အင်္ဂုတ္တရနိကာယ်
၃-ဂဟပတိဝဂ်
၉-အက္ခဏသုတ်
၂၉။ ရဟန်းတို့ “လောကသည် ပြုအပ်သော အခွင့်ရှိ၏၊ လောကသည် ပြုအပ်သော အခွင့််ရှိ၏”ဟု အကြားအမြင်မရှိသော ပုထုဇဉ်သည် ပြောဆို၏၊ ထိုပုထုဇဉ်သည် အခွင့်ဟုတ်သည်ကိုလည်းကောင်း၊ အခွင့်မဟုတ်သည်ကိုလည်းကောင်း သိကား မသိရှိလေ။ ရဟန်းတို့ မြတ်သောအကျင့်ကို ကျင့်သုံးရန် အခွင့်အခါ မဟုတ်ခြင်းတို့သည် ဤရှစ်မျိုးတို့တည်း။
အဘယ်ရှစ်မျိုးတို့နည်းဟူမူ — ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့် ပြည့်စုံတော်မူသော၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော၊ လောကကို သိတော်မူသော၊ ဆုံးမထိုက်သူကို ဆုံးမတတ် သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော၊ သစ္စာလေးပါးတရားကို သိတော်မူသော၊ ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားသည်လည်း လောက၌ ပွင့်ထွန်းတော်မူ၏၊ ကိလေသာမီးငြိမ်းခြင်းကို ရွက်ဆောင်တတ်သော၊ ကိလေသာငြိမ်းခြင်းကို ပြုတတ်သော၊ လေးပါးသော မဂ်ဉာဏ်သို့ ရောက်စေတတ်သော၊ မြတ်စွာဘုရားတို့သာ အပြားအားဖြင့် သိစေအပ်သော (သစ္စာ လေးပါး) တရားကိုလည်း ဟောကြားတော်မူအပ်၏၊ ဤပုဂ္ဂိုလ်သည်ကား ငရဲဘုံ၌ ဖြစ်၏။ ရဟန်းတို့ ဤသည်ကား မြတ်သော အကျင့်ကို ကျင့်သုံးရန် ပဌမအခွင့်အခါ မဟုတ်ခြင်းတည်း။ (၁)
ရဟန်းတို့ နောက်တစ်မျိုးကား။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော၊ သစ္စာလေးပါးတရားကို သိတော်မူသော၊ ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူ၏၊ ကိလေသာမီး ငြိမ်းခြင်းကို ရွက်ဆောင်တတ်သော၊ ကိလေသာငြိမ်းခြင်းကို ပြုတတ်သော၊ လေးပါးသော မဂ်ဉာဏ်သို့ ရောက်စေတတ်သော၊ မြတ်စွာဘုရားတို့သာ အပြားအားဖြင့် သိစေအပ်သော (သစ္စာလေးပါး) တရားကို လည်း ဟောကြားတော်မူအပ်၏၊ ဤပုဂ္ဂိုလ်သည်ကား တိရစ္ဆာန်မျိုး၌ ဖြစ်၏။ပ။ (၂)
ရဟန်းတို့ နောက်တစ်မျိုးကား။ပ။ ဤပုဂ္ဂိုလ်သည်ကား ပြိတ္တာဘုံ၌ ဖြစ်၏။ပ။ (၃)
ရဟန်းတို့ နောက်တစ်မျိုးကား။ပ။ ဤပုဂ္ဂိုလ်သည်ကား တစ်ခုသော ရှည်သော အသက်ရှိသော (အသညသတ်) ဗြဟ္မာ့ဘုံ၌ ဖြစ်၏။ပ။ (၄)
ရဟန်းတို့ နောက်တစ်မျိုးကား။ပ။ ဤပုဂ္ဂိုလ်သည်ကား အစွန်အဖျားကျသော ဇနပုဒ်တို့၌ ဖြစ်ရ၏၊ ထိုပုဂ္ဂိုလ်သည်လည်း အလွန်အသိဉာဏ် နည်းပါးကုန်သော လူရိုင်းမျိုးတို့၌ ဖြစ်ရ၏၊ ယင်းအရပ်တို့၌ ရဟန်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမတို့၏ ဖြစ်ခြင်းသည် မရှိ။ပ။ (၅)
