အင်္ဂုတ္တရနိကာယ်

၃-ဂဟပတိဝဂ်

၁ဝ-အနုရုဒ္ဓမဟာဝိတက္ကသုတ်

၃ဝ။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ဝယ် သားတို့အား ဘေးမဲ့ ပေးရာ ဘေသကဠတော၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်အနုရုဒ္ဓါသည်စေတီတိုင်း ( မြတ်စွာဘုရားနေတော်မူရာမှ) အရှေ့ဝါးတော၌ နေတော်မူ၏၊ ထိုအခါ ဆိတ်ငြိမ်ရာ အရပ်သို့ ကပ်၍ တစ်ယောက်တည်း ကိန်းအောင်းနေသော အသျှင်အနုရုဒ္ဓါအား “ဤလောကုတ္တရာတရားသည် အလိုနည်းသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာတရားသည် အလိုကြီးသော ပုဂ္ဂိုလ်အား မပြည့်စုံ၊ ဤ လောကုတ္တရာတရားသည် ရောင့်ရဲလွယ်သော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာတရားသည် မရောင့်ရဲသော ပုဂ္ဂိုလ်အား မပြည့်စုံ၊ ဤလောကုတ္တရာတရားသည် ဆိတ်ငြိမ်မှုရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာတရားသည် အပေါင်းအဖော်၌ မွေ့လျော်သော ပုဂ္ဂိုလ်အား မပြည့်စုံ၊ ဤ လောကုတ္တရာတရားသည် ထက်သန်သော လုံ့လရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာ တရားသည် ပျင်းရိသော ပုဂ္ဂိုလ်အား မပြည့်စုံ၊ ဤလောကုတ္တရာတရားသည် ထင်သော သတိရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာတရားသည် သတိလွတ်သော ပုဂ္ဂိုလ်အား မပြည့်စုံ၊ ဤ လောကုတ္တရာတရားသည် တည်ကြည်သော စိတ်ရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာ တရားသည် မတည်ကြည်သော စိတ်ရှိသော ပုဂ္ဂိုလ်အား မပြည့်စုံ၊ ဤလောကုတ္တရာတရားသည် ပညာ ရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာတရားသည် ပညာမဲ့သော ပုဂ္ဂိုလ်အား မပြည့်စုံ”ဟု ဤသို့ စိတ်အကြံဖြစ်၏။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်အနုရုဒ္ဓါ၏ စိတ်အကြံကို မိမိစိတ်ဖြင့် သိတော်မူ၍ ခွန်အား ရှိသော ယောကျာ်းသည် ကွေးထားသော လက်မောင်းကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်ထားသော လက်မောင်းကို ကွေးသကဲ့သို့လည်းကောင်း ဤအတူသာလျှင် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ဝယ် သားတို့ အား ဘေးမဲ့ပေးရာ ဘေသကဠတောမှ ကွယ်ခဲ့၍စေတီတိုင်း ( မြတ်စွာဘုရားသီတင်းသုံးတော်မူရာမှ) အရှေ့ဝါးတောအရပ် အသျှင်အနုရုဒ္ဓါ၏ မျက်မှောက်၌ ထင်ရှားဖြစ်၏၊ မြတ်စွာဘုရားသည် ခင်းထားသောနေရာ၌ ထိုင်နေတော်မူ၏၊ အသျှင်အနုရုဒ္ဓါသည်လည်း မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်နေ၏၊ တစ်ခုသောနေရာ၌ ထိုင်နေသော အသျှင်အနုရုဒ္ဓါအား မြတ်စွာဘုရားသည် — အနုရုဒ္ဓါ ကောင်းစွ ကောင်းစွ၊ အနုရုဒ္ဓါ သင်သည် “ဤလောကုတ္တရာတရားသည် အလိုနည်းသော ပုဂ္ဂိုလ်အားသာ့ပြည့်စုံ၏၊ ဤလောကုတ္တရာတရားသည် အလိုကြီးသော ပုဂ္ဂိုလ်အား မပြည့်စုံ၊ ဤလောကုတ္တရာတရား သည် ရောင့်ရဲလွယ်သော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာတရားသည် မရောင့်ရဲသော ပုဂ္ဂိုလ် အား မပြည့်စုံ၊ ဤလောကုတ္တရာတရားသည် ဆိတ်ငြိမ်မှုရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤ လောကုတ္တရာတရားသည် အပေါင်းအဖော်၌ မွေ့လျော်သော ပုဂ္ဂိုလ်အား မပြည့်စုံ၊ ဤလောကုတ္တရာတရား သည် ထက်သန်သော လုံ့လရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာတရားသည် ပျင်းရိသော ပုဂ္ဂိုလ်အား မပြည့်စုံ၊ ဤလောကုတ္တရာတရားသည် ထင်သော သတိရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာတရားသည် သတိလွတ်သော ပုဂ္ဂိုလ်အား မပြည့်စုံ၊ ဤလောကုတ္တရာတရားသည် တည်ကြည်သော စိတ်ရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာတရားသည် မတည်ကြည်သော စိတ်ရှိသော ပုဂ္ဂိုလ်အား မပြည့်စုံ၊ ဤလောကုတ္တရာတရားသည် ပညာရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာတရားသည် ပညာမဲ့သော ပုဂ္ဂိုလ်အား မပြည့်စုံ”ဟု ယောကျာ်းမြတ်တို့၏ အကြံကို ကောင်းစွာသာလျှင် ကြံအပ်ပေ၏။ အနုရုဒ္ဓါ သို့ဖြစ်လျှင် သင်သည် “ဤလောကုတ္တရာတရားသည် သံသရာဝဋ်ကို ချဲ့ထွင်တတ်သော ‘ပပဉ္စ’တရားမှ ကင်းသည့် နိဗ္ဗာန်၌ မွေ့လျော်သော၊ ပပဉ္စ တရားမရှိရာ နိဗ္ဗာန်၌ ပျော်ပိုက်သော ပုဂ္ဂိုလ် အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာတရားသည် သံသရာဝဋ်ကို ချဲ့ထွင်တတ်သော ‘ပပဉ္စ’တရား၌ မွေ့လျော်သော၊ ပပဉ္စတရား၌ ပျော်ပိုက်သော ပုဂ္ဂိုလ်အား မပြည့်စုံ”ဟု ရှစ်ခုမြောက် ဤယောကျာ်းမြတ်တို့၏ အကြံကိုလည်း ကြံဦးလော့။ အနုရုဒ္ဓါ သင်သည် အကြင်အခါ၌ ဤယောကျာ်းမြတ်တို့၏ အကြံ ရှစ်မျိုးတို့ကို ကြံလတ္တံ ့၊ အနုရုဒ္ဓါ ထိုအခါ သင်သည် အလိုရှိသမျှ ကာလပတ်လုံး ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်မှု ‘ဝိတက်’ နှင့် တကွဖြစ်သော၊ သုံးသပ်ဆင်ခြင်မှု ‘ဝိစာရ’ နှင့် တကွဖြစ်သော၊ (နီဝရဏ)ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊ နှစ်သိမ့်မှု ‘ပီတိ’ ချမ်းသာမှု ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေရလတ္တံ ့။

