အင်္ဂုတ္တရနိကာယ်

၂-မဟာဝဂ်

၂-သီဟသုတ်

၁၂။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီး၌ (သီတင်းသုံး) နေတော်မူ၏။ ထိုစဉ်အခါ အလွန်ကျော်စောထင်ရှားကုန်သော လိစ္ဆဝီမင်းတို့သည် မင်းကွန်း၌ အတူနေ အတူစည်းဝေးကုန်လျက် များစွာသော အကြောင်းဖြင့် မြတ်စွာဘုရား၏ ဂုဏ်ကို ပြောဆိုကုန်၏၊ တရားတော်၏ ဂုဏ်ကို ပြောဆိုကုန်၏၊ သံဃာတော်၏ ဂုဏ်ကို ပြောဆိုကုန်၏။ ထိုအခါ နိဂဏ္ဌ၏တပည့် သီဟစစ်သူကြီးသည် ထိုပရိသတ်၌ ထိုင်နေ၏၊ ထိုအခါ သီဟစစ်သူကြီးအား ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရားဖြစ်ပေလိမ့်မည်၊ ထို့ကြောင့်သာလျှင် အလွန်ကျော်စောထင်ရှားကုန်သော ဤလိစ္ဆဝီမင်းတို့သည် မင်းကွန်း၌ အတူနေ အတူစည်းဝေးကုန်လျက် များစွာသော အကြောင်းဖြင့် မြတ်စွာဘုရား၏ ဂုဏ်ကို ပြောဆိုကုန်၏၊ တရားတော်၏ ဂုဏ်ကို ပြောဆိုကုန်၏၊ သံဃာတော်၏ ဂုဏ်ကို ပြောဆိုကုန်၏၊ ငါသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြော်ရန် ချဉ်းကပ်ရမူ ကောင်းရာ၏”ဟု အကြံဖြစ်၏။ ထို့နောက် သီဟစစ်သူကြီးသည် နိဂဏ္ဌနာဋပုတ္တထံသို့ ချဉ်းကပ်ပြီးလျှင် နာဋ၏သား နိဂဏ္ဌအား “အသျှင်ဘုရား အကျွန်ုပ်သည် ရဟန်းဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်ခြင်းငှါ အလိုရှိပါ၏”ဟု ပြောဆို၏။ သီဟ အဘယ့်ကြောင့် သင်သည် ပြုထိုက်၏ဟူသော ‘ကိရိယဝါဒ’ အယူရှိလျက် မပြုထိုက်ဟူသော ‘အကိရိယဝါဒ’ အယူရှိသော ရဟန်းဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်လိုဘိသနည်း၊ သီဟ ရဟန်းဂေါတမသည် မပြုထိုက်ဟု ‘အကိရိယဝါဒ’ အယူရှိ၏၊ မပြုစိမ့်သောငှါ တရားကို ဟော၏၊ ထို (အကိရိယဝါဒ) တရားဖြင့် တပည့်တို့ကို ဆုံးမ၏ဟု (ပြောဆို၏)။

