အင်္ဂုတ္တရနိကာယ်
၂-မဟာဝဂ်
၁-ဝေရဉ္ဇသုတ်
၁၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—
အခါတစ်ပါး၌ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဝေရဉ္ဇာပြည် နဠေရုမည်သော တမာပင် အနီး၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ဝေရဉ္ဇပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသောနေရာ၌ ထိုင်နေပြီးသော ဝေရဉ္ဇပုဏ္ဏားသည် မြတ်စွာဘုရားအား အသျှင်ဂေါတမ ဤ (စကား) ကို အကျွန်ုပ် ကြားဖူးပါသည်၊ “ရဟန်းဂေါတမသည် အိုကုန်သော ကြီးကုန်သော ရင့်ကုန်သော ရှေးမီကုန်သော အဆုံးအရွယ်သို့ ရောက်ကုန်သော ပုဏ္ဏားတို့ကို ရှိလည်းမခိုးခရီးဦးလည်းမကြို ထိုင်ရန်နေရာဖြင့် ဖိတ်လည်း မဖိတ်”ဟု ကြားဖူးပါသည်၊ အသျှင်ဂေါတမ ထို (အကျွန်ုပ်ကြားဖူးသော စကား) သည် ထို (ကြားဖူးသည့်) အတိုင်း မှန်သည်သာတည်း၊ အသျှင်ဂေါတမ အိုကုန်သော ကြီးကုန်သော ရင့်ကုန်သော ရှေးမီကုန်သော အဆုံးအရွယ်သို့ ရောက်ကုန်သော ပုဏ္ဏားတို့ကို ရှိလည်းမခိုး ခရီးဦးလည်းမကြို ထိုင်ရန်နေရာဖြင့် ဖိတ်လည်း မဖိတ်၊ အသျှင်ဂေါတမ ထို (ရှိခိုးခြင်းစသည်ကို မပြုခြင်း) သည် မသင့်လျော်သည်သာလျှင်တည်းဟု လျှောက်၏။ ပုဏ္ဏား နတ်နှင့်တကွသော မာရ်နတ်နှင့်တကွသော ဗြဟ္မာနှင့်တကွသော ဤသြကာသလောက၌ လည်းကောင်း၊ သမဏဗြာဟ္မဏနှင့်တကွသော မင်းများ လူများနှင့်တကွသော ဤသတ္တလောက၌လည်းကောင်း ငါသည် ရှိလည်း ခိုးထိုက် ခရီးဦးလည်း ကြိုထိုက် ထိုင်ရန်နေရာဖြင့် ဖိတ်လည်း ဖိတ်ထိုက်သော သူကို မြင်တော်မမူ။ ပုဏ္ဏား အကြင်သူကို ငါသည် ရှိမူလည်း ခိုးငြားအံ့၊ ခရီးဦးမူလည်း ကြိုငြားအံ့၊ ထိုင်ရန် နေရာဖြင့်မူလည်း ဖိတ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသည်လည်း ပြတ်ကျရာ၏ဟု (မိန့်တော်မူ၏)။
အသျှင်ဂေါတမသည် အရသာကင်းသော သဘောရှိ၏ဟု (ပုဏ္ဏားက ဆို၏)။
ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် “ရဟန်းဂေါတမသည် အရသာကင်းသော သဘောရှိ၏”ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း၊ ပုဏ္ဏား ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့၌ သာယာခြင်းအရသာတို့ကို မြတ်စွာဘုရားသည် ပယ်ပြီးပြီ၊ (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ (နုတ်ပြီးသော) ထန်းပင်ရာ ကဲ့သို့ ပြုပြီးပြီ၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးပြီ၊ နောင်အခါ ဖြစ်ခြင်းသဘော မရှိကုန်ပြီ၊ ပုဏ္ဏား ဤ နည်းပရိယာယ်အားဖြင့် “ရဟန်းဂေါတမသည် အရသာကင်းသော သဘောရှိ၏”ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။ (၁)
အသျှင်ဂေါတမသည် သုံးဆောင်ခြင်း မရှိဟု (ပုဏ္ဏားက ဆို၏)။
ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် “ရဟန်းဂေါတမသည် သုံးဆောင်ခြင်း မရှိ”ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း၊ ပုဏ္ဏား ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့၌ သုံးဆောင်ခြင်းတို့ကို မြတ်စွာဘုရားသည် ပယ်ပြီးပြီ၊ (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးပြီ၊ နောင်အခါ ဖြစ်ခြင်းသဘော မရှိကုန်ပြီ၊ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့် “ရဟန်းဂေါတမသည် သုံးဆောင်ခြင်း မရှိ”ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့ ၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။ (၂)