အနုရုဒ္ဓါ သင်သည် အကြင်အခါ၌ ဤယောကျာ်းမြတ်တို့၏ အကြံရှစ်မျိုးတို့ကို ကြံလတ္တံ့၊ အနုရုဒ္ဓါ ထိုအခါ သင်သည် အလိုရှိသမျှ ကာလပတ်လုံး ဝိတက် ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်၏ တည်ကြည်ခြင်း ‘သမာဓိ’ ကို ဖြစ်ပွါးစေတတ်သော၊ ကြံစည်မှု ‘ဝိတက်’ မရှိသော၊ သုံးသပ်ဆင်ခြင်မှု ‘ဝိစာရ’ မရှိသော၊ တည်ကြည်မှု ‘သမာဓိ’ ကြောင့်ဖြစ်သော၊ နှစ်သိမ့်မှု ‘ပီတိ’ ချမ်းသာမှု ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေရလတ္တံ့။

အနုရုဒ္ဓါ သင်သည် အကြင်အခါ၌ ဤယောကျာ်းမြတ်တို့၏ အကြံရှစ်မျိုးတို့ကို ကြံလတ္တံ့၊ အနုရုဒ္ဓါ ထိုအခါ၌ သင်သည် အလိုရှိသမျှ ကာလပတ်လုံး နှစ်သိမ့်မှု ‘ပီတိ’ ကိုလည်း မတပ်မက်ခြင်းကြောင့် သတိ သမ္ပဇဉ်နှင့် ပြည့်စုံသည် ဖြစ်၍ လျစ်လျူရှုလျက် နေရလတ္တံ ့၊ ချမ်းသာမှု ‘သုခ’ ကိုလည်း ကိုယ်ဖြင့် ခံစား လတ္တံ့၊ အကြင်တတိယဈာန်ကြောင့် ထိုသူကို “လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ”ဟု အရိယာ (ပုဂ္ဂိုလ်)တို့သည် ပြောကြားကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍ နေရလတ္တံ့။

အနုရုဒ္ဓါ သင်သည် အကြင်အခါ၌ ဤယောကျာ်းမြတ်တို့၏ အကြံရှစ်မျိုးတို့ကို ကြံလတ္တံ့၊ အနုရုဒ္ဓါ ထိုအခါ၌ သင်သည် အလိုရှိသမျှ ကာလပတ်လုံး ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ရှေးဦးကပင်လျှင် ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း၊ ဆင်းရဲချမ်းသာ မရှိသော ဥပေက္ခာကြောင့် ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေရလတ္တံ့။

အနုရုဒ္ဓါ သင်သည် အကြင်အခါ၌ ဤယောကျာ်းမြတ်တို့၏ အကြံရှစ်မျိုးတို့ကို ကြံလတ္တံ့၊ လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော၊ မျက်မှောက်သော ကိုယ်၏ အဖြစ်၌ ချမ်းသာစွာ နေရခြင်း ရှိကုန်သော ဤ လေးပါးသော ဈာန်တို့ကိုလည်း အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းဘဲ ရသည် ဖြစ်လတ္တံ့၊ အနုရုဒ္ဓါ့ထိုအခါ၌ သူကြွယ်အားလည်းကောင်း၊ သူကြွယ်သားအားလည်းကောင်း အထူးထူးသော ဆိုးရည်တို့ဖြင့် ဆိုးအပ်ကုန်သော ပုဆိုးတို့ဖြင့် ပြည့်သော ပုဆိုးထည့်ရာ သေတ္တာသည် (နှစ်သက်ဖွယ်ရှိသည်ဖြစ်၍) ထင်သကဲ့သို့၊ ဤအတူသာလျှင် (သင်္ကန်း၌ ရောင့်ရဲခြင်းဟု ဆိုအပ်သော မဟာအရိယဝံသတရားဖြင့်) ရောင့်ရဲ သည်ဖြစ်၍ နေသော သင့်အား မြေမှုန့် အလိမ်းလိမ်းကပ်သော ‘ပံ့သကူ’ သင်္ကန်းသည် မွေ့လျော်ခြင်း အကျိုးငှါ၊ ငြိကပ်တွယ်တာမှု မရှိခြင်းအကျိုးငှါ၊ ချမ်းသာစွာ နေရခြင်းအကျိုးငှါ၊ နိဗ္ဗာန်ကို သက်ဝင်ခြင်း အကျိုးငှါ နှစ်သက်ဖွယ်ရှိသည်ဖြစ်၍ ထင်လတ္တံ့။

အနုရုဒ္ဓါ သင်သည် အကြင်အခါ၌ ဤယောကျာ်းမြတ်တို့၏ အကြံရှစ်မျိုးတို့ကို ကြံလတ္တံ့၊ လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော၊ မျက်မှောက်ဖြစ်သော ကိုယ်၏ အဖြစ်၌ ချမ်းသာစွာ နေရခြင်းရှိကုန်သော ဤလေးပါးသော ဈာန်တို့ကိုလည်း အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းဘဲရသည် ဖြစ်လတ္တံ့။ အနုရုဒ္ဓါ ထိုအခါ၌ သူကြွယ်အားလည်းကောင်း၊ သူကြွယ်သားအားလည်းကောင်း မည်းညစ်ခြင်းကင်းသော၊ များစွာသော စားဖွယ်ဟင်းရှိသော၊ များစွာသော စားမဲဟင်းလျာရှိသော သလေးထမင်းသည် နှစ်သက်ဖွယ်ရှိ သည်ဖြစ်၍ ထင်သကဲ့သို့၊ ဤအတူသာလျှင် (ဆွမ်း၌ ရောင့်ရဲခြင်းဟု ဆိုအပ်သော မဟာအရိယဝံသ တရားဖြင့်) ရောင့်ရဲသည်ဖြစ်၍ နေသော သင့်အား မွေ့လျော်ခြင်းအကျိုးငှါ၊ ငြိကပ်တွယ်တာမှု မရှိခြင်း အကျိုးငှါ၊ ချမ်းသာစွာ နေရခြင်းအကျိုးငှါ၊ နိဗ္ဗာန်သို့သက်ဝင်ခြင်းအကျိုးငှါ၊ သလုံးမြင်းခေါင်းဖြင့် အိမ်စဉ် လှည့်လည်ရှာမှီး၍ ရအပ်သော ဆွမ်းသည် နှစ်သက်ဖွယ်ရှိသည်ဖြစ်၍ ထင်လတ္တံ့။

