အင်္ဂုတ္တရနိကာယ်

၂-မဟာဝဂ်

၉-ပဟာရာဒသုတ်

၁၉။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေရဉ္ဇာပြည် နဠေရုမည်သော တမာပင်ရင်းဝယ် (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ပဟာရာဒအသုရိန်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရိုသေစွာ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ရပ်တည်၏၊ တစ်ခုသောနေရာ၌ ရပ်တည်နေသော ပဟာရာဒအသုရိန် အား မြတ်စွာဘုရားသည် ပဟာရာဒအသုရာတို့သည် မဟာသမုဒ္ဒရာ၌ မွေ့လျော်ကြကုန်၏လောဟု မိန့်တော်မူ၏။ အသျှင်ဘုရား အသုရာတို့သည် မဟာသမုဒ္ဒရာ၌ မွေ့လျော်ကြပါကုန်၏ဟု (လျှောက်၏)။

ပဟာရာဒ မဟာသမုဒ္ဒရာ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတို့သည် အဘယ်တို့ နည်း၊ ယင်းသဘောတို့ကို မြင်ကုန် မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကြကုန် သလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား မဟာသမုဒ္ဒရာ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတို့သည် ဤရှစ်မျိုးတို့ပါတည်း။ ယင်းအံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတို့ကို မြင်ကုန် မြင်ကုန်၍ အသုရာတို့ သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကြပါကုန်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ—

အသျှင်ဘုရား မဟာသမုဒ္ဒရာသည် ကမ်းစပ်၌စောက်နက်သည်မဟုတ်မူ၍ အစဉ်အတိုင်း နိမ့်၏၊ အစဉ်အတိုင်း ကိုင်း၏၊ အစဉ်အတိုင်း ရှိုင်း၏၊ အသျှင်ဘုရား ယင်းသို့ မဟာသမုဒ္ဒရာ၏ ကမ်းစပ်၌စောက်နက်သည်မဟုတ်မူ၍ အစဉ်အတိုင်း နိမ့်ခြင်း၊ အစဉ်အတိုင်း ကိုင်းခြင်း၊ အစဉ်အတိုင်း ရှိုင်းခြင်း သည် မဟာသမုဒ္ဒရာ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ပဌမသဘောတည်း။ ယင်းသဘောကို မြင်ကုန် မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကြပါကုန်၏။ အသျှင်ဘုရား နောက်တစ်မျိုးကား မဟာသမုဒ္ဒရာသည် တည်တံ့သော သဘောရှိသည်ဖြစ်၍ ကမ်းကို မလွန်၊ အသျှင်ဘုရား ယင်းသို့ မဟာသမုဒ္ဒရာ၏ တည်တံ့သော သဘောရှိသည်ဖြစ်၍ ကမ်းကို မလွန်ခြင်းသည်လည်း မဟာသမုဒ္ဒရာ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဒုတိယသဘောတည်း။ ယင်းသဘောကို မြင်ကုန် မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကြပါကုန်၏။ အသျှင်ဘုရား နောက်တစ်မျိုးကား မဟာသမုဒ္ဒရာသည် အသေကောင်ပုပ်နှင့် မဆက်ဆံ၊ မဟာ သမုဒ္ဒရာ၌ အသေကောင်ပုပ်ရှိလျှင် ကမ်းသို့ လျင်စွာ ကပ်စေ၏၊ ကုန်းသို့ တင်စေ၏၊ အသျှင်ဘုရား ယင်းသို့ မဟာသမုဒ္ဒရာ၏ အသေကောင်ပုပ်နှင့် မဆက်ဆံခြင်း၊ မဟာသမုဒ္ဒရာ၌ အသေကောင်ပုပ်ရှိလျှင် ကမ်းသို့ လျင်စွာ ကပ်စေခြင်း၊ ကုန်းသို့ တင်စေခြင်းသည်လည်း