အသျှင်ဂေါတမသည် မပြုထိုက်ဟူသော အယူ ‘အကိရိယဝါဒ’ ရှိ၏ဟု (ပုဏ္ဏားက ဆို၏)။
ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် “ရဟန်းဂေါတမသည် မပြုထိုက်ဟူသော အယူ ‘အကိရိယဝါဒ’ ရှိ၏”ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည် သာလျှင်တည်း၊ ပုဏ္ဏား ငါသည် ကိုယ်ဖြင့်ပြုသော မကောင်းသော အကျင့် ‘ကာယဒုစရိုက်’ ကိုလည်းကောင်း၊ နှုတ်ဖြင့်ပြုသော မကောင်းသော အကျင့် ‘ဝစီဒုစရိုက်’ ကိုလည်းကောင်း၊ စိတ်ဖြင့်ပြုသော မကောင်းသော အကျင့် ‘မနောဒုစရိုက်’ ကိုလည်းကောင်း မပြုထိုက်ဟု ဟော၏၊ များပြားသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို မပြုထိုက်ဟု ဟော၏၊ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့် “ရဟန်းဂေါတမ သည် မပြုထိုက်ဟူသောအယူ ‘အကိရိယဝါဒ’ ရှိ၏”ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။ (၃)
အသျှင်ဂေါတမသည် ဖြတ်အပ်၏ဟူသော အယူ ‘ဥစ္ဆေဒဝါဒ’ ရှိ၏ဟု (ပုဏ္ဏားက ဆို၏)။
ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် “ရဟန်းဂေါတမသည် ဖြတ်အပ်၏ဟူသော အယူ ‘ဥစ္ဆေဒဝါဒ’ ရှိ၏”ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း၊ ပုဏ္ဏား ငါသည် ရာဂ ဒေါသ မောဟတို့ကို ဖြတ်အပ်သည်ကို ဟော၏၊ များပြားသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို ဖြတ်အပ်သည်ကို ဟော၏၊ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့် “ရဟန်းဂေါတမသည် ဖြတ်အပ်၏ဟူသော အယူ ‘ဥစ္ဆေဒဝါဒ’ ရှိ၏”ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။ (၄)
အသျှင်ဂေါတမသည် စက်ဆုပ်ခြင်း သဘောရှိ၏ဟု (ပုဏ္ဏားက ဆို၏)။
ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် “ရဟန်းဂေါတမသည် စက်ဆုပ်ခြင်း သဘောရှိ၏”ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း၊ ပုဏ္ဏား ငါသည် ကိုယ်ဖြင့်ပြုသော မကောင်းသော အကျင့် ‘ကာယဒုစရိုက်’ ကိုလည်းကောင်း၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘ဝစီဒုစရိုက်’ ကိုလည်းကောင်း၊ စိတ်ဖြင့်ပြုသော မကောင်းသော အကျင့် ‘မနောဒုစရိုက်’ ကိုလည်းကောင်း၊ များပြားသော ယုတ်ညံ့သော အကုသိုလ်တရားတို့သို့ ရောက်ခြင်းကို လည်းကောင်း စက်ဆုပ်၏၊ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့် “ရဟန်းဂေါတမသည် စက်ဆုပ်ခြင်း သဘောရှိ၏”ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်း ပရိယာယ်မျိုးကား (ငါတို့ ၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။ (၅)
အသျှင်ဂေါတမသည် ဖျက်ဆီးတတ်၏ဟု (ပုဏ္ဏားက ဆို၏)။
ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် “ရဟန်းဂေါတမသည် ဖျက်ဆီးတတ်၏”ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း၊ ပုဏ္ဏား ငါသည် ရာဂကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ မောဟကိုလည်းကောင်း ဖျက်ဆီးရန် တရားကို ဟော၏၊ များပြားသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို ဖျက်ဆီးရန် တရားကို ဟော၏၊ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့် “ရဟန်းဂေါတမသည် ဖျက်ဆီးတတ်၏”ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင် ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့ ၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။ (၆)