အနုရုဒ္ဓါ သင်သည် အကြင်အခါ၌ ဤယောကျာ်းမြတ်တို့၏ အကြံရှစ်မျိုးတို့ကို ကြံလတ္တံ့၊ လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော၊ မျက်မှောက်သော ကိုယ်၏ အဖြစ်၌ ချမ်းသာစွာ နေရခြင်း ရှိကုန်သော ဤလေးပါးသော ဈာန်တို့ကိုလည်း အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းဘဲ ရသည် ဖြစ်လတ္တံ့၊ အနုရုဒ္ဓါ ထိုအခါ၌ သူကြွယ်အားလည်းကောင်း၊ သူကြွယ်သားအားလည်းကောင်း အတွင်းအပ၌ လိမ်းကျံအပ်သော၊ လေမတိုက်သော၊စေ့စပ်သော တံခါးရွက်ရှိသော၊ ပိတ်အပ်သော လေသာတံခါးရှိသော၊ အထွတ်တပ်သော အိမ်သည် နှစ်သက်ဖွယ်ရှိသည်ဖြစ်၍ ထင်သကဲ့သို့၊ ဤအတူသာလျှင် (ကျောင်း၌ ရောင့်ရဲလွယ်မှုဟု ဆိုအပ်သော မဟာအရိယဝံသတရားဖြင့်) ရောင့်ရဲသည်ဖြစ်၍ နေသော သင့်အား မွေ့လျော်ခြင်းအကျိုးငှါ၊ ငြိကပ်တွယ်တာမှု မရှိခြင်းအကျိုးငှါ၊ ချမ်းသာစွာ နေရခြင်း အကျိုးငှါ၊ နိဗ္ဗာန်သို့ သက်ဝင်ခြင်းအကျိုးငှါ သစ်ပင်ရင်းတည်းဟူသော ကျောင်းသည် နှစ်သက်ဖွယ်ရှိသည်ဖြစ်၍ ထင်လတ္တံ့။

အနုရုဒ္ဓါ သင်သည် အကြင်အခါ၌ ဤယောကျာ်းမြတ်တို့၏ အကြံရှစ်မျိုးတို့ကို ကြံလတ္တံ့၊ လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော၊ မျက်မှောက်သော ကိုယ်၏ အဖြစ်၌ ချမ်းသာစွာ နေရခြင်းရှိကုန်သော ဤ လေးပါးသော ဈာန်တို့ကိုလည်း အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းဘဲ ရသည် ဖြစ်လတ္တံ့၊ အနုရုဒ္ဓါ ထိုအခါ၌ သူကြွယ်အားလည်းကောင်း၊ သူကြွယ်သားအားလည်းကောင်း ပလ္လင်၊ မွေးရှည်ကော်ဇောကြီး၊ ဆန်းကြယ်သော သားမွေးအခင်း၊ ဖြူသော သားမွေးအခင်း၊ ပန်းပြောက်ခြယ် သားမွေးအခင်း၊ ဝံပိုင့်ရေ အခင်းမြတ်၊ (နီသော) မျက်နှာကြက်နှင့် အုံးနီနှစ်ဖက်ရှိ နေရာသည် နှစ်သက်ဖွယ်ရှိသည်ဖြစ်၍ ထင်သကဲ့သို့၊ ဤအတူသာလျှင် (အိပ်ရာနေရာ၌ ရောင့်ရဲလွယ်မှုဟု ဆိုအပ်သော မဟာအရိယဝံသတရားဖြင့်) ရောင့်ရဲသည်ဖြစ်၍ နေသော သင့်အား မွေ့လျော်ခြင်း အကျိုးငှါ၊ ငြိကပ်တွယ်တာမှု မရှိခြင်း အကျိုးငှါ၊ ချမ်းသာစွာ နေရခြင်းအကျိုးငှါ၊ နိဗ္ဗာန်သို့ သက်ဝင်ခြင်းအကျိုးငှါ မြက်တို့ဖြင့် ခင်းအပ်သော အိပ်ရာ နေရာသည် နှစ်သက်ဖွယ်ရှိသည်ဖြစ်၍ ထင်လတ္တံ့။

