အင်္ဂုတ္တရနိကာယ်

၃-ဂဟပတိဝဂ်

၁-ပဌမ ဥဂ္ဂသုတ်

၂၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာဿာဒ်ဆောင်ပေါက်သော ကျောင်းကြီး၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့ ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်ကို အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောရှစ်မျိုးတို့နှင့် ပြည့်စုံ၏ဟု မှတ်ကုန်လော့”ဟူ၍ ဤစကားကို မိန့်တော်မူ၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၍ နေရာမှ ထပြီးလျှင် ကျောင်းသို့ ဝင်တော်မူ၏။

ထိုအခါ၌ ရဟန်းတစ်ပါးသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်၏ အိမ်သို့ ချဉ်းကပ်ပြီးသော် ခင်းထားသောနေရာ၌ ထိုင်နေ၏။ ထိုအခါ ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်သည် ထိုရဟန်းကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေ၏၊ ထိုရဟန်းသည် တစ်ခုသောနေရာ၌ ထိုင်နေသော ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်အား—သူကြွယ် သင် သည် အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောရှစ်မျိုးတို့နှင့် ပြည့်စုံ၏ဟူ၍ မြတ်စွာဘုရား မိန့်တော်မူ၏၊ သူကြွယ် သင့်ကို အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောရှစ်မျိုးတို့နှင့် ပြည့်စုံ၏ဟု မြတ်စွာဘုရား မိန့်ကြားတော်မူသည့် သဘောရှစ်မျိုးတို့ကား အဘယ်တို့နည်းဟု မေး၏။ အသျှင်ဘုရား “အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော အဘယ်သဘောရှစ်မျိုးတို့နှင့် ပြည့်စုံ၏”ဟု့မြတ်စွာဘုရား မိန့်ကြားတော်မူသည်ကိုမူ အကျွန်ုပ် မသိပါ၊ အသျှင်ဘုရား (စင်စစ်သော်ကား) အကျွန်ုပ် အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော အကြင်သဘောရှစ်မျိုးတို့သည် ရှိပါကုန်၏၊ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ထိုသဘောရှစ်မျိုးတို့ကို နာတော်မူလော့၊ ကောင်းစွာ နှလုံးသွင်းတော်မူလော့၊ လျှောက်ပါအံ့ဟု ဆို၏။ “ကောင်းပြီ သူကြွယ်”ဟူ၍ ထိုရဟန်းသည် ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်အား ဝန်ခံ၏၊ ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်သည် ဤစကားကို လျှောက်၏၊ အသျှင်ဘုရား အကျွန်ုပ်သည် အကြင် အခါ၌ မြတ်စွာဘုရားကို ရှေးဦးစွာ အဝေးမှလျှင် မြင်ရ၏၊ အသျှင်ဘုရား မြင်သည်နှင့် တစ်ပြိုင်နက် သာလျှင် အကျွန်ုပ်၏ စိတ်သည် မြတ်စွာဘုရားအား ကြည်ညိုပါ၏။ အသျှင်ဘုရား အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤပဌမသဘောသည် ရှိပါ၏။ အသျှင်ဘုရား ထိုအကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ မြတ်စွာဘုရားသို့ ဆည်းကပ်ပါ၏၊ ထိုအကျွန်ုပ်အား မြတ်စွာဘုရားသည် အစဉ်အတိုင်းသော တရားစကားကို ဟောတော်မူ၏၊ ဤသည်ကား အဘယ်နည်း၊ ဒါနနှင့်စပ်သော စကားကိုလည်းကောင်း၊ သီလနှင့်စပ်သော စကားကိုလည်းကောင်း၊ နတ်ပြည်နှင့် စပ်သော စကားကိုလည်းကောင်း၊ ကာမဂုဏ်တို့၏ အပြစ်ကိုလည်းကောင်း၊ ယုတ် ညံ့ခြင်းကိုလည်းကောင်း၊ ညစ်ညူးခြင်းကိုလည်းကောင်း၊ (ကာမဂုဏ်တို့မှ) ထွက်မြောက်ခြင်း၌ အကျိုးကို လည်းကောင်း ပြတော်မူ၏၊ မြတ်စွာဘုရားသည် တပည့်တော်ကို သင့်လျော်သောစိတ် နူးညံ့သောစိတ် အပိတ်အပင် ‘နီဝရဏ’ မှ ကင်းသောစိတ် တက်ကြွသောစိတ် ယုံကြည်သောစိတ်ရှိသည်ကို သိတော်မူသော အခါ မြတ်စွာဘုရားတို့၏ ကိုယ်တိုင် ထုတ်ဖော် သိမြင်ပြီးသော ‘သာမုက္ကံသိက’ တရားဒေသနာတော် ဖြစ်သော ဆင်းရဲခြင်း ‘ဒုက္ခသစ္စာ’ ကိုလည်းကောင်း၊ ဆင်းရဲဖြစ်ကြောင်း ‘သမုဒယသစ္စာ’ ကိုလည်းကောင်း၊ ဆင်းရဲချုပ်ရာ ‘နိရောဓသစ္စာ’ ကိုလည်းကောင်း၊ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းလမ်း ‘မဂ္ဂသစ္စာ’ကို လည်းကောင်း ပြတော်မူပါ၏၊ မည်းညစ်ခြင်းကင်းသော ဖြူစင်သော အဝတ်သည် ဆိုးရည်ကို ကောင်းစွာ ခံယူသကဲ့သို့ တပည့်တော်အား ထိုနေရာ၌ပင်လျှင် “ဖြစ်ခြင်းသဘောရှိသော တရားအလုံးစုံသည် ချုပ်ခြင်း သဘောရှိ၏”ဟု ကိလေသာမြူ အညစ်အကြေးကင်းသော တရားမျက်စိ ‘သောတာပတ္တိ မဂ်ဉာဏ်’ သည် ဖြစ်ပေါ်ပါ၏၊ အသျှင်ဘုရား ထိုတပည့်တော်သည် တရားကို မြင်ပြီးသည် တရားသို့ ရောက်ပြီးသည် တရားကို သိပြီးသည်ဖြစ်၍ တရားသို့သက်ဝင်ပြီးသည် ယုံမှားခြင်းကို