အင်္ဂုတ္တရနိကာယ်
၇-မဟာဝဂ်
၄-ဓမ္မညူသုတ်
၆၈။ ရဟန်းတို့ တရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏။
အဘယ် ခုနစ်မျိုးတို့နည်းဟူမူ—
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် —
ပါဠိကိုလည်း သိ၏၊ (ပါဠိ၏) အနက်ကိုလည်း သိ၏၊ မိမိကိုယ်ကိုလည်း သိ၏၊ အတိုင်းအရှည်ကိုလည်း သိ၏၊ အခါကိုလည်း သိ၏၊ ပရိသတ်ကိုလည်း သိ၏၊ ပုဂ္ဂိုလ်တို့၏ ထက်သည့်အဖြစ် နုံ့သည့်အဖြစ်ကိုလည်း သိ၏။
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ပါဠိ်ကို သိသနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သုတ်၊ ဂေယျ၊ ဝေယျာကရဏ၊ ဂါထာ၊ ဥဒါန်း၊ ဣတိဝုတ်၊ ဇာတ်၊ အဗ္ဘုတဓမ္မ၊ ဝေဒလ္လဟူသော ပါဠိကို သိ၏၊ ရဟန်းတို့ ရဟန်းသည် သုတ်၊ ဂေယျ။ပ။ အဗ္ဘုတဓမ္မ၊ ဝေဒလ္လဟူသော ပါဠိကို အကယ်၍ မသိပါမူ ဤသာသနာတော်၌ ပါဠိကို သိသောရဟန်းဟု မဆိုရာ။
ရဟန်းတို့ သုတ်၊ ဂေယျ။ပ။ အဗ္ဘုတဓမ္မ၊ ဝေဒလ္လဟူသော ပါဠိကို သိသောကြောင့် ရဟန်းကို ပါဠိကိုသိသော ရဟန်း ‘ဓမ္မညူ’ဟု ဆိုအပ်၏၊ ဤသို့လျှင် ပါဠိကို သိ၏။ (၁)
အဘယ်သို့လျှင် (ပါဠိ၏) အနက်ကို သိသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည့်”ဤသည်ကား ဟောတော်မူအပ်သော ဤပါဠိ၏ အနက်တည်း၊ ဤသည်ကား ဟောတော်မူအပ်သောဤပါဠိ၏ အနက်တည်း”ဟု ဟောတော်မူတိုင်းသာလျှင် ဖြစ်သော ထိုထိုပါဠိ၏ အနက်ကို သိ၏၊ ရဟန်းတို့ ရဟန်းသည် “ဤသည်ကား ဟောတော်အပ်မူအပ်သော ဤပါဠိ၏ အနက်တည်း၊ ဤသည်ကား ဟောတော်မူအပ်သော ဤပါဠိ၏ အနက်တည်း”ဟု ဟောတော်မူတိုင်းသာလျှင် ဖြစ်သောထိုထိုပါဠိ၏ အနက်ကို မသိပါမူ ဤသာသနာတော်၌ ပါဠိ၏ အနက်ကို သိသော ရဟန်းဟူ၍ မဆိုရာ။ ရဟန်းတို့ “ဤသည်ကား ဟောတော်အပ်မူအပ်သော ဤပါဠိ၏ အနက်တည်း၊ ဤသည်ကားဟောတော်မူအပ်သော ဤပါဠိ၏ အနက်တည်း”ဟု ဟောတော်မူတိုင်းသာလျှင် ဖြစ်သောထိုထိုပါဠိတော်၏ အနက်ကို သိသော ကြောင့် ရဟန်းကို အနက်ကို သိသော ရဟန်း ‘အတ္ထညူ’ဟူ၍ဆိုအပ်၏။ ဤသို့လျှင် ပါဠိကို သိ၏၊ အနက်ကို သိ၏။ (၂)