အနုရုဒ္ဓါ သင်သည် အကြင်အခါ၌ ဤယောကျာ်းမြတ်တို့၏ အကြံရှစ်မျိုးတို့ကို ကြံလတ္တံ့၊ လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော၊ မျက်မှောက်သော ကိုယ်၏ အဖြစ်၌ ချမ်းသာစွာ နေရခြင်းရှိကုန်သော ဤလေးပါးသော ဈာန်တို့ကိုလည်း အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းဘဲ ရသည် ဖြစ်လတ္တံ့၊ အနုရုဒ္ဓါ ထိုအခါ၌ သူကြွယ်အားလည်းကောင်း၊ သူကြွယ်သားအားလည်းကောင်း ထောပတ် ဆီဦး ဆီ ပျားရည့်တင်လဲ အထူးထူးသော ဤဆေးတို့သည် နှစ်သက်ဖွယ်ရှိသည် ဖြစ်၍ ထင်သကဲ့သို့၊ ဤအတူသာလျှင် (ဆေးပစ္စည်း၌ ရောင့်ရဲလွယ်မှုဟု ဆိုအပ်သော မဟာအရိယဝံသတရားဖြင့်) ရောင့်ရဲသည်ဖြစ်၍ နေသော သင့်အား မွေ့လျော်ခြင်းအကျိုးငှါ၊ ငြိကပ်တွယ်တာမှု မရှိခြင်းအကျိုးငှါ၊ ချမ်းသာစွာ နေရခြင်းအကျိုးငှါ၊ နိဗ္ဗာန်သို့ သက်ဝင်ခြင်းအကျိုးငှါ နွားကျင်ငယ်ပုပ်ဖြင့် ထုံအပ်သော ဆေးသည် နှစ်သက်ဖွယ်ရှိသည်ဖြစ်၍ ထင်လတ္တံ့။ အနုရုဒ္ဓါ ထို့ကြောင့် သင်သည် နောင်အခါ၌လည်းစေတီတိုင်း ဤအရှေ့ဝါးတောအရပ်၌သာလျှင် ဝါကပ်၍ နေလေလော့ဟု မိန့်တော်မူ၏။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အနုရုဒ္ဓါသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက် ထား၏။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်အနုရုဒ္ဓါကို ဤအဆုံးအမဖြင့် ဆုံးမတော်မူ၍ ခွန်အားရှိသော ယောကျာ်းသည် ကွေးထားသော လက်မောင်းကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်ထားသော လက်မောင်းကို ကွေးသကဲ့သို့လည်းကောင်း ဤအတူသာလျှင်စေတီတိုင်း အရှေ့ဝါးတောအရပ်မှ ကွယ်ခဲ့၍ ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ဝယ် သားတို့အား ဘေးမဲ့ပေးရာ ဘေသကဠတော၌ ထင်ရှားဖြစ်တော်မူ၏။ မြတ်စွာဘုရားသည် ခင်းထားအပ်သောနေရာ၌ ထိုင်နေတော်မူပြီးလျှင် ရဟန်းတို့ကို—ရဟန်းတို့ ယောကျာ်းမြတ်တို့၏ အကြံရှစ်မျိုးတို့ကို ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ပ။ ရဟန်းတို့ ယောကျာ်းမြတ်တို့၏ အကြံတို့သည် ရှစ်မျိုးတို့တည်း၊ ရဟန်းတို့ ယောကျာ်းမြတ်တို့၏ အကြံရှစ်မျိုးတို့သည် အဘယ်တို့နည်း၊ ရဟန်းတို့ ဤလောကုတ္တရာတရားသည် အလိုနည်းသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာတရားသည် အလိုကြီးသော ပုဂ္ဂိုလ်အား မပြည့်စုံ၊ ရဟန်းတို့ ဤ လောကုတ္တရာတရားသည် ရောင့်ရဲလွယ်သော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာတရားသည် မရောင့်ရဲလွယ်သော ပုဂ္ဂိုလ်အား မပြည့်စုံ၊ ရဟန်းတို့ ဤလောကုတ္တရာတရားသည် ဆိတ်ငြိမ်မှု ရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာတရားသည် အပေါင်းအဖော်၌ မွေ့လျော်သော ပုဂ္ဂိုလ်အား မပြည့်စုံ၊ ရဟန်းတို့ ဤလောကုတ္တရာတရားသည် ထက်သန်သော လုံ့လရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာတရားသည် ပျင်းရိသော ပုဂ္ဂိုလ်အား မပြည့်စုံ၊ ရဟန်းတို့ ဤလောကုတ္တရာ တရားသည် ထင်သော သတိရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာတရားသည် သတိလွတ်သော ပုဂ္ဂိုလ်အား မပြည့်စုံ၊ ရဟန်းတို့ ဤလောကုတ္တရာတရားသည် တည်ကြည်သော စိတ်ရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာတရားသည် တည်ကြည်သော စိတ်မရှိသော ပုဂ္ဂိုလ်အား မပြည့်စုံ၊ ရဟန်းတို့ ဤလောကုတ္တရာတရားသည် ပညာရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာတရားသည် ပညာမဲ့သော ပုဂ္ဂိုလ်အား မပြည့်စုံ၊ ရဟန်းတို့ ဤလောကုတ္တရာတရားသည် ပပဉ္စတရားမှ ကင်းသည့် နိဗ္ဗာန်၌ မွေ့လျော်သော၊ ပပဉ္စတရားမရှိရာ နိဗ္ဗာန်၌ ပျော်ပိုက်သော ပုဂ္ဂိုလ် အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာတရားသည် ပပဉ္စတရား၌ မွေ့လျော်သော၊ ပပဉ္စတရား၌ ပျော်ပိုက်သော ပုဂ္ဂိုလ်အား မပြည့်စုံ။