မဟာသမုဒ္ဒရာ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော တတိယသဘောတည်း။ ယင်းသဘောကို မြင်ကုန် မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကြပါကုန်၏။ အသျှင်ဘုရား နောက်တစ်မျိုးကား ဂင်္ဂါမြစ် ယမုံနာမြစ် အစိရဝတီမြစ် သရဘူမြစ် မဟီမြစ်ဟူသော မြစ်ကြီးအားလုံးတို့သည် မဟာသမုဒ္ဒရာသို့ ရောက်ကုန်လတ်သော် ရှေး၌ဖြစ်ကုန်သော အမည် အနွယ်တို့ကို စွန့်၍ “မဟာသမုဒ္ဒရာ”ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်ကြပါကုန်၏။ အသျှင်ဘုရား ယင်းသို့ ဂင်္ဂါမြစ် ယမုံနာမြစ် အစိရဝတီမြစ် သရဘူမြစ် မဟီမြစ်ဟူသော မြစ်ကြီးအားလုံးတို့သည့်မဟာသမုဒ္ဒရာသို့ ရောက်ကုန်လတ်သော် ရှေး၌ဖြစ်ကုန်သော အမည်အနွယ်တို့ကို စွန့်၍ “မဟာသမုဒ္ဒရာ”ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်ကြရခြင်းသည်လည်း ဤမဟာသမုဒ္ဒရာ၏ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူး မြဲဖြစ်သော စတုတ္ထသဘောတည်း။ ယင်းသဘောကို မြင်ကုန် မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကြပါကုန်၏။ အသျှင်ဘုရား နောက်တစ်မျိုးကား လောက၌ အလုံးစုံသော မြစ်ကြီးမြစ်ငယ်တို့သည်လည်း မဟာ သမုဒ္ဒရာသို့ ဝင်ကုန်၏၊ အလုံးစုံသော ကောင်းကင်မှ မိုးရေအလျဉ်တို့သည်လည်း ကျကုန်၏၊ ထိုရေ ကြောင့် မဟာသမုဒ္ဒရာ၏ လျော့ခြင်း, ပြည့်ခြင်းသည် မထင်ရှား၊ အသျှင်ဘုရား ယင်းသို့ လောက၌ အလုံးစုံသော မြစ်ကြီးမြစ်ငယ်တို့သည်လည်း မဟာသမုဒ္ဒရာသို့ ဝင်ခြင်း၊ အလုံးစုံသော ကောင်းကင်မှ မိုးရေအလျဉ်တို့သည်လည်း ကျခြင်း၊ ထိုရေကြောင့် မဟာသမုဒ္ဒရာ၏ လျော့ခြင်း, ပြည့်ခြင်းသည် မထင်ရှားခြင်းသည်လည်း ဤမဟာသမုဒ္ဒရာ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ပဉ္စမသဘောတည်း။ ယင်းသဘောကို မြင်ကုန် မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကြပါကုန်၏။ အသျှင်ဘုရား နောက်တစ်မျိုးကား မဟာသမုဒ္ဒရာသည် ငန်သော အရသာတစ်မျိုးတည်းသာ ရှိ၏၊ အသျှင်ဘုရား ယင်းသို့ မဟာသမုဒ္ဒရာ၏ ငန်သော အရသာတစ်မျိုးတည်းသာ ရှိခြင်းသည်လည်း မဟာ သမုဒ္ဒရာ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဆဋ္ဌသဘောတည်း။ ယင်းသဘောကို မြင်ကုန် မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကြပါကုန်၏။ အသျှင်ဘုရား နောက်တစ်မျိုးကား မဟာသမုဒ္ဒရာသည် ပုလဲ မြ ကြောင်မျက်ရွဲ ခရုသင်း ကျောက် သလင်း သန္တာ ငွေ ရွှေ ပတ္တမြားနီ ပတ္တမြားပြောက်ဟူသော များသော ရတနာ, မရေမတွက်နိုင်သော ရတနာရှိ၏၊ ယင်းသို့ မဟာသမုဒ္ဒရာ၏ ပုလဲ မြ ကြောင်မျက်ရွဲ ခရုသင်း ကျောက်သလင်း သန္တာ ငွေ ရွှေ ပတ္တမြားနီ ပတ္တမြားပြောက်ဟူသော များသော ရတနာ, မရေမတွက်နိုင်သော ရတနာရှိခြင်းသည် လည်း