အသျှင်ဂေါတမသည် ပူပန်စေတတ်သော သဘောရှိ၏ဟု (ပုဏ္ဏားက ဆို၏)။
ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် “ရဟန်းဂေါတမသည် ပူပန်စေတတ်သော သဘောရှိ၏”ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း၊ ပုဏ္ဏား ငါသည် ကိုယ်ဖြင့်ပြုသော မကောင်းသော အကျင့် ‘ကာယဒုစရိုက်’ ကိုလည်းကောင်း၊ နှုတ်ဖြင့်ပြုသော မကောင်းသော အကျင့် ‘ဝစီဒုစရိုက်’ ကိုလည်းကောင်း၊ စိတ်ဖြင့်ပြုသော မကောင်းသော အကျင့် ‘မနောဒုစရိုက်’ ကိုလည်းကောင်း၊ များပြားသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကိုလည်းကောင်း ပူပန်စေတတ်သော တရားတို့ဟူ၍ ဟော၏၊ ပုဏ္ဏား ပူပန်စေတတ်၍ ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့ကို ပယ်ပြီးသော၊ (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ဖြတ်ပြီးသော၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးသော၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးသော၊ နောင်အခါ၌ ဖြစ်ခြင်းသဘောမရှိသော သူကို ပူပန်စေတတ်သော အကျင့်ရှိသူဟု ငါဟော၏၊ ပုဏ္ဏား မြတ်စွာဘုရားသည် ပူပန်စေတတ်သော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို ပယ်ပြီးပြီ၊ (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးပြီ၊ နောင်အခါ၌ ဖြစ်ခြင်း သဘော မရှိကုန်ပြီ၊ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့် “ရဟန်းဂေါတမသည် ပူပန်စေတတ်သော သဘောရှိ၏”ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့ ၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။ (၇)
အသျှင်ဂေါတမသည် နတ်ပြည်ရောက်ခြင်းငှါ မထိုက်ဟု (ပုဏ္ဏားက ဆို၏)။
ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် “ရဟန်းဂေါတမသည် နတ်ပြည်ရောက်ခြင်းငှါ မထိုက်”ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း၊ ပုဏ္ဏား နောင်တစ်ဖန် ပဋိသန္ဓေနေခြင်း တစ်ဖန်ဘဝသစ်၌ ဖြစ်ခြင်းကို ပယ်ပြီးသော၊ (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးသော၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးသော၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးသော၊ နောင်အခါ၌ ဖြစ်ခြင်းသဘောမရှိသောသူကို ပဋိသန္ဓေနေခြင်းမှ ကင်း၏ဟု ငါဟော၏၊ ပုဏ္ဏား မြတ်စွာဘုရားသည် နောင်တစ်ဖန် ပဋိသန္ဓေနေခြင်း တစ်ဖန်ဘဝသစ်၌ ဖြစ်ခြင်းကို ပယ်ပြီးပြီ၊ (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးပြီ၊ နောင်အခါ၌ ဖြစ်ခြင်း သဘောမရှိကုန်ပြီ၊ ပုဏ္ဏား ဤနည်းပရိယာယ် အားဖြင့် “ရဟန်းဂေါတမသည် နတ်ပြည်ရောက်ခြင်းငှါ မထိုက်”ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့ ၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။ (၈)
ပုဏ္ဏား ဥပမာသော်ကား ကြက်မ၌ ရှစ်လုံးသော်လည်းကောင်း၊ ဆယ်လုံးသော်လည်းကောင်း၊ တစ်ဆယ့်နှစ်လုံးသော်လည်းကောင်း ဥတို့သည် ရှိကုန်ရာ၏၊ ထို (ဥ)တို့ကို ကြက်မသည် ကောင်းစွာ ဝပ်အပ်ကုန်၏၊ ထက်ဝန်းကျင်မှ ကောင်းစွာ အငွေ့ပေးအပ်ကုန်၏၊ ထက်ဝန်းကျင်မှ ကောင်းစွာ (ကြက်နံ့ကို) ထုံစေအပ်ကုန်၏၊ (ကြက်ဥတို့အတွင်း၌ တည်သော) ထိုကြက်ငယ်အပေါင်းတို့တွင် ခြေသည်း ဖျား နှုတ်သီးဖျားဖြင့် ဥခွံကို ရှေးဦးစွာ ဖောက်ခွဲ၍ ချမ်းချမ်းသာသာ ပေါက်ဖွားလာသော ကြက်ငယ်ကို အဘယ်သို့ ဆိုအပ်သနည်း”အကြီးဟူ၍ ဆိုအပ်သလော၊ သို့မဟုတ် အငယ်ဟူ၍ ဆိုအပ်သလော”ဟု (မေးတော်မူ၏)။