“ရဟန်းတို့ ဤလောကုတ္တရာတရားသည် အလိုနည်းသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤ လောကုတ္တရာတရားသည် အလိုကြီးသော ပုဂ္ဂိုလ်အား မပြည့်စုံ”ဟု ဟောအပ်သော ထိုစကားကို အဘယ်ကို စွဲ၍ ဟောအပ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အလိုနည်းသူ ဖြစ်လျက် “အလိုနည်းသူဟူ၍ ငါ့ကို သိပါကုန်မူကား ကောင်းလေစွ”ဟု အလိုမရှိ၊ ရောင့်ရဲလွယ်သူဖြစ်လျက် “ရောင့်ရဲလွယ်သူဟူ၍ ငါ့ကို သိပါကုန်မူကား ကောင်းလေစွ”ဟု အလိုမရှိ၊ ဆိတ်ငြိမ်မှုရှိသူဖြစ်လျက် “ဆိတ်ငြိမ်မှုရှိသူဟူ၍ ငါ့ကို သိပါကုန်မူကား ကောင်းလေစွ”ဟု အလိုမရှိ၊ ထက်သန်သော လုံ့လရှိသူ ဖြစ်လျက် “ထက်သန်သော လုံ့လရှိသူဟူ၍ ငါ့ကို သိပါကုန်မူကား ကောင်းလေစွ”ဟု အလိုမရှိ။ ထင်သော သတိရှိသူဖြစ်လျက် “ထင်သော သတိရှိသူဟူ၍ ငါ့ကို သိပါကုန်မူကား ကောင်းလေစွ”ဟု့အလိုမရှိ၊ တည်ကြည်သော စိတ်ရှိသူဖြစ်လျက် “တည်ကြည်သော စိတ်ရှိသူဟူ၍ ငါ့ကို သိပါကုန်မူကား ကောင်းလေစွ”ဟု အလိုမရှိ၊ ပညာရှိသူဖြစ်လျက် “ပညာရှိသူဟူ၍ ငါ့ကို သိပါကုန်မူကား ကောင်းလေစွ”ဟု အလိုမရှိ၊ ပပဉ္စတရားကင်းရာ နိဗ္ဗာန်၌ မွေ့လျော်သူဖြစ်လျက် “ပပဉ္စတရား ကင်းရာ နိဗ္ဗာန်၌ မွေ့လျော်သူဟူ၍ ငါ့ကို သိပါကုန်မူကား ကောင်းလေစွ”ဟု အလိုမရှိ၊ “ရဟန်းတို့ ဤလောကုတ္တရာ တရားသည် အလိုနည်းသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ အလိုကြီးသော ပုဂ္ဂိုလ်အား မပြည့်စုံ”ဟု ဟောအပ်သော ထိုစကားကို ဤသည်ကို စွဲ၍ ဟောအပ်၏။ (၁)

“ရဟန်းတို့ ဤလောကုတ္တရာတရားသည် ရောင့်ရဲလွယ်သော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤ လောကုတ္တရာတရားသည် မရောင့်ရဲလွယ်သော ပုဂ္ဂိုလ်အား မပြည့်စုံ”ဟု ဟောအပ်သော ထိုစကားကို အဘယ်ကို စွဲ၍ ဟောအပ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရတတ်သမျှသော သင်္ကန်း ဆွမ်း ကျောင်းအိပ်ရာ နေရာ သူနာ၏ အထောက်အပံ့ အသက်၏အရံအတား ဆေးပစ္စည်းဖြင့် ရောင့်ရဲ၏။ “ရဟန်းတို့ ဤလောကုတ္တရာတရားသည် ရောင့်ရဲလွယ်သော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ မရောင့်ရဲလွယ်သော ပုဂ္ဂိုလ်အား မပြည့်စုံ”ဟု ဟောအပ်သော ထိုစကားကို ဤသည်ကို စွဲ၍ ဟော အပ်၏။ (၂)

“ရဟန်းတို့ ဤလောကုတ္တရာတရားသည် ဆိတ်ငြိမ်မှုရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤ လောကုတ္တရာတရားသည် အပေါင်းအဖော်၌ မွေ့လျော်သော ပုဂ္ဂိုလ်အား မပြည့်စုံ”ဟု ဟောအပ်သော ထိုစကားကို အဘယ်ကို စွဲ၍ ဟောအပ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ဆိတ်ငြိမ်မှုရှိသည်ဖြစ်၍ နေသော ရဟန်းအား ရဟန်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမ မင်း မင်း၏အမတ် တိတ္ထိ တိတ္ထိ တပည့်တို့သည် လာရောက်ဆည်းကပ်ကုန်၏၊ ထိုသို့ဖြစ်ရာ၌ ရဟန်းသည် သင်္ခါရတရားတို့၏ ဆိတ်သုဉ်း ရာ နိဗ္ဗာန်သို့ ညွတ်သော၊ နိဗ္ဗာန်သို့ ကိုင်းသော၊ နိဗ္ဗာန်သို့ ရှိုင်းသော၊ သင်္ခါရတရားတို့၏ ဆိတ်သုဉ်းရာ နိဗ္ဗာန်၌ တည်သော၊ ရှင်ရဟန်းအဖြစ်၌ မွေ့လျော်သော စိတ်သည် တိုက်တွန်း နှိုးဆော် သည်နှင့်ယှဉ်သော တရားစကားကိုသာလျှင် စင်စစ် ပြောဟောတတ်၏၊ “ရဟန်းတို့ ဤလောကုတ္တရာ တရားသည် ဆိတ်ငြိမ်မှုရှိသောပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာတရားသည် အပေါင်းအဖော်၌ မွေ့လျော်သော ပုဂ္ဂိုလ်အား မပြည့်စုံ”ဟု ဟောအပ်သော ထိုစကားကို ဤသည်ကို စွဲ၍ ဟောအပ်၏။ (၃)

