အင်္ဂုတ္တရနိကာယ်

၇-မဟာဝဂ်

၁ဝ-အရကသုတ်

၇၄။ ရဟန်းတို့ ရှေးကဖြစ်ဖူးသည်ကား အယူဝါဒကို တီထွင်သော ကာမဂုဏ်တို့၌ (ဝိက္ခမ္ဘနပဟာန် ဖြင့်) စွဲမက်မှုကင်းသော အရကမည်သော ဆရာသည် ဖြစ်ပေါ်ဖူးပြီ။ ရဟန်းတို့ အရကဆရာအားတပည့်ရာပေါင်း များစွာတို့ ရှိကုန်၏၊ အရကဆရာသည် တပည့်တို့အား ဤသို့ တရားကို ဟော၏။

သူတော်ကောင်း—လူတို့၏ အသက်သည် နည်းပါးလှ၏၊ တိုတောင်းလှ၏၊ လျင်မြန်လှ၏၊ များစွာဆင်းရဲခြင်း ရှိ၏၊ များစွာပင်ပန်းခြင်းရှိ၏၊ ပညာဖြင့် သိအပ်၏၊ ကုသိုလ်ကို ပြုအပ်၏၊ မြတ်သောအကျင့်ကို ကျင့်အပ်၏၊ ပဋိသန္ဓေနေရသော ပုဂ္ဂိုလ်အား မသေရမှုမည်သည် မရှိ။

သူတော်ကောင်း—ဥပမာသော်ကား မြက်ပင်ဖျား၌ ကျရောက်သော ဆီးနှင်းပေါက်သည် နေထွက်လတ်သော် လျင်မြန်စွာ ပျောက်ကွယ်၏၊ ကြာမြင့်စွာ မတည်။ သူတော်ကောင်း— ထို့တူသာလျှင် လူတို့၏အသက်သည် မြက်ပင်ဖျား၌ ကျရောက်သော ဆီးနှင်းပေါက်နှင့် ဥပမာတူ၏၊ တိုတောင်းလှ၏၊ လျင်မြန်လှ၏၊ များစွာ ဆင်းရဲခြင်း ရှိ၏၊ များစွာပင်ပန်းခြင်းရှိ၏၊ ပညာဖြင့် သိအပ်၏၊ ကုသိုလ်ကို ပြုအပ်၏၊ မြတ်သော အကျင့်ကို ကျင့်အပ်၏၊ ပဋိသန္ဓေနေရသော ပုဂ္ဂိုလ်အား မသေရမှုမည်သည် မရှိ။

သူတော်ကောင်း—ဥပမာတစ်နည်းသော်ကား မိုးကြီးသည်းထန်စွာ ရွာသွန်းလတ်သော် ရေအပြင်၌ ရေပွက်သည် လျင်မြန်စွာ ပျောက်ကွယ်၏၊ ကြာမြင့်စွာ မတည်။ သူတော်ကောင်း— ဤအတူသာလျှင်လူတို့၏အသက်သည် ရေပွက်နှင့် ဥပမာတူ၏၊ တိုတောင်းလှ၏၊ လျင်မြန်လှ၏၊ များစွာ ဆင်းရဲခြင်းရှိ၏၊ များစွာပင်ပန်းခြင်း ရှိ၏၊ ပညာဖြင့် သိအပ်၏၊ ကုသိုလ်ကို ပြုအပ်၏၊ မြတ်သော အကျင့်ကို့ကျင့်အပ်၏၊ ပဋိသန္ဓေနေရသော ပုဂ္ဂိုလ်အား မသေရမှုမည်သည် မရှိ။

သူတော်ကောင်း—ဥပမာတစ်နည်းသော်ကား ရေပြင်၌ လှင်ကန်ဖြင့် ရိုက်ခတ်အပ်သော အရေးအကြောင်းသည် လျင်မြန်စွာသာလျင် ပျောက်ကွယ်၏၊ ကြာမြင့်စွာ မတည်။ သူတော်ကောင်း— ဤအတူသာလျှင် လူတို့၏ အသက်သည် ရေအပြင်၌ ရေးအပ်သော အရေးအကြောင်းနှင့် ဥပမာတူ၏၊ တိုတောင်း လှ၏။ပ။ ပဋိသန္ဓေနေရသော ပုဂ္ဂိုလ်အား မသေရမှုမည်သည် မရှိ။

