အင်္ဂုတ္တရနိကာယ်

(၇) ၂-ဘူမိစာလဝဂ်

၃-သံခိတ္တသုတ်

၆၃။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်။ပ။ တစ်ခုသောနေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား— “အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်အား အကျဉ်းအားဖြင့် တရားဟောတော်မူပါလော့၊ မြတ်စွာဘုရား၏ အထံတော်မှ ယင်းတရားတော်ကို ကြားနာ ရ၍ အကျွန်ုပ်သည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာအရပ်သို့ ချဉ်းကပ်ကာ မမေ့မလျော့ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ နိဗ္ဗာန်သို့စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်လျက် နေပါအံ့”ဟု လျှောက်၏။ ဤသို့လျှင် ဤသာသနာတော်၌ အချို့သော မဂ်ဖိုလ်မှ အချည်းအနှီးဖြစ်သော ယောကျာ်းတို့သည် ငါ့ကို သာလျှင် (တရားဟောရန်) တိုက်တွန်းကုန်၏၊ တရားဟောသော်လည်း ငါသို့သာလျှင် (ဣရိယာပုထ် အားဖြင့်) အစဉ်လိုက်သင့်၏ဟု မှတ်ထင်ကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အကျွန်ုပ်အား အကျဉ်းအားဖြင့် တရားကို ဟောတော်မူပါလော့၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား အကျဉ်းအားဖြင့် တရားကို ဟောတော်မူပါလော့၊ အကျွန်ုပ်သည် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော တရားတော်၏ အနက်ကို သိနိုင်တန်ရာပါ၏၊ အကျွန်ုပ်သည် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော တရားတော်၏ အမွေခံ ဖြစ်နိုင်တန်ရာပါ၏ဟု (လျှောက်၏)။

ရဟန်း သို့ဖြစ်လျှင် သင်သည် “ငါ၏ ကိုယ်တွင်းသန္တာန်၌သာလျှင် စိတ်သည် တည်၏၊ ကောင်းစွာ တည်၏၊ ဖြစ်ပေါ်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည် ကုသိုလ်စိတ်ကို ထက်ဝန်းကျင်မှ သိမ်းယူ၍ တည်လိမ့်မည် မဟုတ်”ဟု ဤသို့ ကျင့်ရမည်။ ရဟန်း သင်သည် ဤသို့လျှင် ကျင့်ရမည်။

ရဟန်း အကြင်အခါ၌ သင်၏ ကိုယ်တွင်းသန္တာန်၌ စိတ်သည် တည်၏၊ ကောင်းစွာ တည်၏၊ ဖြစ်ပေါ်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည်လည်း ကုသိုလ်စိတ်ကို သိမ်းယူ၍ မတည် ကုန်၊ ရဟန်း ထိုအခါ၌ သင်သည် “ငါ့အား စိတ်၏ (ဆန့်ကျင်ဘက်တရားတို့မှ) လွတ်သော မေတ္တာ ဈာန်ကို ပွါးများအပ် ကြိမ်ဖန်များစွာပြုအပ် လေ့လာအပ် ယာဉ်ကဲ့သို့ပြုအပ် တည်ရာကဲ့သို့ပြုအပ် အစဉ် တည်အပ် လေ့လာအပ် ကောင်းစွာ အားထုတ်အပ်သည် ဖြစ်ပေလိမ့်မည်”ဟု ဤသို့ ကျင့်ရမည်။ ရဟန်း သင်သည် ဤသို့လျှင် ကျင့်ရမည်။