ရဟန်းတို့ နောက်တစ်မျိုးကား။ပ။ ဤပုဂ္ဂိုလ်သည်ကား မဇ္ဈိမဒေသတို့၌ ဖြစ်၏၊ ထိုပုဂ္ဂိုလ်သည် လည်း “ပေးလှူအပ်သော အလှူ၏ အကျိုးသည် မရှိ၊ ယဇ်ကြီးပူဇော်မှုသည် မရှိ၊ ယဇ်ငယ်ပူဇော်မှု သည် မရှိ၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုးဝိပါက်သည် မရှိ၊ ဤလောကသည် မရှိ၊ တစ်ပါးသော လောကသည် မရှိ၊ အမိသည် မရှိ၊ အဖသည် မရှိ၊ သေ၍တစ်ဖန်ဖြစ်သော သတ္တဝါတို့သည် မရှိကုန်၊ ဤလောကကိုလည်းကောင်း၊ တမလွန်လောကကိုလည်းကောင်း၊ ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက် ပြု၍ ဟောကြားနိုင်ကုန်သော အညီအညွတ်ကောင်းသော အကျင့်ကို ကျင့်ကြကုန်သော သမဏဗြာဟ္မဏတို့မည်သည် လောက၌ မရှိကုန်ဟု မှားသော အယူ(အမြင်)ရှိသူ ဖြစ်၏။ပ။ (၆)
ရဟန်းတို့ နောက်တစ်မျိုးကား။ပ။ ဤပုဂ္ဂိုလ်သည်ကား မဇ္ဈိမဒေသတို့၌ ဖြစ်၏၊ ထိုပုဂ္ဂိုလ်သည် လည်း ပညာမရှိ၊ မိုက်မဲ၏၊ ဆွံ့အ၏၊ ကောင်းသော စကား, မကောင်းသော စကား၏ အနက်ကို သိရန် မစွမ်းနိုင်။ ရဟန်းတို့ ဤသည်ကား မြတ်သော အကျင့်ကို ကျင့်သုံးရန် သတ္တမအခွင့်အခါ မဟုတ်ခြင်းတည်း။ (၇)
ရဟန်းတို့ နောက်တစ်မျိုးကား ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော၊ သစ္စာလေးပါးတရားကို သိမြင် တော်မူသော၊ ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားသည် လောက၌ မပွင့်ပေါ်။ ကိလေသာမီးငြိမ်းခြင်းကို ရွက်ဆောင်တတ်သော၊ ကိလေသာငြိမ်းခြင်းကို ပြုတတ်သော၊ လေးပါးသော မဂ်ဉာဏ်သို့ ရောက်စေတတ်သော၊ မြတ်စွာဘုရားတို့သာ အပြားအားဖြင့် သိစေအပ်သော (သစ္စာလေးပါး) တရားကိုလည်း မဟောကြားအပ်၊ ဤပုဂ္ဂိုလ်သည်ကား မဇ္ဈိမဒေသတို့၌ ဖြစ်၏၊ ထိုပုဂ္ဂိုလ်သည်လည်း ပညာရှိ၏၊ မမိုက်မဲ၊ မဆွံ့အ၊ ကောင်းသော စကား, မကောင်းသော စကား၏ အနက်ကို သိရန် စွမ်းနိုင်၏။ ရဟန်းတို့ ဤသည်ကား မြတ်သော အကျင့်ကို ကျင့်သုံးရန် အဋ္ဌမ အခွင့်အခါ မဟုတ်ခြင်းတည်း။ ရဟန်းတို့ မြတ်သော အကျင့်ကို ကျင့်သုံးရန် အခွင့်အခါ မဟုတ်ခြင်းတို့သည် ဤရှစ်မျိုးတို့တည်း။ (၈)
ရဟန်းတို့ မြတ်သော အကျင့်ကို ကျင့်သုံးရန် အခွင့်အခါသည်ကား တစ်ခုတည်းသာလျှင်တည်း၊ တစ်ခုတည်းသော အခွင့်အခါဟူသည် အဘယ်နည်း။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့် ပြည့်စုံတော်မူသော၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော၊ လောကကို သိတော်မူသော၊ ဆုံးမ ထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ်ဖြစ်တော်မူသော၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော၊ သစ္စာ လေးပါးတရားကို သိမြင်တော်မူသော၊ ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူ၏။ ကိလေသာမီး ငြိမ်းခြင်းကို ရွက်ဆောင်တတ်သော၊ ကိလေသာငြိမ်းခြင်းကို ပြုတတ်သော၊ လေးပါးသော မဂ်ဉာဏ်သို့ ရောက်စေတတ်သော၊ မြတ်စွာဘုရားတို့သာ အပြားအားဖြင့် သိစေအပ်သော (သစ္စာလေးပါး) တရားကိုလည်း ဟောကြားတော်မူအပ်၏၊ ဤပုဂ္ဂိုလ်သည်လည်း မဇ္ဈိမဒေသတို့၌ ဖြစ်၏။ ဤပုဂ္ဂိုလ်သည် ပညာရှိ၏၊ မမိုက်မဲ၊ မဆွံ့အ၊ ကောင်းသော စကား, မကောင်းသောစကား၏ အနက်ကို သိရန် စွမ်းနိုင်၏။ ရဟန်းတို့ ဤသည်ကား မြတ်သော အကျင့်ကို ကျင့်သုံးရန် တစ်ခုတည်းသာလျှင် ဖြစ်သော အခွင့်အခါတည်းဟု (မိန့်တော်မူ၏)။ (၁)