သူတော်ကောင်း—ဥပမာတစ်နည်းသော်ကား ဝေးသောအရပ်မှ လာ၍ လျင်မြန်သော ရေအလျဉ်ရှိသော ဆောင်အပ်သော အမှိုက်သရိုက်ကို ဆောင်တတ်သော တောင်ထိပ်မှ စီးဆင်းသော မြစ်သည်အကြင်ကာလအားဖြင့် နောက်သို့ ဆုတ်၏၊ ထိုဆုတ်သော ကာလသည်လည်းကောင်း၊ လယသည်လည်းကောင်း၊ မုဟုတ္တသည်လည်းကောင်း မရှိ၊ စင်စစ် ထိုမြစ်ရေအလျဉ်သည် သွားသည်သာလျှင် ဖြစ်၏၊ လျှောသည်သာလျှင် ဖြစ်၏၊ စီးဆင်းသည်သာလျှင် ဖြစ်၏။ သူတော်ကောင်း—ဤအတူသာလျှင် လူတို့၏အသက်သည် တောင်ထိပ်မှ စီးဆင်းသော မြစ်ရေနှင့် ဥပမာတူ၏၊ တိုတောင်းလှ၏၊ လျင်မြန်လှ၏။ပ။ ပဋိသန္ဓေနေရသော ပုဂ္ဂိုလ်အား မသေရမှုမည်သည် မရှိ။

သူတော်ကောင်း— ဥပမာတစ်နည်းသော်ကား ခွန်အားရှိသောယောကျာ်းသည် လျှာဖျား၌ တံတွေးပေါက်ကို စုရုံးပြီး မပင်မပန်းဖြင့်သာလျှင် ထွေးရာသကဲ့သို့ သူတော်ကောင်း— ဤအတူသာလျှင် လူတို့၏အသက်သည် တံတွေးပေါက်နှင့် ဥပမာတူ၏၊ တိုတောင်းလှ၏၊ လျင်မြန်လှ၏။ပ။ ပဋိသန္ဓေနေရသောပုဂ္ဂိုလ်အား မသေရမှု မည်သည် မရှိ။

သူတော်ကောင်း— ဥပမာတစ်နည်းသော်ကား တစ်နေ့ပတ်လုံး လောလောပူသော သံအိုးကင်း၌ အသားတုံးကို ထည့်အပ်သည်ရှိသော် လျင်မြန်စွာသာလျှင် ပျောက်ပျက်လေ၏၊ ကြာမြင့်စွာ မတည်။ သူတော်ကောင်း—ဤအတူသာလျှင် လူတို့၏ အသက်သည် အသားတုံးဥပမာတူ၏၊ တိုတောင်းလှ၏၊ လျင်မြန်လှ၏။ပ။ ပဋိသန္ဓေနေရသော ပုဂ္ဂိုလ်အား မသေရမှု မည်သည် မရှိ။

သူတော်ကောင်း— ဥပမာတစ်နည်းသော်ကား နွားသတ်ရုံသို့ ဆွဲငင်ယူဆောင်အပ်သော အသတ်ခံရ မည့်နွားမသည် ခြေလှမ်း ကြွချီတိုင်း ကြွချီတိုင်းသာလျှင် သတ်ခြင်း၏ အနီး၌ သာ ဖြစ်၏၊ သေခြင်း၏အနီး၌ သာ ဖြစ်၏။ သူတော်ကောင်း— ဤအတူသာလျှင် လူတို့၏ အသက်သည် အသတ်ခံရမည့် နွားမနှင့်ဥပမာတူ၏၊ တိုတောင်းလှ၏၊ လျင်မြန်လှ၏၊ များစွာဆင်းရဲခြင်း ရှိ၏၊ များစွာပင်ပန်းခြင်း ရှိ၏၊ ပညာဖြင့် သိအပ်၏၊ ကုသိုလ်ကို ပြုအပ်၏၊ မြတ်သော အကျင့်ကို ကျင့်အပ်၏၊ ပဋိသန္ဓေနေရသောပုဂ္ဂိုလ်အား မသေရမှုမည်သည် မရှိ”ဟု (တရားကို ဟော၏)။