ဤမဟာသမုဒ္ဒရာ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သတ္တမသဘောတည်း။ ယင်းသဘောကို မြင်ကုန် မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကြပါကုန်၏။ အသျှင်ဘုရား နောက်တစ်မျိုးကား မဟာသမုဒ္ဒရာသည် တိမိမည်သောငါး တိမိင်္ဂလမည်သောငါး တိမိရပိင်္ဂလမည်သောငါး အသုရာ နဂါး ဂန္ဓဗ္ဗနတ်ဟူသော သတ္တဝါကြီးတို့၏လည်းကောင်း၊ ယူဇနာ တစ်ရာ ယူဇနာနှစ်ရာ ယူဇနာသုံးရာ ယူဇနာလေးရာ ယူဇနာငါးရာတိုင်အောင် အတ္တဘောကြီးမားသော သတ္တဝါတို့၏လည်းကောင်း နေရာဖြစ်၏၊ အသျှင်ဘုရား ယင်းသို့ တိမိမည်သောငါး တိမိင်္ဂလမည်သောငါး တိမိရပိင်္ဂလမည်သောငါး အသုရာ နဂါး ဂန္ဓဗ္ဗနတ်ဟူသော သတ္တဝါကြီးတို့၏လည်းကောင်း၊ ယူဇနာ တစ်ရာ ယူဇနာနှစ်ရာ ယူဇနာသုံးရာ ယူဇနာလေးရာ ယူဇနာငါးရာတိုင်အောင် အတ္တဘောကြီးမားသော သတ္တဝါတို့၏လည်းကောင်း နေရာဖြစ်ခြင်း သည်လည်း ဤမဟာသမုဒ္ဒရာ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော အဋ္ဌမသဘောတည်း။ ယင်းသဘောကို မြင်ကုန် မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကြပါကုန်၏။ အသျှင်ဘုရား မဟာသမုဒ္ဒရာ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတို့သည် ဤရှစ်မျိုးတို့တည်း၊ ယင်းသဘောတို့ကို မြင်ကုန် မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော် ကြပါကုန်၏ဟု (လျှောက်၏)။ အသျှင်ဘုရား ရဟန်းတို့သည် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ မွေ့လျော် ကြပါကုန်၏လောဟု (လျှောက်၏)။

ပဟာရာဒ ရဟန်းတို့သည် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ မွေ့လျော်ကြပါကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ရဟန်းတို့သည် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ အဘယ်သို့သော အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောကို မြင်ကုန် မြင်ကုန်၍ မွေ့လျော်ကြပါကုန်သနည်းဟု (လျှောက်၏)။

ပဟာရာဒ ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ ရှစ်မျိုးသော အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတို့သည် ရှိကုန်၏၊ ယင်းသဘောတို့ကို မြင်ကုန် မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ အလွန်မွေ့လျော်ကြကုန်၏။ ဤရှစ်မျိုးတို့ကား အဘယ်တို့နည်းဟူမူ— ပဟာရာဒ မဟာသမုဒ္ဒရာသည် ကမ်းစပ်၌စောက်နက် သည် မဟုတ်မူ၍ အစဉ်အတိုင်း နိမ့်သည် အစဉ်အတိုင်း ကိုင်းသည် အစဉ်အတိုင်း ရှိုင်းသည် ဖြစ်သကဲ့သို့၊ ဤအတူပင် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ သိက္ခာစဉ်ရှိ၏၊ လုပ်ငန်းစဉ်ရှိ၏၊ ကျင့်စဉ်ရှိ၏၊ အစ၌သာလျှင် အရဟတ္တဖိုလ်ကို ထိုးထွင်း၍ သိသည် မဟုတ်၊ ပဟာရာဒ ယင်းသို့ ဤဓမ္မဝိနယ ‘သာသနာတော်’၏ သိက္ခာစဉ်ရှိခြင်း၊ လုပ်ငန်းစဉ်ရှိခြင်း၊ ကျင့်စဉ်ရှိခြင်း၊ အစ၌သာလျှင် အရဟတ္တဖိုလ်ကို ထိုးထွင်း၍ မသိရခြင်းသည် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ပဌမ သဘောတည်း။ ယင်းသဘောကို မြင်ကုန် မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ အလွန်မွေ့လျော်ကြကုန်၏။ ပဟာရာဒ မဟာသမုဒ္ဒရာသည် တည်တံ့သော သဘောရှိသည်ဖြစ်၍ ကမ်းကို မလွန်သကဲ့သို့၊ ဤ အတူပင် ငါသည် တပည့်တို့အတွက် ပညတ်ထားသော သိက္ခာပုဒ်ကို ငါ၏ တပည့်တို့သည် အသက်ဟူသော အကြောင်းကြောင့်သော်လည်း မကျူးကျော်ကုန်၊ ပဟာရာဒ ယင်းသို့ တပည့်တို့အတွက် ငါ ပညတ်ထားသော သိက္ခာပုဒ်ကို ငါ၏ တပည့်တို့သည် အသက်ဟူသော အကြောင်းကြောင့်သော်လည်း မကျူးကျော်ခြင်းသည်လည်း ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဒုတိယ သဘောတည်း။ ယင်းသဘောကို မြင်ကုန် မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ အလွန် မွေ့လျော်ကြကုန်၏။ ပဟာရာဒ မဟာသမုဒ္ဒရာသည် အသေကောင်ပုပ်နှင့် မဆက်ဆံ၊ မဟာသမုဒ္ဒရာ၌ အသေကောင်ပုပ်ရှိလျှင် ကမ်းသို့ လျင်စွာ ကပ်စေသကဲ့သို့ ကုန်းသို့ တင်စေသကဲ့သို့၊ ဤအတူပင် ယုတ်ညံ့သော အကျင့်ရှိသော၊ မစင်ကြယ်သည်ဖြစ်၍ ယုံမှားတွေးတောဖွယ် အကျင့်ရှိသော၊ အမှုကို ဖုံးကွယ်သော၊ ရဟန်း မဟုတ်ဘဲ ရဟန်းဟု ဝန်ခံသော၊ မြတ်သော အကျင့်ကို မကျင့်ဘဲ မြတ်သော အကျင့်ကို ကျင့်၏ဟု ဝန်ခံသော၊ အတွင်းပုပ်သော၊ ကိလေသာ မိုးစွတ်သော၊ အမှိုက်သဖွယ်ဖြစ်သော၊ သီလမရှိသော ထိုပုဂ္ဂိုလ်နှင့် သံဃာသည် မဆက်ဆံ၊ စည်းဝေး၍ ထိုပုဂ္ဂိုလ်ကို လျင်စွာ နှင်ထုတ်၏၊ ထိုပုဂ္ဂိုလ်သည် သံဃာ့အလယ်၌ ထိုင်နေသော်လည်း စင်စစ်အားဖြင့် သံဃာမှ ဝေး၏၊ သံဃာသည်လည်း ထိုပုဂ္ဂိုလ်နှင့် ဝေး၏၊ ပဟာရာဒ ယင်းသို့ ယုတ်ညံ့သော အကျင့်ရှိသော၊ မစင်ကြယ်သည် ဖြစ်၍ ယုံမှားတွေးတောဖွယ် အကျင့်ရှိသော၊ အမှုကို ဖုံးကွယ်သော၊ ရဟန်း မဟုတ်ဘဲ ရဟန်းဟု ဝန်ခံသော၊ မြတ်သော အကျင့်ကို မကျင့်ဘဲ မြတ်သော အကျင့်ကို ကျင့်၏ဟု ဝန်ခံသော၊ အတွင်းပုပ်သော၊ ကိလေသာ မိုးစွတ်သော၊ အမှိုက်သဖွယ် ဖြစ်သော၊ သီလမရှိသော ထိုပုဂ္ဂိုလ်နှင့် သံဃာ၏ မဆက်ဆံခြင်း၊ စည်းဝေး၍ ထိုပုဂ္ဂိုလ်ကို လျင်စွာ နှင်ထုတ်ခြင်း၊ ထိုပုဂ္ဂိုလ်သည် သံဃာ့အလယ်၌ ထိုင်နေသော်လည်း စင်စစ်အားဖြင့် သံဃာမှ ဝေးခြင်း၊ သံဃာသည်လည်း ထိုပုဂ္ဂိုလ်နှင့် ဝေးခြင်းသည်လည်း ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော တတိယသဘောတည်း။ ယင်းအံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောကို မြင်ကုန် မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ အလွန်မွေ့လျော်ကြကုန်၏။ ပဟာရာဒ ဂင်္ဂါမြစ် ယမုနာမြစ် အစိရဝတီမြစ် သရဘူမြစ် မဟီမြစ်ဟူသော မြစ်ကြီးအားလုံးတို့ သည် မဟာသမုဒ္ဒရာသို့ ရောက်ကုန်လတ်သော် ရှေး၌ဖြစ်ကုန်သော အမည်အနွယ်တို့ကို စွန့်ကြရကုန်၍ “မဟာသမုဒ္ဒရာဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်ကြရကုန်သကဲ့သို့၊ ဤအတူပင် မင်း၊ ပုဏ္ဏား၊ ကုန်သည်၊ သူဆင်းရဲဟူသော ဤအမျိုးလေးပါးတို့သည် မြတ်စွာဘုရားဟောတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ရောက်ကုန်လတ်သော် ရှေး၌ ဖြစ်ကုန်သော အမည် အနွယ်တို့ကို စွန့်ကြကုန်၍ “သာကီဝင်မင်းသား ဘုရားသားတော် ရဟန်းတို့”ဟူ၍သာလျှင် ရေတွက့်ခြင်းသို့ ရောက်ကုန်၏။ ပဟာရာဒ ယင်းသို့ မင်း၊ ပုဏ္ဏား၊ ကုန်သည်၊ သူဆင်းရဲဟူသော ဤအမျိုး လေးပါးတို့ မြတ်စွာဘုရားဟောတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ရောက်ကုန်လတ်သော် ရှေး၌ ဖြစ်ကုန်သော အမည်အနွယ်တို့ကို စွန့်၍ “သာကီဝင်မင်းသား ဘုရား သားတော် ရဟန်းတို့”ဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်ခြင်းသည်လည်း ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော စတုတ္ထသဘောတည်း။ ယင်းသဘောကို မြင်ကုန် မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ အလွန်မွေ့လျော်ကြကုန်၏။ ပဟာရာဒ လောက၌ အလုံးစုံသော မြစ်ကြီး မြစ်ငယ်တို့သည် မဟာသမုဒ္ဒရာသို့ ဝင်ကုန်၏၊ အလုံးစုံသော ကောင်းကင်မှ မိုးရေအလျဉ်တို့သည်လည်း ကျကုန်၏၊ ထိုရေကြောင့် မဟာသမုဒ္ဒရာ၏ လျော့ခြင်း, ပြည့်ခြင်းသည် မထင်ရှားသကဲ့သို့၊ ဤအတူပင် များစွာသော ရဟန်းတို့သည် ခန္ဓာမကြွင်း ကျန်သော အငြိမ်းဓာတ်ဖြင့် ငြိမ်းကုန်၏၊ ထိုငြိမ်းခြင်းဖြင့် အငြိမ်း(နိဗ္ဗာန်)ဓာတ်၏ လျော့ခြင်း, ပြည့်ခြင်း သည် မထင်ရှား၊ ပဟာရာဒ ယင်းသို့ ရဟန်းများစွာတို့ ခန္ဓာမကြွင်းကျန်သော အငြိမ်းဓာတ်ဖြင့် ငြိမ်းခြင်း၊ ထိုငြိမ်းခြင်းဖြင့် အငြိမ်းဓာတ် (နိဗ္ဗာန်)၏ လျော့မှု, ပြည့်မှု မထင်ရှားခြင်းသည်လည်း ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ပဉ္စမသဘောတည်း။ ယင်းသဘော ကို မြင်ကုန် မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ အလွန်မွေ့လျော်ကြကုန်၏။ ပဟာရာဒ မဟာသမုဒ္ဒရာသည် ငန်သော အရသာတစ်မျိုးတည်းသာ ရှိသကဲ့သို့၊ ဤအတူပင် ဤ ဓမ္မဝိနယ ‘သာသနာတော်’ သည် လွတ်မြောက်မှု ‘ဝိမုတ္တိ’ အရသာတစ်မျိုးတည်းသာ ရှိ၏၊ ပဟာရာဒ ယင်း သို့ ဤဓမ္မဝိနယ ‘သာသနာတော်’၏ လွတ်မြောက်မှု အရသာတစ်မျိုးတည်းသာ ရှိခြင်းသည်လည်း ဤ ဓမ္မဝိနယ ‘သာသနာတော်’ ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဆဋ္ဌသဘောတည်း။ ယင်းသဘောကို မြင်ကုန် မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ အလွန်မွေ့လျော်ကြကုန်၏။ ပဟာရာဒ မဟာသမုဒ္ဒရာသည် ပုလဲ မြ ကြောင်မျက်ရွဲ ခရုသင်း ကျောက်သလင်း သန္တာ ငွေ ရွှေ ပတ္တမြားနီ ပတ္တမြားပြောက်ဟူသော များသော ရတနာ, မရေမတွက်နိုင်သော ရတနာရှိသကဲ့သို့၊ ဤအတူပင် ဤဓမ္မဝိနယ ‘သာသနာတော်’ သည် ‘သတိပဋ္ဌာန်လေးပါး သမ္မပ္ပဓာန်လေးပါး ဣဒ္ဓိပါဒ်လေးပါး ဣန္ဒြေငါးပါး ဗိုလ်ငါးပါး ဗောဇ္ဈင်ခုနစ်ပါး အင်္ဂါရှစ်ပါးရှိသော အရိယာမဂ်ဟူသော များသော ရတနာ, မရေ မတွက်နိုင်သော ရတနာရှိ၏၊ ပဟာရာဒ ယင်းသို့ ဓမ္မဝိနယ ‘သာသနာတော်’၏ သတိပဋ္ဌာန်လေးပါး။ပ။ အင်္ဂါရှစ်ပါးရှိသော အရိယာမဂ်တည်းဟူသော များပြားသော ဤမရေမတွက်နိုင်သော ရတနာရှိခြင်းသည် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သတ္တမသဘောတည်း။ ယင်းသဘော ကို မြင်ကုန် မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ အလွန်မွေ့လျော်ကြကုန်၏။ ပဟာရာဒ မဟာသမုဒ္ဒရာသည် တိမိမည်သောငါး တိမိင်္ဂလမည်သောငါး တိမိရပိင်္ဂလမည်သောငါး အသုရာ နဂါး ဂန္ဓဗ္ဗနတ်ဟူသော သတ္တဝါကြီးတို့၏လည်းကောင်း၊ ယူဇနာတစ်ရာ ယူဇနာနှစ်ရာ ယူဇနာ သုံးရာ ယူဇနာ လေးရာ ယူဇနာငါးရာတိုင်အောင် အတ္တဘောကြီးမားသော သတ္တဝါကြီးတို့၏လည်းကောင်း နေရာဖြစ်သကဲ့သို့၊ ဤအတူပင် ဤဓမ္မဝိနယ ‘သာသနာတော်’ သည် သောတာပန်ပုဂ္ဂိုလ်, သောတာပတ္တိ ဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ဆဲပုဂ္ဂိုလ်၊ သကဒါဂါမ်ပုဂ္ဂိုလ်, သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ဆဲပုဂ္ဂိုလ်၊ အနာဂါမ်ပုဂ္ဂိုလ်, အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ဆဲပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်, အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ဆဲပုဂ္ဂိုလ်ဟူသော ကြီးမြတ်သော သတ္တဝါတို့၏ နေရာ ဖြစ်၏။ ပဟာရာဒ ယင်းသို့ ဤဓမ္မဝိနယ ‘သာသနာတော်’၏ သောတာပန်ပုဂ္ဂိုလ်, သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ဆဲပုဂ္ဂိုလ်၊ သကဒါဂါမ်ပုဂ္ဂိုလ်, သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ဆဲ ပုဂ္ဂိုလ်၊ အနာဂါမ်ပုဂ္ဂိုလ်, အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ဆဲပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်, အရဟတ္တ ဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ဆဲပုဂ္ဂိုလ်ဟူသော ကြီးမြတ်သော သတ္တဝါတို့၏ နေရာဖြစ်ခြင်းသည် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော အဋ္ဌမသဘောတည်း။ ယင်းသဘောတို့ကို မြင်ကုန် မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ အလွန်မွေ့လျော်ကြကုန်၏။ ပဟာရာဒ ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတို့ကား ဤရှစ်မျိုးတို့တည်း။ ယင်းသဘောကို မြင်ကုန် မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ အလွန်မွေ့လျော်ကြကုန်၏ဟု မိန့်တော်မူ၏။

နဝမသုတ်။