အဘယ်သို့လျှင် မိမိကိုယ်ကို သိသနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် “ငါသည် သဒ္ဓါတရားဖြင့် သီလဖြင့် အကြားအမြင်ဖြင့်စွန့်ကြဲပေးကမ်းခြင်းဖြင့် ပညာဖြင့် ဉာဏ် ‘ပဋိဘာန်’ ဖြင့် ဤမျှလောက် ရှိ၏”ဟု မိမိကိုယ်ကို သိ၏။ ရဟန်းတို့ ရဟန်းသည် မိမိကိုယ်ကို “ငါသည် သဒ္ဓါတရားဖြင့် သီလဖြင့် အကြားအမြင်ဖြင့် စွန့်ကြဲပေးကမ်းခြင်းဖြင့် ပညာဖြင့် ဉာဏ် ‘ပဋိဘာန်’ ဖြင့် ဤမျှလောက် ရှိ၏”ဟု မိမိကိုယ်ကို အကယ်၍မသိပါမူ ဤသာသနာတော်၌ မိမိကိုယ်ကို သိသော ရဟန်းဟူ၍ မဆိုရာ။
ရဟန်းတို့ မိမိကိုယ်ကို “ငါသည် သဒ္ဓါတရားဖြင့် သီလဖြင့် အကြားအမြင်ဖြင့် စွန့်ကြဲပေးကမ်း ခြင်းဖြင့်ပညာဖြင့် ဉာဏ် ‘ပဋိဘာန်’ ဖြင့် ဤမျှလောက် ရှိ၏”ဟု မိမိကိုယ်ကို သိသောကြောင့် ရဟန်းကိုမိမိကိုယ်ကို သိသော ရဟန်း ‘အတ္ထညူ’ဟူ၍ ဆိုအပ်၏။ ဤသို့လျှင် ပါဠိကိုသိ၏၊ အနက်ကိုသိ၏၊ မိမိကိုယ်ကိုသိ၏၊ (၃)
အဘယ်သို့လျှင် အတိုင်းအရှည်ကို သိသနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ဆေးအသုံး အဆောင်တို့ကို ခံယူခြင်း၌ အတိုင်းအရှည်ကို သိ၏။ ရဟန်းတို့ ရဟန်းသည် သင်္ကန်း ဆွမ်းကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံး အဆောင်တို့ကို ခံယူခြင်း၌ အတိုင်းအရှည်ကို အကယ်၍မသိပါမူ ဤသာသနာတော်၌ အတိုင်းအရှည်ကို သိသော ရဟန်းဟူ၍ မဆိုရာ၊ ရဟန်းတို့ သင်္ကန်း ဆွမ်းကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်တို့ကို ခံယူခြင်း၌ အတိုင်းအရှည်ကိုသိသောကြောင့် ရဟန်းကို အတိုင်းအရှည်ကို သိသော ရဟန်း ‘မတ္တညူ’ဟူ၍ ဆိုအပ်၏၊ ဤသို့လျှင်ပါဠိကို သိ၏၊ အနက်ကို သိ၏၊ မိမိကိုယ်ကို သိ၏၊ အတိုင်းအရှည်ကို သိ၏။ (၄)
အဘယ်သို့လျှင် အခါကို သိသနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် “ဤသည်ကား ပါဠိသင်ယူခြင်း၏ အခါတည်း၊ ဤသည်ကား မေးမြန်းခြင်း၏ အခါတည်း၊ ဤသည်ကား ကမ္မဋ္ဌာန်းအားထုတ်ခြင်း၏ အခါတည်း၊ ဤသည်ကား တစ်ယောက်တည်း ကိန်းအောင်းခြင်း၏ အခါတည်း”ဟု အခါကာလကို သိ၏။ ရဟန်းတို့ရဟန်းသည် “ဤသည်ကား ပါဠိသင်ယူခြင်း၏ အခါတည်း၊ ဤသည်ကား မေးမြန်းခြင်း၏ အခါတည်း၊ ဤသည်ကား ကမ္မဋ္ဌာန်းအားထုတ်ခြင်း၏ အခါတည်း၊ ဤသည်ကား တစ်ယောက်တည်း ကိန်းအောင်းခြင်း၏ အခါတည်း”ဟု အကယ်၍ အခါကာလကို မသိပါမူ ဤသာသနာတော်၌ အခါကာလကို သိသောရဟန်းဟူ၍ မဆိုရာ၊ ရဟန်းတို့ ရဟန်းသည် “ဤသည်ကား ပါဠိသင်ခြင်း၏ အခါတည်း၊ ဤသည်ကားမေးမြန်းခြင်း၏ အခါတည်း၊ ဤသည်ကား ကမ္မဋ္ဌာန်းအားထုတ်ခြင်း၏ အခါတည်း၊ ဤသည်ကားတစ်ယောက်တည်း ကိန်းအောင်းခြင်း၏ အခါတည်း”ဟု အခါကို သိသောကြောင့် ရဟန်းကိုအခါကာလကို သိသော ရဟန်း ‘ကာလညူ’ဟူ၍ ဆိုအပ်၏။
ဤသို့လျှင် ပါဠိကို သိ၏၊ ပါဠိ၏ အနက်ကို သိ၏၊ မိမိကိုယ်ကို သိ၏၊ အတိုင်းအရှည်ကို သိ၏၊ အခါကာလကို သိ၏။ (၅)
အဘယ်သို့လျှင် ပရိသတ်ကို သိသနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် “ဤသည်ကား မင်းပရိသတ်တည်း၊ ဤသည်ကား ပုဏ္ဏားပရိသတ်တည်း၊ ဤသည်ကား သူကြွယ်ပရိသတ်တည်း၊ ဤသည်ကား ရဟန်းပရိသတ်တည်း၊ ထိုပရိသတ်၌ ဤသို့ ချဉ်းကပ်သင့်၏၊ ဤသို့ ရပ်တည်သင့်၏၊ ဤသို့ ပြုသင့်၏၊ ဤသို့ နေသင့်၏၊ ဤသို့ ပြောဟော သင့်၏၊ ဤသို့ ဆိတ်ဆိတ်နေသင့်၏”ဟု ပရိသတ်ကို သိ၏။ ရဟန်းတို့ ရဟန်းသည်”ဤသည်ကား မင်းပရိသတ်တည်း။ပ။ ဤသို့ ဆိတ်ဆိတ်နေသင့်၏”ဟု အကယ်၍ မသိပါမူ ဤလောက၌ ပရိသတ်ကို သိသော ရဟန်းဟူ၍ မဆိုရာ၊ ရဟန်းတို့ “ဤသည်ကား မင်းပရိသတ်တည်း၊ ဤသည်ကားပုဏ္ဏား ပရိသတ်တည်း၊ ဤသည်ကား သူကြွယ်ပရိသတ်တည်း၊ ဤသည်ကား ရဟန်းပရိသတ်တည်း၊ ထိုပရိသတ်၌ ဤသို့ ချဉ်းကပ်သင့်၏၊ ဤသို့ ရပ်တည်သင့်၏၊ ဤသို့ ပြုသင့်၏၊ ဤသို့ နေသင့်၏၊ ဤသို့ ပြောဟောသင့်၏၊ ဤသို့ ဆိတ်ဆိတ်နေသင့်၏”ဟု သိသောကြောင့် ရဟန်းကို ပရိသတ်ကိုသိသော ရဟန်း ‘ပရိသညူ’ဟူ၍ ဆိုအပ်၏။
ဤသို့လျှင် ပါဠိကို သိ၏၊ ပါဠိ၏ အနက်ကို သိ၏၊ မိမိကိုယ်ကို သိ၏၊ အတိုင်းအရှည်ကို သိ၏၊ အခါကာလကို သိ၏၊ ပရိသတ်ကို သိ၏။ (၆)