ရဟန်းတို့ ထိုစဉ်အခါ၌ လူတို့၏ အသက်အတိုင်းအရှည်သည် အနှစ်ခြောက်သောင်း ဖြစ်လေ၏၊ အနှစ်ငါးရာ အသက်ရှိသော သတို့သမီးသည် လက်ထပ်ထိမ်းမြားရန် ထိုက်၏၊ ရဟန်းတို့ ထိုစဉ်အခါကလူတို့အား ချမ်းအေးမှု၊ ပူအိုက်မှု၊ ဆာလောင်မှု၊ မွတ်သိပ်မှု၊ ကျင်ကြီးစွန့်လိုမှု၊ ကျင်ငယ်စွန့်လိုမှုဟူသော အနာရောဂါခြောက်မျိုးတို့သာလျှင် ရှိကုန်၏။ ရဟန်းတို့ အရကမည်သော ထိုဆရာသည် ဤသို့အသက်ရှည်၍ ကြာမြင့်စွာ တည်ပြီးလျှင် အနာရောဂါ ကင်းကုန်သော လူတို့၌သော်လည်း တပည့်တို့အား”သူတော်ကောင်း—လူတို့၏ အသက်သည် နည်းပါးလှ၏၊ တိုတောင်းလှ၏၊ လျင်မြန်လှ၏၊ များစွာဆင်းရဲခြင်း ရှိ၏၊ များစွာပင်ပန်းခြင်း ရှိ၏၊ ပညာဖြင့် သိအပ်၏၊ ကုသိုလ်ကို ပြုအပ်၏၊ မြတ်သောအကျင့်ကို ကျင့်အပ်၏၊ ပဋိသန္ဓေနေရသော ပုဂ္ဂိုလ်အား မသေရမှု မည်သည် မရှိ”ဟူ၍ တရားကိုဟော တုံဘိသေး၏။

ရဟန်းတို့ “လူတို့၏ အသက်သည် နည်းပါးလှ၏၊ တိုတောင်းလှ၏၊ လျင်မြန်လှ၏၊ များစွာဆင်းရဲခြင်း ရှိ၏၊ များစွာပင်ပန်းခြင်း ရှိ၏၊ ပညာဖြင့် သိအပ်၏၊ ကုသိုလ်ကို ပြုအပ်၏၊ မြတ်သောအကျင့်ကို ကျင့်အပ်၏၊ ပဋိသန္ဓေနေရသော ပုဂ္ဂိုလ်အား မသေရမှုမည်သည် မရှိ”ဟူ၍ ထိုစကားကို့ပြော ဆိုလိုမူ ယခုအခါ၌ သာလျှင် ကောင်းစွာ ပြောဆိုသည်မည်ရာ၏။

ရဟန်းတို့ ယခုအခါ၌ ကြာမြင့်စွာ အသက်ရှည်သူသည် အနှစ်တစ်ရာသော်လည်းကောင်း၊ (တစ်ရာအောက်) အနည်းငယ်လျော့၍သော်လည်းကောင်း၊ (တစ်ရာထက်) အနည်းငယ် ပိုလွန်၍သော်လည်းကောင်း အသက်ရှည်၏။

ရဟန်းတို့ အနှစ်တစ်ရာအသက်ရှည်သူသည် ဆောင်းဥတုတစ်ရာ နွေဥတုတစ်ရာ မိုးဥတုတစ်ရာ အားဖြင့်ဥတုသုံးရာပတ်လုံးသာလျှင် အသက်ရှည်၏။

ရဟန်းတို့ ဥတုသုံးရာပတ်လုံး အသက်ရှည်သူသည် ဆောင်းလလေးရာ နွေလလေးရာ မိုးလလေးရာအားဖြင့် လပေါင်း တစ်ထောင့်နှစ်ရာပတ်လုံးသာလျှင် အသက်ရှည်၏။

ရဟန်းတို့ လပေါင်း တစ်ထောင့်နှစ်ရာပတ်လုံး အသက်ရှည်သူသည် ဆောင်းလခွဲပေါင်းရှစ်ရာ နွေလခွဲပေါင်းရှစ်ရာ မိုးလခွဲပေါင်းရှစ်ရာအားဖြင့် လခွဲပေါင်း နှစ်ထောင့်လေးရာပတ်လုံးသာလျှင် အသက် ရှည်၏။