ကူးမြောက်ပြီးသည် သို့လော သို့လော တွေးတောခြင်းကင်းပြီးသည်ဖြစ်၍ မြတ်စွာဘုရား သာသနာ၌ ရဲရင့်ခြင်းသို့ ရောက်ပြီးသည် ဘုရားမှတစ်ပါး ကိုးစားထိုက်သူမရှိသည် ဖြစ်၍ ထိုနေရာ၌ပင်လျှင် မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကိုလည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါပြီ၊ ဗြဟ္မစရိယ သိက္ခာပုဒ်လျှင် ငါးခုမြောက်ရှိသော သိက္ခာပုဒ်တို့ကို ဆောက်တည်ပါပြီ၊ အသျှင်ဘုရား အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤဒုတိယသဘောသည် ရှိပါ၏။ အသျှင်ဘုရား ထိုအကျွန်ုပ်အား ကုမာရီရွယ် (နုနယ်ပျိုမြစ်ကုန်သော) မယားလေးယောက်တို့သည် ရှိပါကုန်၏၊ အသျှင်ဘုရား ထိုအခါ အကျွန်ုပ်သည် ထိုမယားတို့ထံသို့ ချဉ်းကပ်၍ ထိုမယားတို့ကို “နှမတို့ ငါသည်ကား ဗြဟ္မစရိယသိက္ခာပုဒ်လျှင် ငါးခုမြောက်ရှိသော သိက္ခာပုဒ်တို့ကို ကောင်းစွာ ဆောက် တည်အပ်ကုန်၏၊ အလိုရှိသော နှမသည် ဤအိမ်၌ပင်လျှင် စည်းစိမ်ဥစ္စာတို့ကိုလည်း သုံးဆောင်ခံစား လော့၊ ကောင်းမှုကုသိုလ်တို့ကိုလည်း ပြုလော့၊ မိမိတို့၏ အဆွေအမျိုးတို့အိမ်သို့သော်လည်း သွားလော့၊ ယောကျာ်းတစ်ပါးကို အလိုရှိသည်ဖြစ်မူ အဘယ်ယောကျာ်းအား သင်တို့ကို ပေးရအံ့နည်း”ဟု ဤစကား ကို ဆို၏၊ အသျှင်ဘုရား ဤသို့ဆိုသော် မယားကြီးသည် အကျွန်ုပ်ကို “အရှင် ဤမည်သော ယောကျာ်း အား အကျွန်ုပ်ကို ပေးပါလော့”ဟု ဆို၏၊ အသျှင်ဘုရား ထိုအခါ အကျွန်ုပ်သည် ထိုယောကျာ်းကို ခေါ်စေ ပြီး၍ လက်ဝဲလက်ဖြင့် မယားကို ကိုင်၍ လက်ယာလက်ဖြင့်ရေကရားကို ကိုင်ပြီးလျှင် ထိုယောကျာ်းအား စွန့်ပါ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် ကုမာရီရွယ် (နုနယ်ပျိုမြစ်သော) မယားကို စွန့်သည်ရှိသော် စိတ် ဖောက်ပြန်ခြင်းကို မသိပါ၊ အသျှင်ဘုရား အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤတတိယ သဘောသည် ရှိပါ၏။ အသျှင်ဘုရား အကျွန်ုပ်၏ အမျိုးအိမ်၌ ရှိကုန်သော စည်းစိမ်ဥစ္စာတို့ကိုလည်းကောင်းသော သဘောရှိကုန်သော သီလဝန္တပုဂ္ဂိုလ်တို့နှင့် မခွဲခြားအပ်ကုန်။ အသျှင်ဘုရား အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤစတုတ္ထသဘောသည် ရှိပါ၏။ အသျှင်ဘုရား အကျွန်ုပ်သည် ရဟန်းသို့ ဆည်းကပ်ခဲ့မူ ရိုသေစွာသာလျှင် ဆည်းကပ်ပါ၏၊ မရိုမသေ မဆည်းကပ်ပါ။ အသျှင်ဘုရား အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤပဉ္စမ သဘောသည် ရှိပါ၏။ အသျှင်ဘုရား ထိုအသျှင်သည် အကျွန်ုပ်အား တရားဟောခဲ့မူ ရိုသေစွာသာလျှင် တရားနာ၏၊ မရိုမသေ မနာပါ၊ အကျွန်ုပ်အား ထိုအသျှင်သည် တရားမဟောခဲ့မူ အကျွန်ုပ်သည် ထိုအသျှင်အား တရား ဟောပါ၏။ အသျှင်ဘုရား အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤဆဋ္ဌသဘောသည် ရှိပါ၏။ အသျှင်ဘုရား အကျွန်ုပ်ကို နတ်တို့ ချဉ်းကပ်၍ “သူကြွယ် မြတ်စွာဘုရားသည် တရားကို ကောင်းစွာ ဟောတော်မူ၏”ဟု ပြောကြားကုန်၏၊ အသျှင်ဘုရား ဤသို့ ပြောကြားသည်ရှိသော် “သင် နတ်တို့က ဤသို့ ပြောကုန်သည်ဖြစ်စေ မပြောကုန်သည်ဖြစ်စေ စင်စစ်သော်ကား မြတ်စွာဘုရားသည် တရားကို ကောင်းစွာ ဟောတော်မူ၏”ဟု ထိုနတ်တို့ကို အကျွန်ုပ် ဤသို့ ပြောဆိုပါ၏၊ ဤသို့ ဆိုခြင်းသည် အံ့ဖွယ်မဟုတ်ပါ၊ အသျှင်ဘုရား ငါ့ထံသို့ နတ်တို့ ချဉ်းကပ်ကုန်၏၊ ငါသည်လည်း နတ်တို့နှင့် အတူတကွ စကားပြောဆိုရ၏ဟု နတ်တို့ ချဉ်းကပ်လာခြင်း နတ်တို့နှင့် အတူတကွ စကား ပြောရခြင်းဟူသော အကြောင်းကြောင့် စိတ်၏ တက်ကြွမှုကို မသိစဖူးပါ။ အသျှင်ဘုရား အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤသတ္တမသဘောသည် ရှိပါ၏။ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား ဟောတော်မူအပ်သော အောက်ပိုင်း သံယောဇဉ်ငါးမျိုးတို့တွင် မိမိ၌ မပယ်အပ်သေးသော တစ်စုံတစ်ခုသော သံယောဇဉ်ကိုမျှ မတွေ့မြင်ပါ။ အသျှင်ဘုရား အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤအဋ္ဌမသဘောသည် ရှိပါ၏။ အသျှင်ဘုရား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤသဘောရှစ်မျိုးတို့ ရှိပါကုန်၏၊ “အံ့ဖွယ် ဖြစ်သော မဖြစ်ဖူးမြဲဖြစ်ကုန်သော အဘယ်သဘောရှစ်မျိုးတို့နှင့် ပြည့်စုံ၏”ဟု မြတ်စွာဘုရား မိန့်ကြား တော်မူသည်ကိုမူကား အကျွန်ုပ် မသိပါဟု (လျှောက်၏)။