ထိုအခါ သီဟစစ်သူကြီးအား မြတ်စွာဘုရားကို ဖူးမြော်ရန် သွားအံ့ဟု အားထုတ်မှုသည် ငြိမ်းလေ၏။ နှစ်ကြိမ်မြောက်လည်း အလွန်ကျော်စောထင်ရှားကုန်သော လိစ္ဆဝီမင်းတို့သည် မင်းကွန်း၌ အတူနေ အတူစည်းဝေးကုန်လျက် များစွာသော အကြောင်းဖြင့် မြတ်စွာဘုရား၏ ဂုဏ်ကို ပြောဆိုကုန်၏၊ တရားတော်၏ ဂုဏ်ကို ပြောဆိုကုန်၏၊ သံဃာတော်၏ ဂုဏ်ကို ပြောဆိုကုန်၏။ နှစ်ကြိမ်မြောက်လည်း သီဟစစ်သူကြီးအား “ထိုမြတ်စွာဘုရားသည် စင်စစ် ဧကန် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဘုရားဖြစ်ပေလိမ့်မည်၊ ထို့ကြောင့်သာလျှင် အလွန်ကျော်စောထင်ရှားကုန်သော ဤလိစ္ဆဝီမင်းတို့သည် မင်းကွန်း၌ အတူနေ အတူစည်းဝေးကုန်လျက် များစွာသော အကြောင်းဖြင့် မြတ်စွာဘုရား၏ ဂုဏ်ကို ပြောဆိုကုန်၏၊ တရားတော်၏ ဂုဏ်ကို ပြောဆိုကုန်၏၊ သံဃာတော်၏ ဂုဏ်ကို ပြောဆိုကုန်၏၊ ငါသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြော်ရန် ချဉ်းကပ်ရမူ ကောင်းရာ၏”ဟု အကြံဖြစ်၏။ နှစ်ကြိမ်မြောက်လည်း သီဟစစ်သူကြီးသည် နိဂဏ္ဌနာဋပုတ္တထံသို့ ချဉ်းကပ်ပြီးလျှင် နာဋ၏သား နိဂဏ္ဌအား “အသျှင်ဘုရား အကျွန်ုပ်သည် ရဟန်းဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်ခြင်းငှါ အလိုရှိပါ၏”ဟု ပြောဆို၏။ သီဟ အဘယ့်ကြောင့် သင်သည် ပြုထိုက်၏ဟု ‘ကိရိယဝါဒ’ အယူရှိလျက် မပြုထိုက်ဟု ‘အကိရိယ ဝါဒ’ အယူရှိသော ရဟန်းဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်လိုဘိသနည်း၊ သီဟ ရဟန်းဂေါတမသည် မပြုထိုက်ဟု ‘အကိရိယဝါဒ’ အယူရှိ၏၊ မပြုစိမ့်သောငှါ တရားကို ဟော၏၊ ထို (အကိရိယဝါဒ) တရားဖြင့် တပည့်တို့ကို ဆုံးမ၏ဟု (ပြောဆို၏)။ နှစ်ကြိမ်မြောက်လည်း သီဟစစ်သူကြီးအား မြတ်စွာဘုရားကို ဖူးမြော်ရန် သွားအံ့ဟု အားထုတ်မှုသည် ငြိမ်းလေ၏။ သုံးကြိမ်မြောက်လည်း အလွန်ကျော်စောထင်ရှားကုန်သော လိစ္ဆဝီမင်းတို့သည် မင်းကွန်း၌ အတူနေ အတူ စည်းဝေးကုန်လျက် များစွာသောအကြောင်းဖြင့် မြတ်စွာဘုရား၏ ဂုဏ်ကို ပြောဆိုကုန်၏၊ တရား တော်၏ ဂုဏ်ကို ပြောဆိုကုန်၏၊ သံဃာတော်၏ ဂုဏ်ကို ပြောဆိုကုန်၏။ သုံးကြိမ်မြောက်လည်း သီဟစစ်သူကြီးအား “ထိုမြတ်စွာဘုရားသည် စင်စစ် ဧကန် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဘုရားဖြစ်ပေလိမ့်မည်၊ ထို့ကြောင့်သာလျှင် အလွန်ကျော်စော ထင်ရှားကုန်သော ဤလိစ္ဆဝီမင်းတို့သည် မင်းကွန်း၌ အတူနေ အတူ စည်းဝေးကုန်လျက် များစွာသော အကြောင်းဖြင့် မြတ်စွာဘုရား၏ ဂုဏ်ကို ပြောဆိုကုန်၏၊ တရားတော်၏ ဂုဏ်ကို ပြောဆိုကုန်၏၊ သံဃာတော်၏ ဂုဏ်ကို ပြောဆိုကုန်၏။ ပန်ကြားသည်ဖြစ်စေ မပန်ကြားသည်ဖြစ်စေ ဤနိဂဏ္ဌတို့သည် အသို့ပြုနိုင်ကုန်အံ့နည်း၊ ငါသည် နိဂဏ္ဌတို့ကို မပန်ကြားဘဲသာလျှင် ပူဇော် အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြော်ရန် ချဉ်းကပ်ရမူ ကောင်းရာ၏”ဟု အကြံဖြစ်၏။ ထို့နောက် သီဟစစ်သူကြီးသည် နေမွန်းလွဲအခါ ရထားငါးရာတို့ဖြင့် မြတ်စွာဘုရားကို ဖူးမြော်ရန် ဝေသာလီပြည်မှ ထွက်လေ၏၊ ယာဉ်ဖြင့် သွားနိုင်သမျှသော အရပ်တိုင်အောင် ယာဉ်ဖြင့် သွား၍ ယာဉ်မှ သက်ပြီးသော် ခြေကျင်သာလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးလျက် တစ်ခုသောနေရာ၌ ထိုင်ကာ မြတ်စွာဘုရားအား—

“အသျှင်ဘုရား ‘ရဟန်းဂေါတမသည် မပြုထိုက်ဟူသော ‘အကိရိယဝါဒ’ အယူရှိ၏၊ မပြုစိမ့်သောငှါ တရားဟော၏၊ ထို (အကိရိယဝါဒ) တရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏’ဟု ကြားရဖူးပါသည်၊ အသျှင်ဘုရား အသို့ပါနည်း၊ ‘ရဟန်းဂေါတမသည် မပြုထိုက်ဟူသော ‘အကိရိယဝါဒ’ အယူရှိ၏၊ မပြုစိမ့်သောငှါ တရားဟော၏၊ ထို (အကိရိယဝါဒ) တရားဖြင့်လည်း တပည့်တို့ကို ဆုံးမ၏’ဟု ဆိုသော ထိုသူတို့ သည် မြတ်စွာဘုရား မိန့်တော်မူသည့်အတိုင်းပင် ပြောဆိုကြသည်ဟုတ်ပါ၏လော၊ မြတ်စွာဘုရားကို မဟုတ်မမှန်သော စကားဖြင့် စွပ်စွဲရာ မရောက်ဘဲ ရှိပါကုန်၏လော၊ မြတ်စွာဘုရား ဟောသော တရားကိုပင် တစ်ဆင့်ဟောကြားကြသည် ဟုတ်ပါ၏လော၊ (မြတ်စွာဘုရား၏) မူလရင်းစကားနှင့် (ထိုသူတို့၏) တစ်ဆင့်ပြောသော စကားသည် ကဲ့ရဲ့ဖွယ်အကြောင်း လုံးဝ ကင်းပါ၏လော၊ အကျွန်ုပ်တို့သည်ကား မြတ်စွာဘုရားကို စွပ်စွဲရန် အလိုမရှိကြပါ”ဟု လျှောက်၏။