အဘယ်သို့လျှင် ပုဂ္ဂိုလ်တို့၏ ထက်သည့်အဖြစ် နုံ့သည့်အဖြစ်ကို သိသနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် နှစ်ပါးသော အဖို့ဖြင့် ပုဂ္ဂိုလ်တို့ကို သိအပ်ကုန်၏၊ ပုဂ္ဂိုလ်နှစ်ဦးတို့ရှိကြရာ ပုဂ္ဂိုလ်တစ်ဦးသည် အရိယာပုဂ္ဂိုလ်တို့ကို ဖူးမြင်လို၏၊ ပုဂ္ဂိုလ်တစ်ဦးသည် အရိယာပုဂ္ဂိုလ်တို့ကို မဖူးမြင်လို၊ အရိယာပုဂ္ဂိုလ်တို့ကို မဖူးမြင်လိုသော ပုဂ္ဂိုလ်ကို ဤသို့ မဖူးမြင်လိုသောအကြောင်းကြောင့် ကဲ့ရဲ့အပ်၏၊ အရိယာပုဂ္ဂိုလ်ကို ဖူးမြင်လိုသော ပုဂ္ဂိုလ်ကို ဤသို့ ဖူးမြင်လိုသောအကြောင်းကြောင့် ချီးမွမ်းအပ်၏။
အရိယာပုဂ္ဂိုလ်တို့ကို ဖူးမြင်လိုသော ပုဂ္ဂိုလ်နှစ်ယောက်တို့ ရှိကြရာ၊ ပုဂ္ဂိုလ်တစ်ဦးသည် သူတော်ကောင်းတရားကို ကြားနာလို၏၊ ပုဂ္ဂိုလ်တစ်ဦးသည် သူတော်ကောင်းတရားကို မကြားနာလို၊ သူတော်ကောင်းတရားကို မကြားနာလိုသော ပုဂ္ဂိုလ်ကို ဤသို့ မကြားနာလိုသော အကြောင်းကြောင့်ကဲ့ရဲ့အပ်၏၊ သူတော်ကောင်းတရားကို ကြားနာလိုသော ပုဂ္ဂိုလ်ကို ဤသို့ ကြားနာလိုသောအကြောင်းကြောင့် ချီးမွမ်းအပ်၏။
သူတော်ကောင်းတရားကို ကြားနာလိုသော ပုဂ္ဂိုလ်နှစ်ဦးတို့ ရှိကြရာ ပုဂ္ဂိုလ်တစ်ဦးသည် နားစိုက်၍တရားကို နာ၏၊ ပုဂ္ဂိုလ်တစ်ဦးသည် နားမစိုက်ဘဲ တရားကို နာ၏၊ နားမစိုက်ဘဲ တရားနာသောပုဂ္ဂိုလ်ကို ဤသို့ နားမစိုက်ဘဲ တရားနာသော အကြောင်းကြောင့် ကဲ့ရဲ့အပ်၏၊ နားစိုက်၍တရားနာသော ပုဂ္ဂိုလ်ကို ဤသို့ နားစိုက်၍ တရားနာသော အကြောင်းကြောင့် ချီးမွမ်းအပ်၏။
နားစိုက်၍ တရားနာသော ပုဂ္ဂိုလ်နှစ်ဦးတို့ ရှိကြရာ ပုဂ္ဂိုလ်တစ်ဦးသည် တရားနာပြီး၍ ဆောင် ထား၏၊ ပုဂ္ဂိုလ်တစ်ဦးသည် တရားနာပြီး၍ ဆောင်မထား၊ တရားနာပြီး၍ ဆောင်မထားသော ပုဂ္ဂိုလ်ကို ဤသို့ဆောင်မထားသော အကြောင်းကြောင့် ကဲ့ရဲ့အပ်၏၊ တရားနာပြီး၍ ဆောင်ထားသော ပုဂ္ဂိုလ်ကို ဤသို့ဆောင်ထားသော အကြောင်းကြောင့် ချီးမွမ်းအပ်၏။
တရားနာပြီး၍ ဆောင်ကုန်သော ပုဂ္ဂိုလ်နှစ်ဦးတို့ ရှိကြရာ ပုဂ္ဂိုလ်တစ်ဦးသည် ဆောင်ထားသောတရားတို့၏ အနက်ကို ဆင်ခြင်၏၊ ပုဂ္ဂိုလ်တစ်ဦးသည် ဆောင်ထားသော တရားတို့၏ အနက်ကိုမဆင်ခြင်၊ ဆောင်ထားသော တရား၏ အနက်ကို မဆင်ခြင်သော ပုဂ္ဂိုလ်ကို ဤသို့ မဆင်ခြင်သောအကြောင်းကြောင့် ကဲ့ရဲ့အပ်၏၊ ဆောင်ထားသော တရား၏ အနက်ကို ဆင်ခြင်သော ပုဂ္ဂိုလ်ကို ဤသို့ဆင်ခြင်သော အကြောင်းကြောင့် ချီးမွမ်းအပ်၏။
