အင်္ဂုတ္တရနိကာယ်

၂-မဟာဝဂ်

၈-ဒုတိယ ဗန္ဓနသုတ်

၁၈။ ရဟန်းတို့ အခြင်းအရာ ရှစ်မျိုးတို့ဖြင့် ယောကျာ်းသည် မိန်းမကို နှောင်ဖွဲ့၏။ အဘယ် ရှစ်မျိုးတို့နည်းဟူမူ—ရဟန်းတို့ ယောကျာ်းသည် ငိုကြွေးခြင်းဖြင့် မိန်းမကို နှောင်ဖွဲ့၏။ ရဟန်းတို့ ယောကျာ်းသည် ပြုံးရယ်ခြင်းဖြင့် မိန်းမကို နှောင်ဖွဲ့၏။ ရဟန်းတို့ ယောကျာ်းသည် စကားပြောခြင်းဖြင့် မိန်းမကို နှောင်ဖွဲ့၏။ ရဟန်းတို့ ယောကျာ်းသည် အသွင်အပြင် အမူအရာဖြင့် မိန်းမကို နှောင်ဖွဲ့၏။ ရဟန်းတို့ ယောကျာ်းသည် တောမှ ချိုးယူအပ်သော ပန်း သစ်သီး စသည်ဖြင့် မိန်းမကို နှောင်ဖွဲ့၏။ ရဟန်းတို့ ယောကျာ်းသည် အနံ့ဖြင့် မိန်းမကို နှောင်ဖွဲ့၏။ ရဟန်းတို့ ယောကျာ်းသည် အရသာဖြင့် မိန်းမကို နှောင်ဖွဲ့၏။ ရဟန်းတို့ ယောကျာ်းသည် အတွေ့ဖြင့် မိန်းမကို နှောင်ဖွဲ့၏။ ရဟန်းတို့ ဤအခြင်းအရာရှစ်မျိုးတို့ဖြင့် ယောကျာ်းသည် မိန်းမကို နှောင်ဖွဲ့၏။ ရဟန်းတို့ ဖဿတည်းဟူသော အတွေ့ဖြင့် နှောင်ဖွဲ့အပ်ကုန်သော ထိုသတ္တဝါတို့သည် မြဲမြံ ခိုင်ခံ့စွာ နှောင်ဖွဲ့အပ်သည်သာလျှင် ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။