ရဟန်းတို့ လခွဲပေါင်း နှစ်ထောင့်လေးရာပတ်လုံး အသက်ရှည်သော သူသည် ဆောင်းညဉ့်ပေါင်းတစ်သောင်းနှစ်ထောင် နွေညဉ့်ပေါင်း တစ်သောင်းနှစ်ထောင် မိုးညဉ့်ပေါင်း တစ်သောင်းနှစ်ထောင်အားဖြင့်သုံးသောင်းခြောက်ထောင်သော ညဉ့်တို့ပတ်လုံးသာလျှင် အသက်ရှည်၏။

ရဟန်းတို့ ညဉ့်ပေါင်း သုံးသောင်းခြောက်ထောင် အသက်ရှည်သောသူသည် အမိနို့ကို စို့ခြင်းနှင့် တကွထမင်းစားခြင်း၏ အန္တရာယ်နှင့်တကွ ဆောင်းလထမင်းစားမှု နှစ်သောင်းလေးထောင် နွေလထမင်းစားမှု နှစ်သောင်းလေးထောင် မိုးလထမင်းစားမှု နှစ်သောင်းလေးထောင်အားဖြင့် ခုနစ်သောင်းနှစ်ထောင်သော အကြိမ်တို့ ပတ်လုံးသာလျှင် ထမင်းကို စား၏။

ထိုစကားရပ်၌ ဤဆိုလတ္တံ ့သည်တို့ကား ထမင်းစားမှု၏ အန္တရာယ်တို့ပင်တည်း။

မျောက်မျဉ်းအိပ်သူသည်လည်း ထမင်းကို မစား၊ ဆင်းရဲမှု နှိပ်စက်ခံရသူသည်လည်း ထမင်းကို မစား၊ အနာရောဂါနှိပ်စက်ခံရသူသည်လည်း ထမင်းကို မစား၊ ဥပုသ်စောင့်သူသည်လည်း ထမင်းကို မစား၊ လာဘ်မရသဖြင့်လည်း ထမင်းကို မစား၊ (ဤသည်တို့ကား) ထမင်းစားမှု၏ အန္တရာယ်တို့ ပင်တည်း။

ရဟန်းတို့ ဤသို့လျှင် ငါသည် အနှစ်တစ်ရာ အသက်ရှည်သော လူ၏ အသက်ကိုလည်း ရေတွက်အပ်၏၊ အသက်အတိုင်းအရှည်ကိုလည်း ရေတွက်အပ်၏၊ ဥတုကိုလည်း ရေတွက်အပ်၏၊ နှစ်တို့ကိုလည်းရေတွက်အပ်ကုန်၏၊ လတို့ကိုလည်း ရေတွက်အပ်ကုန်၏၊ လခွဲတို့ကိုလည်း ရေတွက်အပ်ကုန်၏၊ ညဉ့်တို့ကိုလည်း ရေတွက်အပ်ကုန်၏၊ နေ့တို့ကိုလည်း ရေတွက်အပ်ကုန်၏၊ ထမင်းစားမှုတို့ကိုလည်း ရေတွက်အပ်ကုန်၏၊ ထမင်း၏ အန္တရာယ်တို့ကိုလည်း ရေတွက်အပ်ကုန်၏။

ရဟန်းတို့ တပည့်သာဝကတို့၏ အစီးအပွါးကို ရှာသော သနားစောင့်ရှောက်သည့် ဆရာဖြစ်သောငါသည် သင်တို့အား သနားစောင့်ရှောက်မှုကို အစွဲပြု၍ ပြုလုပ်ဖွယ်ကိစ္စကို ပြုအပ်ပြီ။

ရဟန်းတို့ ဤသည်တို့ကား သစ်ပင်ရင်းတို့တည်း၊ ဤသည်တို့ကား ဆိတ်ငြိမ်ရာ အရပ်တို့တည်း၊ (ထိုအရပ်တို့သို့ ချဉ်းကပ်ကြကုန်လော့)၊ ရဟန်းတို့ တစိမ်းစိမ်းရှုကြကုန်လော့၊ မမေ့မလျော့ကြကုန်လင့်၊ နောက်မှ နှလုံးမသာယာမှု မဖြစ်ကြကုန်လင့်၊ ဤသည်ကား သင်တို့အား ငါ၏ ဆုံးမမှုပင်တည်းဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ခုနစ်ခုမြောက် မဟာဝဂ် ပြီး၏။