အင်္ဂုတ္တရနိကာယ်

(၆) ၁-ဂေါတမီဝဂ်

၂-သြဝါဒသုတ်

၅၂။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ တစ်ခုသောနေရာ၌ ထိုင်လျက်။ပ။ “အသျှင်ဘုရား အဘယ်မျှသော တရားတို့နှင့် ပြည့်စုံသော ရဟန်းကို ရဟန်းမိန်းမတို့အား ဆုံးမတတ်သော ရဟန်းဟူ၍ သမုတ်အပ်ပါသနည်း”ဟု လျှောက်၏။ အာနန္ဒာ တရားရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းကို ရဟန်းမိန်းမတို့အား ဆုံးမသော ရဟန်းဟူ၍ သမုတ်အပ်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ—

ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏။ပ။ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။ အကြားအမြင် ‘ဗဟုသုတ’ များ၏။ပ။ ပညာဖြင့် ထိုးထွင်း၍ သိ၏။ ထိုရဟန်းအား ပါတိမောက်နှစ်ပါးတို့သည် အကျယ်အားဖြင့် နှုတ်၌ လာကုန်၏၊ ကောင်းစွာ ဝေဖန်အပ်ကုန်၏၊ ကောင်းစွာ ဖြစ်ခြင်းရှိကုန်၏၊ ပါဠိတော် အဋ္ဌကထာအားဖြင့် ကောင်းစွာ ဆုံးဖြတ်နိုင်ကုန်၏။ ကောင်းသော စကားရှိ၏၊ ကောင်းသော မြွက်ဆိုသံ ရှိ၏၊ သန့်ရှင်းစင်ကြယ်၍ မလျောမကျသော ပုဒ်ဗျည်းရှိသော အနက်ကို သိစေတတ်သော ပြည်ကြီးသူတို့၏ ဥစ္စာဖြစ်သော စကားနှင့် ပြည့်စုံ၏။ ဘိက္ခုနီသံဃာအား တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေရန် (တရားကို) ဆောက်တည်စေရန် (တရားကျင့်သုံးရေးအတွက်) ထက်သန်ရွှင်လန်းစေရန် စွမ်းနိုင်၏။ အများအားဖြင့် ရဟန်းမိန်းမတို့သည် ချစ်ခင်အပ် နှစ်လိုအပ်၏။ ထိုမြတ်စွာဘုရားကို ရည်မှတ်၍ ရဟန်းပြုသော ဖန်ရည်ဆိုးသော အဝတ်ကို ဝတ်သော မိန်းမ၌ ကြီးလေးသော အာပတ်ကို မလွန်ကျူးဖူးချေ။

ဝါနှစ်ဆယ်သော်လည်းကောင်း၊ ဝါနှစ်ဆယ်ထက် အလွန်သော်လည်းကောင်း ရ၏။ အာနန္ဒာ ဤအင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းကို ရဟန်းမိန်းမတို့အား ဆုံးမသော ရဟန်းဟူ၍ သမုတ်အပ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။