိဒ္ဓကင်းပျောက်ကြောင်းသည် ရှိသည်သာလျှင်တည်း။ (၄)

ဤသို့ နေသော သင့်အား ထိုမိဒ္ဓ အကယ်၍ မကင်းပျောက်နိုင်ခဲ့မူ မောဂ္ဂလာန် ထိုသို့ မကင်းပျောက်နိုင်ခြင်းကြောင့် သင်သည် နေရာမှ ထပြီးလျှင် ရေဖြင့် မျက်စိတို့ကို ပွတ်သပ်၍အရပ်မျက်နှာတို့ကို ကြည့်လေလော့၊ နက္ခတ်တာရာတို့ကို ကြည့်လေလော့၊ ဤသို့ ကြည့်သော သင့်အားထိုမိဒ္ဓကင်းပျောက် ကြောင်းသည်ရှိသည်သာလျှင်တည်း။ (၅)

ဤသို့ ကြည့်သော သင့်အား ထိုမိဒ္ဓ အကယ်၍ မကင်းပျောက်နိုင်ခဲ့မူ မောဂ္ဂလာန် ထိုသို့ မကင်းပျောက်နိုင်ခြင်းကြောင့် သင်သည် အလင်းရောင်ဟူသော အမှတ်ကို နှလုံးသွင်းလော့၊ နေ့ဟူသော အမှတ်သညာကို ဆောက်တည်လော့၊ နေ့အခါ၌ ကဲ့သို့ ထို့အတူ ညဉ့်၌လည်း (အလင်းရောင်သညာကို ဆောက်တည်လော့)၊ ညဉ့်အခါ၌ ကဲ့သို့ ထို့အတူ နေ့၌လည်း (အလင်းရောင်သညာကို ဆောက်တည်လော့)၊ ဤသို့ မိဒ္ဓကင်းစင်၍ ထက်ဝန်းကျင် မြှေးယှက်ခြင်းမရှိသော စိတ်ဖြင့် အရောင်နှင့်တကွဖြစ်သော စိတ်ကိုပွါးလေလော့၊ ဤသို့ ပွါး၍ နေသော သင့်အား မိဒ္ဓကင်းပျောက်ကြောင်းသည် ရှိသည်သာလျှင်တည်း။ (၆)

ဤသို့ နေသော သင့်အား ထိုမိဒ္ဓ အကယ်၍ မကင်းပျောက်နိုင်ခဲ့မူ မောဂ္ဂလာန် ထိုသို့ မကင်းပျောက်နိုင်ခြင်းကြောင့် သင်သည် နောက်နှင့် ရှေ့သို့ ရှေးရှုဆောင်သော သညာရှိသည် ဖြစ်၍ အတွင်း၌ တည်ကုန်သော ဣန္ဒြေတို့ဖြင့် အပ၌ မတည်သော စိတ်ဖြင့် စကြံသွားမှုကို ဆောက်တည်လေလော့၊ ဤသို့ နေသော သင့်အား ထိုမိဒ္ဓကင်းပျောက်ကြောင်းသည် ရှိသည်သာလျှင်တည်း။ (၇)

ဤသို့ နေသော သင့်အား ထိုမိဒ္ဓ အကယ်၍ မကင်းပျောက်နိုင်ခဲ့မူ မောဂ္ဂလာန် ထိုသို့ မကင်းပျောက်နိုင်ခြင်းကြောင့် သင်သည် လက်ယာနံတောင်းဖြင့် လျောင်း၍ (လက်ယာ) ခြေ၌ (လက်ဝဲ) ခြေကိုစဉ်းငယ်လွန်ကာ တင်ထားလျက် သတိသမ္ပဇဉ်နှင့်ပြည့်စုံသည်ဖြစ်၍ ထအံ့ဟူသော အမှတ်သညာကိုပြုကာခြင်္သေ့ကဲ့သို့ အိပ်ခြင်းကို ပြုလော့၊ မောဂ္ဂလာန် နိုးသောအခါ သင်သည် အိပ်မှုချမ်းသာ ဘယ်ပြောင်းညာပြန် လဲလျောင်းမှုချမ်းသာကို အဖန်ဖန် အားထုတ်သည်ဖြစ်၍ မနေအံ့ဟု လျင်မြန်စွာ ထရာ၏။ မောဂ္ဂလာန် သင်သည် ဤသို့ ကျင့်ရမည်။ မောဂ္ဂလာန် ထို့ကြောင့် (ငါသည်) မြင့်သော မာနတည်းဟူသော နှာမောင်းကို ချီပင့်၍ ဒါယကာတို့ အိမ်သို့ မကပ်အံ့ဟု ဤသို့ ကျင့်ရမည်၊ မောဂ္ဂလာန် ရဟန်း့သည် မြင့်သော မာနတည်းဟူသော နှာမောင်းကို ချီပင့်၍ ဒါယကာတို့ အိမ်သို့ ကပ်ရောက်ပါမူ၊ မောဂ္ဂလာန် ဒါယကာတို့၌ ပြုဖွယ်ကိစ္စတို့ ရှိကုန်၏၊ ယင်းပြုဖွယ် ကိစ္စတို့ကြောင့် လူတို့သည် ကြွလာသော ရဟန်းကို နှလုံးမသွင်းနိုင်ကုန်၊ ထိုနှလုံးမသွင်းနိုင်ရာ၌ ရဟန်းအား ဤသို့ စိတ်အကြံဖြစ်ရာ၏—