အကြင်သူတို့သည် လူ၏ အဖြစ်ကို ရကြကုန်လျက် ကောင်းစွာ အပြားအားဖြင့် သိစေအပ်သော သူတော်ကောင်းတရား၌ အခွင့်အခါကို မရကြကုန်၊ ထိုသူတို့သည် အခွင့်ကောင်းကို လွန်စေကုန်၏။ မဂ်၏ အန္တရာယ်ကို ပြုတတ်ကုန်သော များစွာသော အခွင့်မဟုတ်သည်တို့ကို ဟောတော်မူအပ်ကုန်၏၊ လောက၌ မြတ်စွာဘုရားတို့သည် တစ်ရံတစ်ခါသာလျှင် ပွင့်ကုန်၏။ လောက၌ အကြင်ဗုဒ္ဓုပ္ပါဒ နဝမခဏကို အလွန်ရခဲ၏၊ ထိုဗုဒ္ဓုပ္ပါဒ နဝမခဏသည် (မြတ်စွာဘုရား၏) မျက်မှောက်ဖြစ်၍ ဖြစ်၏၊ လူအဖြစ်ကို ရခြင်းကိုလည်းကောင်း၊ သူတော်ကောင်းတရားကို ဟောကြားခြင်းကိုလည်းကောင်း အလွန်ရခဲ၏။ ထိ်ုဗုဒ္ဓုပ္ပါဒ နဝမခဏ၌ မိမိအကျိုးစီးပွါးကို အလိုရှိသော သတ္တဝါသည် သူတော် ကောင်းတရားကို အဘယ်သို့လျှင် သိရအံ့နည်းဟု အားထုတ်ရန် သင့်၏၊ စင်စစ် အခွင့်ကောင်းကို မလွန်စေလင့်။ မှန်၏၊ ထိ်ုဗုဒ္ဓုပ္ပါဒ နဝမခဏကို လွန်စေသော သူတို့သည် ငရဲသို့ ရောက်ကြရကုန်၍ စိုးရိမ်ရကုန်၏။ အကြင်သူသည် ဤဗုဒ္ဓုပ္ပါဒ နဝမခဏ၌ သူတော်ကောင်းတရား၏ နိယာမ သဘောဟု ဆိုအပ်သော ထိုအရိယာမဂ်ကို အကယ်၍ ချွတ်ယွင်းစေအံ့၊ ထိုသူသည် အကျိုးစီးပွါးကို လွန်စေသော ကုန်သည်ကဲ့သို့ ကြာမြင့်စွာသော နေ့ညဉ့်ပတ်လုံး ပူပန်ရလိမ့်မည်။ သူတော်ကောင်းတရားကို ချွတ်ယွင်းစေသော အဝိဇ္ဇာပိတ်ဆို့အပ်သော သတ္တဝါ သည် ပဋိသန္ဓေနေခြင်း သေခြင်းတည်းဟူသော သံသရာ၌ ကြာမြင့်စွာ ခံစားရလိမ့် မည်။
အကြင်သူတို့သည်ကား လူ၏အဖြစ်ကို ရကြကုန်၍ ကောင်းစွာ အပြားအားဖြင့် သိစေအပ်သော သူတော်ကောင်းတရား၌ မြတ်စွာဘုရား၏ စကားတော်ကို (ရှေးက လည်း) လိုက်နာကုန်ပြီ၊ (နောင်လည်း) လိုက်နာကုန်လိမ့်မည်၊ (ယခုလည်း) လိုက်နာဆဲ ဖြစ်ကုန်၏။ အကြင်သူတို့သည်လည်း မြတ်စွာဘုရားတို့သာ သိစေတော်မူအပ်သော၊ အတုမရှိ မြတ်သော အကျင့်ဟု ဆိုအပ်သော မဂ်ကို ကျင့်ကုန်၏။ ထိုသူအားလုံးတို့သည် လောက၌ ဗုဒ္ဓုပ္ပါဒ နဝမခဏကို ထိုးထွင်း၍ သိကုန်၏။ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော၊ နေမင်း၏ အဆွေတော်ဖြစ်တော်မူသော မြတ်စွာဘုရားသည် အကြင်စောင့်စည်းမှု ‘သံဝရ’တို့ကို ဟောတော်မူအပ်ကုန်၏။ ထိုစောင့်စည်းမှု ‘သံဝရ’တို့၌ အခါခပ်သိမ်း လုံခြုံသည်ဖြစ်၍ သတိနှင့် ပြည့်စုံကာ (ကိလေသာမိုး) မစွတ်ဘဲ နေရာ၏။ လောက၌ အကြင်သူတို့သည် အာသဝေါတရားတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) သို့ ရောက်ကုန်၏။ ထိုသူတို့သည် စင်စစ်အားဖြင့် မာရ်မင်း၏ တည်ရာ သံသရာသို့ အစဉ် လျှောက်ကုန်သော အနုသယအားလုံးတို့ကို ဖြတ်တောက်၍ နိဗ္ဗာန်တည်းဟူသော တစ်ဖက်ကမ်းသို့ ရောက်ကုန်၏။
နဝမသုတ်။