“ရဟန်းတို့ ဤလောကုတ္တရာတရားသည် ထက်သန်သော လုံ့လရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤ လောကုတ္တရာတရားသည် ပျင်းရိသော ပုဂ္ဂိုလ်အား မပြည့်စုံ”ဟု ဟောအပ်သော ထိုစကားကို အဘယ်ကို စွဲ၍ ဟောအပ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိသည်ဖြစ်၍ နေ၏၊ အားအစွမ်းနှင့် ပြည့်စုံ၏၊ မြဲမြံသော အားထုတ်မှု ရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်း မရှိ။ “ရဟန်းတို့ ဤလောကုတ္တရာတရားသည် ထက်သန်သော လုံ့လရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာ တရားသည် ပျင်းရိသော ပုဂ္ဂိုလ်အား မပြည့်စုံ”ဟု ဟောအပ်သော ထိုစကားကို ဤသည်ကို စွဲ၍ ဟောအပ်၏။ (၄)

“ရဟန်းတို့ ဤလောကုတ္တရာတရားသည် ထင်သော သတိရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤ လောကုတ္တရာတရားသည် သတိလွတ်သော ပုဂ္ဂိုလ်အား မပြည့်စုံ”ဟု ဟောအပ်သော ထိုစကားကို အဘယ်ကို စွဲ၍ ဟောအပ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သတိနှင့်ပြည့်စုံ၏၊ သတိ၏ ရင့်ကျက်မှုနှင့် ပြည့်စုံ၏၊ ရှည်စွာသော ကာလက ပြုအပ် ပြောဆိုအပ်သည်ကိုလည်း အောက်မေ့ နိုင်၏၊ အဖန်တလဲလဲ အောက်မေ့နိုင်၏။ “ရဟန်းတို့ ဤလောကုတ္တရာ တရားသည် ထင်သော သတိရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာတရားသည် သတိလွတ်သော ပုဂ္ဂိုလ်အားမပြည့်စုံ”ဟု ဟောအပ်သော ထိုစကားကို ဤသည်ကို စွဲ၍ ဟောအပ်၏။ (၅)

“ရဟန်းတို့ ဤလောကုတ္တရာတရားသည် တည်ကြည်သော စိတ်ရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာတရားသည် တည်ကြည်သော စိတ်မရှိသောပုဂ္ဂိုလ်အား မပြည့်စုံ”ဟု ဟောအပ်သော ထိုစကားကို အဘယ်ကို စွဲ၍ ဟောအပ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမ ဂုဏ်တို့မှ ကင်းဆိတ်၍။ပ။ စတုတ္ထဈာန်ကို ပြည့်စုံစေ၍ နေ၏။ “ရဟန်းတို့ ဤလောကုတ္တရာတရား သည် တည်ကြည်သော စိတ်ရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာတရားသည် တည်ကြည်သော စိတ်မရှိသော ပုဂ္ဂိုလ်အား မပြည့်စုံ”ဟု ဟောအပ်သော ထိုစကားကို ဤသည်ကို စွဲ၍ ဟောအပ်၏။ (၆)

“ရဟန်းတို့ ဤလောကုတ္တရာတရားသည် ပညာရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤ လောကုတ္တရာတရားသည် ပညာမဲ့သော ပုဂ္ဂိုလ်အား မပြည့်စုံ”ဟု ဟောအပ်သော ထိုစကားကို အဘယ် ကို စွဲ၍ ဟောအပ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပညာရှိ၏၊ ရုပ် နာမ်ကို ဖောက်ခွဲ၍ သိမြင်နိုင်သော၊ ဝဋ်ဆင်းရဲ၏ ကုန်ရာနိဗ္ဗာန်သို့ ကောင်းစွာ ရောက်ကြောင်းဖြစ်သော၊ ဖြစ်မှု ပျက်မှုကို သိစွမ်းနိုင်သော မြတ်သော ပညာနှင့် ပြည့်စုံ၏။ “ရဟန်းတို့ ဤလောကုတ္တရာတရားသည် ပညာရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာတရားသည် ပညာမဲ့သော ပုဂ္ဂိုလ်အား မပြည့်စုံ”ဟု ဟောအပ်သော ထိုစကားကို ဤသည်ကို စွဲ၍ ဟောအပ်၏။ (၇)