“ယခုအခါ ငါ့ကို ဤအမျိုး၌ အဘယ်သူသည် ဖျက်ဆီးဘိသနည်း၊ ယခုအခါ၌ ဤလူတို့သည် ငါ၌ (ခင်မင်ခြင်း) ကင်းသော သဘောရှိကြကုန်၏”ဟု (ဤသို့ အကြံဖြစ်ရာ၏)။

ဤသို့ လာဘ်မရခြင်းကြောင့် နှလုံးမသာခြင်းသည် ဖြစ်ရာ၏၊ နှလုံးမသာသော သူအား စိတ်ပျံ့ လွင့်မှုဖြစ်ရာ၏၊ စိတ်ပျံ့လွင့်သော သူအား မစောင့်စည်းမှု ဖြစ်ရာ၏၊ မစောင့်စည်းသော သူ၏ စိတ် သည်သမာဓိမှ ဝေးကွာ၏။

မောဂ္ဂလာန် ထို့ကြောင့် (ငါသည်) ဆန့်ကျင်ဘက်စကားကို မပြောအံ့ဟု ဤသို့ ကျင့်ရမည်။ မောဂ္ဂလာန် ဆန့်ကျင်ဘက်စကားရှိခဲ့သော် စကားများမှု (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်အပ်၏၊ စကားများမှု ရှိခဲ့သော် စိတ်ပျံ့လွင့်မှု ဖြစ်၏၊ စိတ်ပျံ့လွင့် သူအား မစောင့်စည်းမှု ဖြစ်၏၊ မစောင့်စည်းသောသူ၏ စိတ်သည် သမာဓိမှ ဝေးကွာ၏။

မောဂ္ဂလာန် ငါသည် အလုံးစုံသော အရာတို့နှင့် ဆက်ဆံမှုကို မချီးမွမ်း၊ အလုံးစုံသော အရာတို့နှင့်ဆက်ဆံမှုကိုသာ မချီးမွမ်းသည် မဟုတ်သေး၊ စင်စစ်သော်ကား ငါသည် လူ ရဟန်းတို့နှင့်ဆက်ဆံမှုကိုလည်း မချီးမွမ်း။ အသံနည်းကုန်သော၊ ပြည်ရွာတွန်သံမရှိကုန်သော၊ လူတို့၏ အငွေ့အသက်ကင်းကုန်သော၊ လူတို့ လျှို့ဝှက်မှုကို ပြုခြင်းငှါ ထိုက်ကုန်သော၊ တစ်ယောက်တည်း ကိန်းအောင်းခြင်းငှါလျောက်ပတ်သော သဘောရှိသည့် ကျောင်းတို့နှင့် ဆက်ဆံမှုကိုမူကား ချီးမွမ်း၏ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်ဆိုတော်မူသည်ရှိသော် အသျှင်မဟာမောဂ္ဂလာန်သည် မြတ်စွာဘုရားအား—

“အသျှင်ဘုရား အဘယ်မျှလောက်သော အတိုင်းအရှည်ဖြင့် ရဟန်းသည် အကျဉ်းအားဖြင့် တဏှာကုန်ရာ နိဗ္ဗာန်၌ အာရုံပြု၍ (ကိလေသာမှ) လွတ်သော စိတ်ရှိသူ၊ စင်စစ် ပြီးဆုံးမှုရှိသူ၊ စင်စစ် ယောဂလေးပါးဖြင့် ဘေးမရှိသူ၊ စင်စစ် မြတ်သောအကျင့်ကို ကျင့်သူ၊ စင်စစ် နိဗ္ဗာန်ဟု ဆိုအပ်သောအဆုံးရှိသူ၊ နတ်လူတို့ထက် မြတ်သူဖြစ်ပါသနည်း”ဟု လျှောက်၏။