ထိုအခါ ထိုရဟန်းသည် ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်၏ အိမ်မှ ဆွမ်းကို ခံယူပြီးလျှင် နေရာမှ ထ၍ ဖဲသွား၏၊ ထိုအခါ ထိုရဟန်းသည် ဆွမ်းစားပြီးနောက် ဆွမ်းခံရာမှ ဖဲခဲ့ပြီးသော် မြတ်စွာဘုရား ထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော အရပ်၌ ထိုင်နေလျက် ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်နှင့် အတူတကွ ပြောဆိုခဲ့သမျှ စကားအလုံးစုံကို မြတ်စွာဘုရားအား လျှောက်ကြား၏။ ရဟန်း ကောင်း၏ ကောင်း၏၊ ကောင်းစွာ ပြောကြားလိုသူသည် ဝေသာလီပြည်သား ဥဂ္ဂသူကြွယ် ပြောကြားသည့်အတိုင်း ပြောကြားရာ၏၊ ရဟန်း ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်ကို အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤသဘောရှစ်မျိုးတို့နှင့်ပင်လျှင် ပြည့်စုံ၏ဟု ငါဆို၏။ ရဟန်း ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်ကို အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤသဘောရှစ်မျိုးတို့နှင့်ပြည့်စုံ၏ဟု မှတ်လေလော့ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။