သီဟ အကြင်သို့သော နည်းပရိယာယ်အားဖြင့် “ရဟန်းဂေါတမသည် မပြုထိုက်ဟူသော ‘အကိရိယ ဝါဒ’ အယူရှိ၏၊ မပြုစိမ့်သောငှါ တရားဟော၏၊ ထို (အကိရိယဝါဒ) တရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏’ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိ၏။ (၁)

သီဟ အကြင်သို့သော နည်းပရိယာယ်အားဖြင့် “ရဟန်းဂေါတမသည် ပြုထိုက်၏ဟူသော ‘ကိရိယ ဝါဒ’ အယူရှိ၏၊ ပြုစိမ့်သောငှါ တရားဟော၏၊ ထို (ကိရိယဝါဒ) တရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏’ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိ၏။ (၂)

သီဟ အကြင်သို့သော နည်းပရိယာယ်အားဖြင့် “ရဟန်းဂေါတမသည် ဖြတ်အပ်၏ဟူသော ‘ဥစ္ဆေဒ ဝါဒ’ အယူရှိ၏၊ ဖြတ်စိမ့်သောငှါ တရားဟော၏၊ ထို (ဥစ္ဆေဒဝါဒ) တရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏’ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိ၏။ (၃)

သီဟ အကြင်သို့သော နည်းပရိယာယ်အားဖြင့် “ရဟန်းဂေါတမသည် စက်ဆုပ်ခြင်းသဘော ရှိ၏၊ စက်ဆုပ်စိမ့်သောငှါ တရားဟော၏၊ ထိုတရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏’ဟု ငါ့ကို ပြောဆို လိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိ၏။ (၄)

သီဟ အကြင်သို့သော နည်းပရိယာယ်အားဖြင့် “ရဟန်းဂေါတမသည် ဖျက်ဆီးတတ်၏၊ ဖျက်ဆီး စိမ့်သောငှါ တရားဟော၏၊ ထိုတရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏’ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိ၏။ (၅)

သီဟ အကြင်သို့သော နည်းပရိယာယ်အားဖြင့် “ရဟန်းဂေါတမသည် ပူပန်စေတတ်သော အကျင့် ရှိ၏၊ ပူပန်စိမ့်သောငှါ တရားဟော၏၊ ထိုတရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏’ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိ၏။ (၆)

သီဟ အကြင်သို့သော နည်းပရိယာယ်အားဖြင့် “ရဟန်းဂေါတမသည် ပဋိသန္ဓေနေခြင်းမှ ကင်း၏၊ ပဋိသန္ဓေနေခြင်းမှ ကင်းစိမ့်သောငှါ တရားဟော၏၊ ထိုတရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏’ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိ၏။ (၇)

သီဟ အကြင်သို့သော နည်းပရိယာယ်အားဖြင့် “ရဟန်းဂေါတမသည် သက်သာရာကို ရှာတတ်၏၊ သက်သာရာကို ရှာစိမ့်သောငှါ တရားဟော၏၊ ထိုတရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏’ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိ၏။ (၈)

သီဟ အကြင်သို့သော နည်းပရိယာယ်အားဖြင့် “ရဟန်းဂေါတမသည် မပြုထိုက်ဟူသော ‘အကိရိယ ဝါဒ’ အယူရှိ၏၊ မပြုစိမ့်သောငှါ တရားဟော၏၊ ထို (အကိရိယဝါဒ) တရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏’ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာသော ထိုအကြောင်းကား အဘယ်နည်း။

သီဟ ငါသည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘ကာယဒုစရိုက်’၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘ဝစီဒုစရိုက်’၊ စိတ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘မနောဒုစရိုက်’ ကို မပြုထိုက်ဟု ဟော၏၊ များပြားသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို မပြုထိုက်ဟု ဟော၏၊ သီဟ ဤသို့သော နည်းပရိယာယ် အားဖြင့် “ရဟန်းဂေါတမသည် မပြုထိုက်ဟူသော ‘အကိရိယဝါဒ’ အယူရှိ၏၊ မပြုစိမ့်သောငှါ တရားဟော၏၊ ထို (အကိရိယဝါဒ) တရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏’ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏။ (၁)

သီဟ အကြင်သို့သော နည်းပရိယာယ်အားဖြင့် “ရဟန်းဂေါတမသည် ပြုထိုက်၏ဟူသော ‘ကိရိယ ဝါဒ’ အယူရှိ၏၊ ပြုစိမ့်သောငှါ တရားဟော၏၊ ထို (ကိရိယဝါဒ) တရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏’ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာသော ထိုအကြောင်းကား အဘယ်နည်း။

သီဟ ငါသည် ကိုယ်ဖြင့် ပြုသော ကောင်းသော အကျင့် ‘ကာယသုစရိုက်’၊ နှုတ်ဖြင့် ပြုသော ကောင်းသော အကျင့် ‘ဝစီသုစရိုက်’၊ စိတ်ဖြင့် ပြုသော ကောင်းသော အကျင့် ‘မနောသုစရိုက်’ ကို့ပြုထိုက်၏ဟု ဟော၏၊ သီဟ ဤသို့သော နည်းပရိယာယ်အားဖြင့် “ရဟန်းဂေါတမသည် ပြုထိုက်၏ဟူသော ‘ကိရိယဝါဒ’ အယူရှိ၏၊ ပြုစိမ့်သောငှါ တရားဟော၏၊ ထို (ကိရိယဝါဒ) တရားဖြင့်လည်း တပည့် သားတို့ကို ဆုံးမ၏’ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏။ (၂)

သီဟ အကြင်သို့သော နည်းပရိယာယ်အားဖြင့် “ရဟန်းဂေါတမသည် ဖြတ်အပ်၏ဟူသော ‘ဥစ္ဆေဒ ဝါဒ’ အယူရှိ၏၊ ဖြတ်စိမ့်သောငှါ တရားဟော၏၊ ထို (ဥစ္ဆေဒဝါဒ) တရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏’ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာသော ထိုအကြောင်းကား အဘယ်နည်း။

သီဟ ငါသည် ရာဂ ဒေါသ မောဟတို့ကို ဖြတ်အပ်သည်ကို ဟော၏၊ များပြားသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို ဖြတ်အပ်သည်ကို ဟော၏၊ သီဟ ဤသို့သော နည်းပရိယာယ်အားဖြင့် “ရဟန်း ဂေါတမသည် ဖြတ်အပ်၏ဟူသော ‘ဥစ္ဆေဒဝါဒ’ အယူရှိ၏၊ ဖြတ်စိမ့်သောငှါ တရားဟော၏၊ ထို (ဥစ္ဆေဒဝါဒ) တရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏’ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏။ (၃)

သီဟ အကြင်သို့သော နည်းပရိယာယ်အားဖြင့် “ရဟန်းဂေါတမသည် စက်ဆုပ်ခြင်း သဘောရှိ၏၊ စက်ဆုပ်စိမ့်သောငှါ တရားဟော၏၊ ထိုတရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏’ဟု ငါ့ကို ပြောဆို လိုမူ ပြောဆိုနိုင်ရာသော ထိုအကြောင်းကား အဘယ်နည်း။

သီဟ ငါသည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘ကာယဒုစရိုက်’၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘ဝစီဒုစရိုက်’၊ စိတ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘မနောဒုစရိုက်’ မှ စက်ဆုပ်၏၊ များပြားသော ယုတ်ညံ့သော အကုသိုလ်တရားတို့သို့ ရောက်ခြင်းမှ စက်ဆုပ်၏၊ သီဟ ဤသို့သော နည်းပရိယာယ်အားဖြင့် “ရဟန်းဂေါတမသည် စက်ဆုပ်ခြင်း သဘောရှိ၏၊ စက်ဆုပ် စိမ့်သောငှါ တရားဟော၏၊ ထိုတရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏’ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏။ (၄)

သီဟ အကြင်သို့သော နည်းပရိယာယ်အားဖြင့် “ရဟန်းဂေါတမသည် ဖျက်ဆီးတတ်၏၊ ဖျက်ဆီး စိမ့်သောငှါ တရားဟော၏၊ ထိုတရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏’ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာသော ထိုအကြောင်းကား အဘယ်နည်း။

သီဟ ငါသည် ရာဂ ဒေါသ မောဟကို ဖျက်ဆီးစိမ့်သောငှါ တရားဟော၏၊ များပြားသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို ဖျက်ဆီးစိမ့်သောငှါ တရားဟော၏၊ သီဟ ဤသို့သော နည်း ပရိယာယ်အားဖြင့် “ရဟန်းဂေါတမသည် ဖျက်ဆီးတတ်၏၊ ဖျက်ဆီးစိမ့်သောငှါ တရားဟော၏၊ ထိုတရား ဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏’ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏။ (၅)

သီဟ အကြင်သို့သော နည်းပရိယာယ်အားဖြင့် “ရဟန်းဂေါတမသည် ပူပန်စေတတ်သော သဘော ရှိ၏၊ ပူပန်စိမ့်သောငှါ တရားဟော၏၊ ထိုတရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏’ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာသော ထိုအကြောင်းကား အဘယ်နည်း။