ဆောင်ထားသော တရားတို့၏ အနက်ကို ဆင်ခြင်သော ပုဂ္ဂိုလ်နှစ်ဦးတို့ ရှိကြရာ ပုဂ္ဂိုလ် တစ်ဦးသည်အနက် ပါဠိကို သိ၍ လောကုတ္တရာအားလျော်သော အကျင့်ကို ကျင့်၏၊ ပုဂ္ဂိုလ်တစ်ဦးသည် အနက်ပါဠိကို သိ၍ လောကုတ္တရာအားလျော်သော အကျင့်ကို မကျင့်၊ အနက် ပါဠိကို သိ၍ လောကုတ္တရာအားလျော်သော အကျင့်ကို မကျင့်သော ပုဂ္ဂိုလ်ကို ဤသို့ မကျင့်သော အကြောင်းကြောင့် ကဲ့ရဲ့အပ်၏၊ အနက် ပါဠိကို သိ၍ လောကုတ္တရာအားလျော်သော အကျင့်ကို ကျင့်သော ပုဂ္ဂိုလ်ကို ဤသို့ ကျင့်သောအကြောင်းကြောင့် ချီးမွမ်း အပ်၏။
အနက် ပါဠိကို သိ၍ လောကုတ္တရာအား လျော်သော အကျင့်ကို ကျင့်ကုန်သော ပုဂ္ဂိုလ်နှစ်ဦးတို့ရှိကြရာ ပုဂ္ဂိုလ်တစ်ဦးသည် မိမိအကျိုးစီးပွါး အလို့ငှါ ကျင့်၏၊ သူတစ်ပါး၏ အကျိုးစီးပွါး အလို့ငှာမကျင့်၊ ပုဂ္ဂိုလ်တစ်ဦးသည် မိမိ၏အကျိုးစီးပွါးကိုလည်းကောင်း၊ သူတစ်ပါး၏အကျိုးစီးပွါးကိုလည်းကောင်း ကျင့်၏၊ မိမိအကျိုးစီးပွါးကို ကျင့်၍ သူတစ်ပါး၏အကျိုးစီးပွါးကို မကျင့်သော ပုဂ္ဂိုလ်ကို ဤသို့မကျင့်သော အကြောင်းကြောင့် ကဲ့ရဲ့အပ်၏၊ မိမိအကျိုးစီးပွါးကိုလည်းကောင်း၊ သူတစ်ပါးအကျိုး စီးပွါးကိုလည်းကောင်း ကျင့်သော ပုဂ္ဂိုလ်ကို ထိုကျင့်သော အကြောင်းကြောင့် ချီးမွမ်းအပ်၏။
ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် နှစ်ပါးသော အဖို့ဖြင့် ပုဂ္ဂိုလ်တို့ကို သိအပ်ကုန်၏။
ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ပုဂ္ဂိုလ်တို့၏ ထက်သည့်အဖြစ် နုံ့သည့်အဖြစ်ကို သိ၏။
ရဟန်းတို့ ဤတရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်းပေးလှူပူဇော်ရန် ထိုက်တန်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေသဖွယ်ဖြစ်၏ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။