မောဂ္ဂလာန် ဤသာသနာတော်၌ ရဟန်းသည် “တရားအလုံးစုံတို့ကို (တဏှာ,ဒိဋ္ဌိအစွမ်းဖြင့် နိစ္စ၊ သုဘ၊ သုခ၊ အတ္တဟု) နှလုံးသွင်းရန် မသင့်”ဟု ကြားနာအပ်၏။ မောဂ္ဂလာန် ရဟန်းသည် “(ခန္ဓာ, အာယတန, ဓာတ်) တရားအလုံးစုံတို့ကို မှားသောအားဖြင့် နှလုံးသွင်းရန် မသင့်”ဟု ဤသို့သာလျှင်ထိုစကားကို ကြားနာအပ်၏။ ထိုရဟန်းသည် တရားအလုံးစုံကို ထူးသော ဉာဏ်ဖြင့် သိ၏၊ တရားအလုံးစုံကို ထူးသော ဉာဏ်ဖြင့် သိ၍ တရားအလုံးစုံကို ပိုင်းခြား၍ သိ၏၊ တရားအလုံးစုံကိုပိုင်းခြားသိ၍ သုခကို ဖြစ်စေ ဒုက္ခကိုဖြစ်စေ အဒုက္ခမသုခကို ဖြစ်စေ ဝေဒနာဟူသမျှကို ခံစား၏။ ထိုရဟန်းသည် ထိုဝေဒနာတို့၌ မမြဲဟု အဖန်ဖန်ရှု၍ နေ၏၊ စွဲမက်ခြင်းကင်းမှု’ဝိရာဂ’ အားဖြင့်အဖန်ဖန်ရှု၍ နေ၏၊ ချုပ်မှု ‘နိရောဓ’ အားဖြင့် အဖန်ဖန်ရှု၍ နေ၏၊ တစ်ဖန်စွန့်မှု ‘ပဋိနိဿဂ္ဂ’ အားဖြင့်အဖန်ဖန်ရှု၍ နေ၏၊ ထိုရဟန်းသည် ထိုဝေဒနာတို့၌ မမြဲဟု အဖန်ဖန်ရှု၍ နေသည်ရှိသော်စွဲမက်ခြင်းကင်းမှု’ဝိရာဂ’ အားဖြင့် အဖန်ဖန်ရှု၍ နေသည်ရှိသော် ချုပ်မှု ‘နိရောဓ’ အားဖြင့် အဖန်ဖန်ရှု၍နေသည်ရှိသော် တစ်ဖန်စွန့်မှု ‘ပဋိနိဿဂ္ဂ’ အားဖြင့် အဖန်ဖန်ရှု၍ နေသည်ရှိသော် လောက၌ တစ်စုံတစ်ခုသော တရားကိုမျှ (တဏှာ, ဒိဋ္ဌိအစွမ်းဖြင့်) မစွဲလမ်း၊ မစွဲလမ်းခဲ့သော် တဏှာတည်းဟူသောတပ်မက်မှု မရှိ၊ တပ်မက်မှု မရှိခဲ့သော် အသီးအခြားပင်လျှင် ကိလေသာငြိမ်း၏၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ်မရှိတော့ပြီ”ဟု (သိ၏)။

မောဂ္ဂလာန် ဤမျှသော အတိုင်းအရှည်ဖြင့် ရဟန်းသည် အကျဉ်းအားဖြင့် တဏှာကုန်ရာ နိဗ္ဗာန်၌ ့အာရုံပြု၍ (ကိလေသာမှ) လွတ်သော စိတ်ရှိသူ၊ စင်စစ်ပြီးဆုံးမှု ရှိသူ၊ စင်စစ် ယောဂလေးပါးဖြင့် ဘေးမရှိသူ၊ စင်စစ် မြတ်သော အကျင့်ကို ကျင့်သူ၊ စင်စစ် နိဗ္ဗာန်ဟု ဆိုအပ်သော ပြီးဆုံးမှုရှိသူ၊ နတ်လူတို့ထက် မြတ်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။