“ရဟန်းတို့ ဤလောကုတ္တရာတရားသည် ပပဉ္စတရားကင်းရာ နိဗ္ဗာန်၌ မွေ့လျော်သော၊ ပပဉ္စ တရား ကင်းရာ နိဗ္ဗာန်၌ ပျော်ပိုက်သော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာတရားသည် ပပဉ္စတရား၌ မွေ့လျော်သော၊ ပပဉ္စတရား၌ ပျော်ပိုက်သော ပုဂ္ဂိုလ်အား မပြည့်စုံ”ဟု ဟောအပ်သော ထိုစကားကို အဘယ်ကို စွဲ၍ ဟောအပ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်း၏စိတ်သည် ပပဉ္စတရား၏ချုပ်ရာ နိဗ္ဗာန်၌ ပြေးဝင်၏၊ ကြည်လင်၏၊ ကောင်းစွာ တည်၏၊ လွတ်၏။ “ရဟန်းတို့ ဤလောကုတ္တရာတရားသည် ပပဉ္စတရားကင်းရာ နိဗ္ဗာန်၌မွေ့လျော်သော၊ ပပဉ္စတရားကင်းရာ နိဗ္ဗာန်၌ ပျော်ပိုက်သော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာ တရားသည် ပပဉ္စတရား၌ မွေ့လျော်သော၊ ပပဉ္စတရား၌ ပျော်ပိုက်သော ပုဂ္ဂိုလ်အား မပြည့်စုံ”ဟု ဟောအပ်သော ထိုစကားကို ဤသည်ကို စွဲ၍ ဟောအပ်၏ဟု (မိန့်တော်မူ၏)။ (၈)

ထိုအခါ အသျှင်အနုရုဒ္ဓါသည် နောက်နှစ်ဖြစ်သော ဝါကပ်ခြင်းကိုလည်း ထိုစေတီတိုင်း အရှေ့ ဝါးတော အရပ်၌ပင် ဝါကပ်နေ၏။ ထိုအခါ အသျှင်အနုရုဒ္ဓါသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ် လျက် မမေ့မလျော့ ပြင်းစွာအားထုတ်ကာ နိဗ္ဗာန်သို့စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသည်ရှိသော် ကောင်းစွာသာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ကြသော အမျိုးကောင်းသားတို့ လိုလားအပ်သော အတုမရှိသော မြတ်သော အကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်အကျိုးကို မကြာမီ မျက်မှောက်ဘဝ၌ ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရ၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ(မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိပြီ။ အသျှင်အနုရုဒ္ဓါကား ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်၏။ အသျှင်အနုရုဒ္ဓါ သည် အရဟတ္တဖိုလ်သို့ ရောက်သည်ဖြစ်၍ ထိုအချိန်၌ ဤဂါထာတို့ကို ရွတ်ဆို၏— “လောက၌ အတုမရှိသော မြတ်စွာဘုရားသည် ငါ၏ အကြံကို သိတော်မူ၍ စိတ်ဖြင့် ပြီးသော ကိုယ်တော်ဖြင့် တန်ခိုးတော်အားဖြင့် ချဉ်းကပ်တော်မူ၏။

ငါ့အား အကြင်အခြင်းအရာအားဖြင့် အကြံဖြစ်၏၊ ထိုအကြံထက် လွန်သော အကြံကို ဟောတော်မူ၏၊ သံသရာကို ချဲ့ထွင်တတ်သော ပပဉ္စတရားကင်းရာ နိဗ္ဗာန်၌ မွေ့လျော်တော်မူသော မြတ်စွာဘုရားသည် ပပဉ္စတရားကင်းရာ နိဗ္ဗာန်ကို ဟောတော်မူ၏။

ငါသည် ထိုမြတ်စွာဘုရား၏ တရားတော်ကို သိ၍ သာသနာတော်၌ မွေ့လျော်စွာ နေပြီ၊ သုံးပါးသော ဝိဇ္ဇာဉာဏ်တို့သို့ အစဉ်ရောက်ပြီ၊ မြတ်စွာဘုရား၏ အဆုံး အမတော်ကို လိုက်နာပြုကျင့်အပ်ပြီ”ဟု (ရွတ်ဆို၏)။

ဒသမသုတ်။

သုံးခုမြောက် ဂဟပတိဝဂ် ပြီး၏။