သီဟ ငါသည် ယုတ်ညံ့သော အကုသိုလ်တရားတို့ကို ပူပန်စေတတ်၏ဟု ဟော၏၊ ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘ကာယဒုစရိုက်’၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘ဝစီဒုစရိုက်’၊ စိတ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘မနောဒုစရိုက်’ ကို ပူပန်စေတတ်၏ဟု ဟော၏။ သီဟ ပူပန်စေတတ်၍ ယုတ်ညံ့သော အကုသိုလ်တရားတို့ကို ပယ်ပြီးသော၊ (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးသော၊ (နုတ်ပြီးသော) ထန်းပင်ရာကဲဲ့့သို့ပြုပြီးသော၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးသော၊ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိသော ပုဂ္ဂိုလ်ကို ကိလေသာတို့ကို ပူပန်စေတတ်သော ပုဂ္ဂိုလ်ဟူ၍ ငါ ဟော၏။ သီဟ မြတ်စွာဘုရားသည် ပူပန်စေတတ်သော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို ပယ်ပြီးပြီ၊ (အဝိဇ္ဇာ တဏှာ) အမြစ်ကို ဖြတ်ပြီးပြီ၊ (နုတ်ပြီးသော) ထန်းပင်ရာကဲဲ့့သို့ပြုပြီးပြီ၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးပြီ၊ နောင်အခါ၌ ဖြစ်ခြင်းသဘော မရှိကုန်ပြီ၊ သီဟ ဤသို့သော နည်းပရိယာယ်အားဖြင့် “ရဟန်းဂေါတမသည် ပူပန်စေတတ်သော သဘောရှိ၏၊ ပူပန်စိမ့်သောငှါ တရား ဟော၏၊ ထိုတရားဖြင့်လည်း တပည့်သားတို့ကိုဆုံးမ၏’ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏။ (၆)

သီဟ အကြင်သို့သော နည်းပရိယာယ်အားဖြင့် “ရဟန်းဂေါတမသည် ပဋိသန္ဓေနေခြင်းမှ ကင်း၏၊ ပဋိသန္ဓေနေခြင်းမှ ကင်းစိမ့်သောငှါ တရားဟော၏၊ ထိုတရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏’ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာသော အကြောင်းကား အဘယ်နည်း။

သီဟ နောင်တစ်ဖန် ပဋိသန္ဓေနေခြင်း တစ်ဖန်ဘဝသစ်၌ ဖြစ်ခြင်းကို ပယ်ပြီးသော (အဝိဇ္ဇာ တဏှာ)

အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးသော (နုတ်ပြီးသော) ထန်းပင်ရာကဲဲ့့သို့ပြုပြီးသော (အသစ်) မဖြစ်ခြင်းကို ပြုပြီးသော နောင်အခါ၌ ဖြစ်ခြင်းသဘောမရှိသော ပုဂ္ဂိုလ်ကို ပဋိသန္ဓေနေခြင်းမှ ကင်း၏ဟု ငါဟော၏။ သီဟ မြတ်စွာဘုရားသည် နောင်တစ်ဖန် ပဋိသန္ဓေနေခြင်း ဘဝသစ်၌ ဖြစ်ခြင်းကို ပယ်ပြီးပြီ၊ (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ (နုတ်ပြီးသော) ထန်းပင်ရာကဲဲ့့သို့ပြုပြီးပြီ၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးပြီ၊ နောင်အခါ၌ ဖြစ်ခြင်းသဘော မရှိကုန်ပြီ၊ သီဟ ဤသို့သော နည်းပရိယာယ် အားဖြင့် “ရဟန်းဂေါတမသည် ပဋိသန္ဓေနေခြင်းမှ ကင်း၏၊ ပဋိသန္ဓေနေခြင်းမှ ကင်းစိမ့်သောငှါ တရား ဟော၏၊ ထိုတရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏’ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏။ (၇)

သီဟ အကြင်သို့သော နည်းပရိယာယ်အားဖြင့် “ရဟန်းဂေါတမသည် သက်သာရာကို ရှာတတ်၏၊ သက်သာရာကို ရစိမ့်သောငှါ တရားဟော၏၊ ထိုတရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏’ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာသော အကြောင်းကား အဘယ်နည်း။

သီဟ ငါသည် မြတ်သော (မဂ်ဖိုလ်ဟူသော) သက်သာခြင်းဖြင့် သက်သာရာကို ရှာ၏၊ သက်သာ ရာကို ရစိမ့်သောငှါ တရားဟော၏၊ ထိုတရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏။ သီဟ ဤနည်း ပရိယာယ်အားဖြင့် “ရဟန်းဂေါတမသည် သက်သာရာကို ရှာ၏၊ သက်သာရာကို ရစိမ့်သောငှါ တရား ဟော၏၊ ထိုတရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏’ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏။ (၈)

ဤသို့ ဟောတော်မူသော် သီဟစစ်သူကြီးသည် မြတ်စွာဘုရားကို “အသျှင်ဘုရား (တရားတော် သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ ပေ၏။ပ။ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ် ဆည်းကပ်တတ်သော ဥပါသကာဟူ၍ မှတ်တော်မူပါဟု (လျှောက်၏)။

သီဟ စူးစမ်းဆင်ခြင်၍ ပြုလော့၊ သင်တို့ကဲ့သို့ ထင်ရှားကျော်စောသော သူတို့အား စူးစမ်း ဆင်ခြင်၍ ပြုခြင်းသည် ကောင်း၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်ကို “သီဟ စူးစမ်းဆင်ခြင်၍ ပြုလော့၊ သင်တို့ကဲ့သို့ ထင်ရှားကျော်စောသော သူတို့အား စူးစမ်းဆင်ခြင်၍ ပြုခြင်းသည် ကောင်း၏”ဟု မိန့်တော်မူ၏၊ ဤစကားဖြင့်လည်း အကျွန်ုပ်သည် မြတ်စွာဘုရားအား အတိုင်းထက် အလွန် ဝမ်းမြောက်ပါ၏၊ နှစ်သက်ပါ၏။ အသျှင်ဘုရား တစ်ပါးသော အယူရှိသော တိတ္ထိတို့သည် အကျွန်ုပ်ကဲ့သို့သော တပည့်ကို ရခဲ့သော် “သီဟစစ်သူကြီးသည် ငါတို့၏ တပည့်အဖြစ်သို့ ရောက်၏”ဟု နှလုံးသွင်းကာ ဝေသာလီ တစ်ပြည်လုံးကို တံခွန်အောင်လံ စိုက်ထောင်ကုန်ရာ၏၊ ထိုသို့ ဖြစ်ပါလျက်လည်း မြတ်စွာဘုရားသည် အကျွန်ုပ်ကို “သီဟ စူးစမ်းဆင်ခြင်၍ ပြုလော့၊ သင်တို့ကဲ့သို့ ထင်ရှားကျော်စောသော သူတို့အား စူးစမ်း ဆင်ခြင်၍ ပြုမှုသည် ကောင်း၏”ဟု မိန့်တော်မူ၏။ အသျှင်ဘုရား ထိုအကျွန်ုပ်သည် နှစ်ကြိမ်မြောက် လည်း မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်တတ်သော ဥပါသကာဟူ၍ မှတ်တော်မူပါဟု (လျှောက်၏)။

သီဟ ရှည်စွာသော နေ့ညဉ့်ပတ်လုံး သင်၏ အိမ်သည် နိဂဏ္ဌတို့၏ ရေတွင်းသဖွယ်ဖြစ်ခဲ့သော ကြောင့် ကပ်ရောက်လာသော ထိုနိဂဏ္ဌတို့အား ဆွမ်းလှူရမည်ကို အောက်မေ့လေလော့ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်ကို “သီဟ ရှည်စွာသော နေ့ညဉ့်ပတ်လုံး သင်၏ အိမ်သည် နိဂဏ္ဌတို့၏ ရေတွင်းသဖွယ်ဖြစ်ခဲ့သောကြောင့် ကပ်ရောက်လာသော ထိုနိဂဏ္ဌတို့အား ဆွမ်းလှူ ရမည်ကို အောက်မေ့လေလော့”ဟု မိန့်တော်မူ၏၊ ဤစကားဖြင့်လည်း အကျွန်ုပ်သည် မြတ်စွာဘုရား အား အတိုင်းထက်အလွန် ဝမ်းမြောက်ပါ၏၊ နှစ်သက်ပါ၏။ အသျှင်ဘုရား ရဟန်းဂေါတမသည် “ငါ့အား သာလျှင် အလှူကို လှူအပ်၏၊ တစ်ပါးသော သူတို့အား အလှူကို မလှူအပ်၊ ငါ၏ တပည့်သားတို့ အားသာလျှင် အလှူကို ပေးလှူအပ်၏၊ တစ်ပါးသော သူတို့၏ တပည့်သားတို့အား အလှူကို မပေး လှူအပ်။ ငါ့အား လှူသော အလှူသည်သာလျှင် အကျိုးကြီး၏၊ တစ်ပါးသော သူတို့အား လှူသော အလှူသည် အကျိုးမကြီး၊ ငါ၏ တပည့်သားတို့အား လှူသော အလှူသည်သာလျှင် အကျိုးကြီး၏၊ တစ်ပါးသော သူတို့၏ တပည့်သားတို့အား လှူသော အလှူသည် အကျိုးမကြီး”ဟု ဟောတော်မူ၏ဟူသော ဤစကားကို အကျွန်ုပ်ကြားရဖူးပါသည်၊ ထိုသို့ဖြစ်လျက်လည်း မြတ်စွာဘုရားသည် အကျွန်ုပ်ကို နိဂဏ္ဌတို့၌လည်း ပေးလှူခြင်း၌ ဆောက်တည်စေ၏၊ အသျှင်ဘုရား စင်စစ်သော်ကား အကျွန်ုပ်တို့သည် ထိုအလှူပေးခြင်း၌ အခါကာလကို သိပါကုန်အံ့၊ အသျှင်ဘုရား ထိုအကျွန်ုပ်သည် သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကိုလည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာ သုံးပါးကို) ကိုးကွယ်ဆည်းကပ်တတ်သော ဥပါသကာဟူ၍ မှတ်တော်မူပါဟု (လျှောက်၏)။