အသျှင်ဂေါတမ “အကြီး”ဟူ၍ ဆိုအပ်ပါသည်၊ ထိုကြက်ငယ်အပေါင်းတို့တွင် (ဥခွံကို ဖောက်ခွဲ၍ ရှေးဦးစွာ ထွက်လာသော) ထို (ကြက်ငယ်) သည် အကြီးဖြစ်ပါ၏ဟု (လျှောက်၏)။
ပုဏ္ဏား ဤအတူပင်လျှင် အဝိဇ္ဇာ၌ ရောက်သော (အဝိဇ္ဇာ)ဟူသော ဥ၌ဖြစ်သော (အဝိဇ္ဇာဟူသော ဥခွံဖြင့်) ထက်ဝန်းကျင် မြှေးယှက်အပ်သော သတ္တဝါအပေါင်းတွင် အဝိဇ္ဇာဟူသော ဥခွံကို ဖောက်ခွဲ၍ (ငါ) တစ်ဦးတည်းသာလျှင် လောက၌ အတုမဲ့လွန်မြတ်သော ကိုယ်တိုင်မှန်စွာ သိမြင်သော ‘သမ္မာသမ္ဗောဓိ’ ဉာဏ်ကို ထိုးထွင်း၍ သိပြီ၊ ပုဏ္ဏား ထိုငါသည် လောကထက် ကြီး၏၊ မြတ်၏။ ပုဏ္ဏား ငါသည် မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ၊ (ငါ့အား) မေ့လျော့ခြင်းမရှိသော သတိ သည် ထင်ပြီ၊ (ငါ၏) ကိုယ်သည် ပူပန်ခြင်းမရှိ ငြိမ်းအေးပြီ၊ (ငါ၏) စိတ်သည် တစ်ခုတည်းသော အာရုံရှိ သည်ဖြစ်၍ ကောင်းစွာ တည်ပြီ၊ ပုဏ္ဏား ထိုငါသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ် တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း ‘ဝိတက်’ နှင့်တကွဖြစ်သော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့်တကွဖြစ်သော၊ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေခဲ့ပြီ။ ဝိတက်ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်တည်ကြည်ခြင်း ‘သမာဓိ’ ကို ဖြစ်ပွါးစေတတ်သော၊ ကြံစည်ခြင်း ‘ဝိတက်’ မရှိသော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေခဲ့ပြီ၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ကိုလည်း မတပ်မက်ခြင်း ကြောင့် အောက်မေ့ခြင်း ‘သတိ’ ဆင်ခြင်ခြင်း ‘သမ္ပဇဉ်’ နှင့် ပြည့်စုံသည် ဖြစ်၍ လျစ်လျူရှုလျက် နေခဲ့ပြီ၊ ချမ်းသာခြင်း ‘သုခ’ ကိုလည်း ကိုယ်ဖြင့် ခံစားခဲ့ပြီ၊ အကြင်တတိယဈာန်ကြောင့် ထိုသူကို “လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ”ဟု အရိယာ (ပုဂ္ဂိုလ်)တို့သည် ပြောကြားကုန်၏၊ (ထိုငါသည်)့ထိုတတိယဈာန်သို့ ရောက်၍ နေခဲ့ပြီ။ ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးက ပင်လျှင် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာမရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေခဲ့ပြီ။
ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ အသင့်ဖြစ်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုငါသည် ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့၍ သိသော ‘ပုဗ္ဗေနိဝါသာနုဿတိဉာဏ်’ အလို့ငှါ စိတ်ကို ရှေး ရှုညွတ်စေခဲ့ပြီ။ ထိုငါသည် များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့၏၊ ဤသည်တို့ကား အဘယ်နည်း— တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကို လည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊ ဘဝ လေးဆယ်တို့ကိုလည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိုလည်းကောင်း၊ ဘဝ တစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကိုလည်းကောင်း များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ် ဖြစ်ကပ်တို့ကိုလည်းကောင်း ဤမည်သော ဘဝ၌ (ငါသည်) ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏၊ ထိုငါသည် ထိုဘဝမှ သေခဲ့၍ ဤမည်သော ဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌လည်း “ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏၊ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏”ဟု ဤသို့ အခြင်းအရာ (အဖြစ်သနစ်) နှင့် တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့ခဲ့ပြီ။ ပုဏ္ဏား ငါသည် ညဉ့်ဦး ‘ပဌမ’ ယာမ်၌ ဤပဌမဖြစ်သော အသိဉာဏ် ‘ဝိဇ္ဇာ’ ကို ရခဲ့ပြီ၊ မမေ့မလျော့ ပြင်းစွာ အားထုတ် လျက်စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသော သူအား မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်ခဲ့ပြီ၊ အမိုက်မှောင် ပျောက်၍ အလင်းရောင်ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) အမိုက်မှောင် ပျောက်၍ အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။ ပုဏ္ဏား ဤသည်ကား ကြက်ငယ်သည် ဥခွံတွင်းမှ ဖောက်ခွဲထွက်ပေါ်လာသကဲ့သို့ (အဝိဇ္ဇာဥခွံမှ) ငါ၏ ပဌမ ဖောက်ခွဲထွက်ပေါ်လာခြင်း ဖြစ်၏။ (၁)
ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ အသင့်ဖြစ်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုငါသည် သတ္တဝါတို့၏ သေခြင်း ဖြစ်ပေါ်ခြင်းကို သိသော ‘စုတူပပါတဉာဏ်” အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေခဲ့ပြီ။
ထိုငါသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိနှင့် တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သော သတ္တဝါ မြတ်သော သတ္တဝါ အဆင်းလှသော သတ္တဝါ အဆင်းမလှသော သတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်သော သတ္တဝါတို့ကို သိ၏၊ “အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘ကာယဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘ဝစီဒုစရိုက်’နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘မနောဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသော အယူရှိကုန်၏၊ မှားသော အယူဖြင့် ပြုသော ကံရှိကုန်၏၊ ထိုသတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ဖရိုဖရဲ ကျရောက်ရာ ငရဲ၌ ဖြစ်ပေါ်ကုန်၏”ဟု သိ၏၊ “အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့် ပြုသော ကောင်းသော အကျင့် ‘ကာယသုစရိုက်’နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုသော ကောင်းသော အကျင့် ‘ဝစီသုစရိုက်’နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့် ပြုသော ကောင်းသော အကျင့် ‘မနောသုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲခြင်းမှ ကင်းကုန်၏၊ မှန်သော အယူရှိကုန်၏၊ မှန်သော အယူဖြင့် ပြုသော ကံရှိကုန်၏၊ ထိုသတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ လူ့ပြည် နတ်ပြည် ‘သုဂတိ’ ၌ ဖြစ်ပေါ်ကုန်၏”ဟု သိ၏။ ဤသို့လျှင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သော သတ္တဝါ မြတ်သော သတ္တဝါ အဆင်း လှသော သတ္တဝါ အဆင်းမလှသော သတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်ပေါ်လာသော သတ္တဝါတို့ကို သိ၏၊ ပုဏ္ဏား ငါသည် သန်းခေါင် ‘မဇ္ဈိ မ‘ယာမ်၌ ဤဒုတိယဖြစ်သော အသိဉာဏ် ‘ဝိဇ္ဇာ’ ကို ရခဲ့ပြီ၊ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက်စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသောသူအား မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်ခဲ့ပြီ၊ အမိုက်မှောင်ပျောက်၍ အလင်းရောင်ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။ ပုဏ္ဏား ဤသည်ကား ကြက်ငယ်သည် ဥခွံတွင်းမှ ဖောက်ခွဲထွက်ပေါ်လာသကဲ့သို့ (အဝိဇ္ဇာ ဥခွံမှ) ငါ၏ ဒုတိယဖောက်ခွဲထွက်ပေါ်လာခြင်း ဖြစ်၏။ (၂)
ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ အသင့်ဖြစ်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုငါသည် အာသဝေါတရားတို့ကို ကုန်စေသော ‘အာသဝက္ခယဉာဏ်’ အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေခဲ့ပြီ။ ထိုငါသည် “ဤကား ဆင်းရဲ”ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ “ဤကား ဆင်းရဲဖြစ်ပေါ်ခြင်း၏ အကြောင်း”ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ “ဤကား ဆင်းရဲ ချုပ်ရာ (နိဗ္ဗာန်)”ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်”ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ “ဤသည်တို့ကား ယိုစီးခြင်း အာသဝတို့”ဟုဟုတ်မှန်သော အတိုင်း သိခဲ့ပြီ၊ “ဤကား ယိုစီးခြင်း အာသဝတို့ ဖြစ်ပေါ်ခြင်း၏ အကြောင်း”ဟုဟုတ်မှန်သော အတိုင်း သိခဲ့ပြီ၊ “ဤကား ယိုစီးခြင်း ‘အာသဝ’တို့ ချုပ်ရာ (နိဗ္ဗာန်)”ဟုဟုတ်မှန်သော အတိုင်း သိခဲ့ပြီ၊ “ဤကား ယိုစီးခြင်း ‘အာသဝ’တို့ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်”ဟုဟုတ်မှန်သော အတိုင်း သိခဲ့ပြီ၊ ဤသို့ သိသော် ဤသို့ မြင်သော် ထိုငါ (ဘုရား)၏ စိတ်သည် ကာမာသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ ဘဝါသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ လွတ်မြောက် ပြီးလတ်သော် “လွတ်မြောက်ခဲ့လေပြီ”ဟု အသိဉာဏ် ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိ တော့ပြီ”ဟု သိခဲ့ပြီ။
ပုဏ္ဏား ငါသည် မိုးသောက် ‘ပစ္ဆိမ’ယာမ်၌ ဤတတိယဖြစ်သော အသိဉာဏ် ‘ဝိဇ္ဇာ’ ကို ရခဲ့ပြီ၊ မမေ့ မလျော့ ပြင်းစွာ အားထုတ်လျက်စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသောသူအား မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်ခဲ့ပြီ၊ အမိုက်မှောင်ပျောက်၍ အလင်းရောင်ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။ ပုဏ္ဏား ဤသည်ကား ကြက်ငယ်သည် ဥခွံတွင်းမှ ဖောက်ခွဲထွက်ပေါ်လာ့သကဲ့သို့ (အဝိဇ္ဇာဥခွံမှ) ငါ၏ တတိယဖောက်ခွဲ ထွက်ပေါ်လာခြင်း ဖြစ်၏။ (၃)
ဤသို့ မိန့်တော်မူသော် ဝေရဉ္ဇပုဏ္ဏားသည် မြတ်စွာဘုရားအား ဤ (စကားကို) လျှောက်၏။ “အသျှင်ဂေါတမသည် အကြီးဖြစ်ပါပေ၏၊ အသျှင်ဂေါတမသည် အမြတ်ဖြစ်ပါပေ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန် နှစ်သက် ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ ဥပမာသော်ကား မှောက်ထားသည်ကို လှန်ဘိပြသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ပြဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သော သူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ “မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်”ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း အသျှင်ဂေါတမ ဤအတူသာလျှင် အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ အသျှင်ဂေါတမ ထိုအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ”ဟု (လျှောက်၏)။
ပဌမသုတ်။