ထိုအခါ မြတ်စွာဘုရားသည် သီဟစစ်သူကြီးအား အစဉ်အတိုင်းသော တရားစကားကို ဟော တော်မူ၏။ ဤသည်ကား အဘယ်နည်း— ဒါနနှင့်စပ်သော စကားကိုလည်းကောင်း၊ သီလနှင့်စပ်သော စကားကိုလည်းကောင်း၊ နတ်ပြည်နှင့်စပ်သော စကားကိုလည်းကောင်း၊ ကာမဂုဏ်တို့၏ အပြစ်ကိုလည်းကောင်း၊ ယုတ်ညံ့ခြင်းကိုလည်းကောင်း၊ ညစ်ညူးခြင်းကိုလည်းကောင်း၊ (ကာမဂုဏ်တို့မှ) ထွက်မြောက်ခြင်း၌ အကျိုးကိုလည်းကောင်း ပြတော်မူ၏။ မြတ်စွာဘုရားသည် သီဟစစ်သူကြီး၌ သင့်လျော်သောစိတ် နူးညံ့သောစိတ် အပိတ်အပင် ‘နီဝရဏ’မှ ကင်းသောစိတ် တက်ကြွသောစိတ် ယုံကြည်သော စိတ်ရှိသည်ကို သိတော်မူသောအခါ မြတ်စွာဘုရားတို့၏ ကိုယ်တိုင်ထုတ်ဖော် သိမြင်ပြီးသော ‘သာမုက္ကံသိက’ တရား ဒေသနာတော်ဖြစ်သော ဆင်းရဲခြင်း ‘ဒုက္ခသစ္စာ’ ကိုလည်းကောင်း၊ ဆင်းရဲဖြစ်ကြောင်း ‘သမုဒယသစ္စာ’ ကို လည်းကောင်း၊ ဆင်းရဲချုပ်ရာ ‘နိရောဓသစ္စာ’ ကိုလည်းကောင်း၊ ဆင်းရဲချုပ်ရာ ‘နိရောဓ’သို့ ရောက်ကြောင်း လမ်း ‘မဂ္ဂသစ္စာ’ ကိုလည်းကောင်း ပြတော်မူ၏၊ မည်းညစ်ခြင်းကင်းသော ဖြူစင်သော အဝတ်သည် ဆိုးရည်ကို ကောင်းစွာ ခံယူသကဲ့သို့ ထို့အတူ သီဟစစ်သူကြီးအား ထိုနေရာ၌ပင်လျှင် “ဖြစ်ခြင်းသဘော ရှိသော တရားအလုံးစုံသည် ချုပ်ခြင်းသဘောရှိ၏”ဟု (ကိလေသာ) မြူအညစ်အကြေးကင်းသော တရားမျက်စိ ‘သောတာပတ္တိမဂ်ဉာဏ်’သည် ဖြစ်ပေါ်၏။ ထိုအခါ သီဟစစ်သူကြီးသည် တရားကို မြင်ပြီး တရားသို့ ရောက်ပြီး တရားကို သိပြီး တရားသို့ သက်ဝင်ပြီးသည်ဖြစ်၍ ယုံမှားခြင်းကို ကူးမြောက်ပြီး သို့လော သို့လော ‘တွေးတောခြင်း’ကင်းပြီးသည်ဖြစ်၍ မြတ်စွာဘုရားသာသနာတော်၌ ရဲရင့်ခြင်းသို့ ရောက်ပြီးသည် ဘုရားမှတစ်ပါး ကိုးစားထိုက်သူ မရှိသည် ဖြစ်၍ မြတ်စွာဘုရားကို “အသျှင်ဘုရား မြတ်စွာဘုရားသည် နက်ဖြန် ဆွမ်းဘုဉ်းပေးရန် ရဟန်းသံဃာနှင့်အတူ အကျွန်ုပ်၏ ဆွမ်းကို လက်ခံတော်မူပါ”ဟု လျှောက်၏၊ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေသဖြင့် လက်ခံတော်မူ၏။ ထိုအခါ သီဟစစ်သူကြီး သည် မြတ်စွာဘုရား၏ လက်ခံတော်မူခြင်းကို သိ၍ နေရာမှ ထလျက် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ဖဲခွါသွားလေ၏။

ထို့နောက် သီဟစစ်သူကြီးသည် ယောကျာ်းတစ်ယောက်ကို “အချင်း သွားချေ၊ အလိုလိုဖြစ်သော အသားကို သိလော့”ဟု ဆို၍စေခိုင်း၏၊ ထိုအခါ၌ သီဟစစ်သူကြီးသည် ထိုညဉ့်လွန်သောအခါ မိမိအိမ်၌ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ကို စီရင်ပြီးလျှင် မြတ်စွာဘုရားအား “အသျှင်ဘုရား (ဆွမ်းဘုဉ်းပေးရန်) အချိန်တန်ပါပြီ၊ ဆွမ်းစီမံပြီးပါပြီ”ဟု အချိန်တန်ကြောင်းကို လျှောက်ကြားစေ၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူကာ သီဟ စစ်သူကြီးအိမ်သို့ ကြွတော်မူ၍ ခင်းထားသောနေရာ၌ ရဟန်းသံဃာနှင့်အတူ ထိုင်နေတော်မူ၏။ ထိုအခါ များစွာသော နိဂဏ္ဌတို့သည် ဝေသာလီပြည် လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့လည်းကောင်း၊ လမ်းဆုံ တစ်ခုမှ လမ်းဆုံတစ်ခုသို့လည်းကောင်း၊ (သွား၍) လက်မောင်းတို့ကို မြှောက်ကုန်လျက် “ယနေ့ သီဟ စစ်သူကြီးသည် ဆူဖြိုးသော (ကျွဲ နွား ဆိတ် ဝက် အစရှိသော) သတ္တဝါကို သတ်၍ ရဟန်းဂေါတမအား ဆွမ်းလုပ်ကျွေး၏၊ ရဟန်းဂေါတမသည် သိလျက် ရည်ညွှန်း၍ သတ်သော ထိုအမဲသားကို စား၏၊ မိမိကို စွဲ၍ သတ်သော မကောင်းမှုကံကို (ရ၏)”ဟု ဟစ်အော်ကြွေးကြော်ကုန်၏။ ထိုအခါ၌ ယောကျာ်းတစ်ယောက်သည် သီဟစစ်သူကြီးအထံသို့ ချဉ်းကပ်ပြီးလျှင် သီဟစစ်သူကြီး၏ နားရင်း၌ “အရှင် သိပါလော့ များစွာသော ဤနိဂဏ္ဌတို့သည် ဝေသာလီပြည် လမ်းမတစ်ခုမှ လမ်းမ တစ်ခုသို့လည်းကောင်း၊ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့လည်းကောင်း (သွား၍) လက်မောင်းတို့ကို မြှောက်ကုန်လျက် ‘ယနေ့ သီဟစစ်သူကြီးသည် ဆူဖြိုးသော (ကျွဲ နွား ဆိတ် ဝက် အစရှိသော) သတ္တဝါကို သတ်၍ ရဟန်းဂေါတမအား ဆွမ်းလုပ်ကျွေး၏၊ ရဟန်းဂေါတမသည် သိလျက် ရည်ညွှန်း၍ သတ်သော ထိုအမဲသားကို စား၏၊ မိမိကို စွဲ၍ သတ်သော မကောင်းမှုကံကို (ရ၏)’ဟု ဟစ်အော် ကြွေးကြော်ကုန်၏”ဟု ပြောကြား၏။ အမောင် မသင့်လျော်ချေ၊ ထိုအသျှင်နိဂဏ္ဌတို့သည် ရှည်စွာသော နေ့ညဉ့်ပတ်လုံး မြတ်စွာဘုရား၏ ကျေးဇူးမဲ့ကို အလိုရှိကုန်၏၊ တရားတော်၏ ကျေးဇူးမဲ့ကို အလိုရှိကုန်၏၊ သံဃာတော်၏ ကျေးဇူးမဲ့ကို အလိုရှိကုန်၏။ ထိုအသျှင်နိဂဏ္ဌတို့သည် မြတ်စွာဘုရားကို ထင်ရှားမရှိဘဲ အချည်းနှီးမဟုတ်မမှန်သော စကားဖြင့် စွပ်စွဲကြသည်ကား မစဲနိုင်ကြကုန်၊ ငါတို့သည်ကား အသက်ဟူသော အကြောင်းကြောင့်လည်း သေစေလိုသောစေတနာဖြင့် သူ့အသက်ကို မသတ်စေကုန်ရာ”ဟု (ပြောဆို၏)။

ထိုအခါ သီဟစစ်သူကြီးသည် ဘုရားအမှူးရှိသော ရဟန်းသံဃာကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် မိမိကိုယ်တိုင် လုပ်ကျွေး၏၊ မြတ်စွာဘုရားသည် ဆွမ်းစားပြီး၍ သပိတ်မှ လက်ကို ဖယ်ပြီးသောအခါ တစ်ခုသောနေရာ၌ ထိုင်နေသော သီဟစစ်သူကြီးကို တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေပြီးသော် နေရာမှ ထကာ ဖဲကြွတော်မူ၏။

ဒုတိယသုတ်။