ရဟန်း အကြင်အခါ၌ သင်သည် ဤသမာဓိကို ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်၏၊ ရဟန်း ထိုအခါ၌ သင်သည် ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’လည်းရှိသော ဤသမာဓိကို ပွါးများ လေလော့၊ ကြံစည်မှု ‘ဝိတက်’ မရှိ၊ သုံးသပ်မှု ‘ဝိစာရ’ မျှသာရှိသော သမာဓိကိုလည်း ပွါးများလေလော့၊ ကြံစည်မှု ‘ဝိတက်’လည်း မရှိ၊ သုံးသပ်မှု ‘ဝိစာရ’လည်း မရှိသော သမာဓိကိုလည်း ပွါးများလေလော့။ နှစ်သက်မှု ‘ပီတိ’ နှင့်တကွ ဖြစ်သော သမာဓိကိုလည်း ပွါးများလေလော့။ ပီတိမရှိသော သမာဓိကိုလည်း ပွါးများလေလော့၊ သာယာဖွယ် ‘သုခ’ နှင့် တကွဖြစ်သော သမာဓိကိုလည်း ပွါးများလေလော့၊ လျစ်လျူရှုမှု ‘ဥပေက္ခာ’နှင့် တကွဖြစ်သော သမာဓိကိုလည်း ပွါးများလေလော့။ ရဟန်း အကြင်အခါ၌ သင်သည် ဤသမာဓိကို ဤသို့ ပွါးများအပ်, ကောင်းစွာ ပွါးများအပ်၏။ ရဟန်း ထိုအခါ၌ သင်သည် “ငါ့အား စိတ်၏ (ဆန့်ကျင်ဘက်တရားတို့မှ) လွတ်သော ကရုဏာဈာန်ကို။ ငါ့အား စိတ်၏ (ဆန့်ကျင်ဘက် တရားတို့မှ) လွတ်သော မုဒိတာဈာန်ကို ငါ့အား စိတ်၏ (ဆန့်ကျင်ဘက်တရားတို့မှ) လွတ်သော ဥပေက္ခာဈာန်ကို ပွါးများအပ် ကြိမ်ဖန်များစွာပြုအပ် ယာဉ်ကဲ့သို့ပြုအပ် တည်ရာကဲ့သို့ပြုအပ် အစဉ် တည်အပ် လေ့လာအပ် ကောင်းစွာ အားထုတ်အပ်သည် ဖြစ်ပေလိမ့်မည်”ဟု ဤသို့ ကျင့်ရမည်။ ရဟန်း သင်သည် ဤသို့လျှင် ကျင့်ရမည်။

ရဟန်း အကြင်အခါ၌ သင်သည် ဤသမာဓိကို ဤသို့ ပွါးများအပ် ကောင်းစွာ ပွါးများအပ်၏၊ ရဟန်း ထိုအခါ၌ သင်သည် ဝိတက် ဝိစာရနှင့်တကွဖြစ်သော ဤသမာဓိကိုလည်း ပွါးများလေလော့၊ ကြံစည်မှု ‘ဝိတက်’ မရှိ၊ သုံးသပ်မှု ‘ဝိစာရ’ မျှသာရှိသော သမာဓိကိုလည်း ပွါးများလေလော့၊ ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’ မရှိသော သမာဓိကိုလည်း ပွါးများလေလော့၊ နှစ်သက်မှု ‘ပီတိ’ နှင့်တကွ ဖြစ်သော သမာဓိကိုလည်း ပွါးများလေလော့၊ နှစ်သက်မှု ‘ပီတိ’ မရှိသော သမာဓိကိုလည်း ပွါးများ လေလော့၊ သာယာဖွယ် ‘သုခ’နှင့် တကွဖြစ်သော သမာဓိကိုလည်း ပွါးများလေလော့၊ လျစ်လျူရှုမှု ‘ဥပေက္ခာ’ နှင့် တကွဖြစ်သော သမာဓိကိုလည်း ပွါးများလေလော့။ ရဟန်း အကြင်အခါ၌ သင်သည် ဤသမာဓိကို ဤသို့ ပွါးများအပ်, ကောင်းစွာ ပွါးများအပ်၏။ ရဟန်း ထိုအခါ၌ သင်သည် “လွန်စွာ အားထုတ်သည် အပြားအားဖြင့် သိသည် အောက်မေ့မှု ရှိသည် ဖြစ်၍ လောက၌ တပ်မက်သောအားဖြင့် ရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ’ နှလုံးမသာယာမှု ‘ဒေါမနဿ’ ကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု ရှုလေ့ရှိသည် ဖြစ်၍ နေအံ့”ဟု ကျင့်ရမည်။ ရဟန်း သင်သည် ဤသို့လျှင် ကျင့်ရမည်။

ရဟန်း အကြင်အခါ၌ သင်သည် ဤသမာဓိကို ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်၏၊ ရဟန်း ထိုအခါ၌ သင်သည် ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’နှင့် တကွဖြစ်သော ဤသမာဓိကိုလည်း ပွါးများလေလော့၊ ကြံစည်မှု ‘ဝိတက်’ မရှိ၊ သုံးသပ်မှု ‘ဝိစာရ’ မျှသာရှိသော သမာဓိကိုလည်း ပွါးများလေ လော့၊ ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’မရှိသော သမာဓိကိုလည်း ပွါးများလေလော့၊ နှစ်သက်မှု ‘ပီတိ’ နှင့် တကွဖြစ်သော သမာဓိကိုလည်း ပွါးများလေလော့၊ နှစ်သက်မှု ‘ပီတိ’မရှိသော သမာဓိကိုလည်း ပွါးများလေလော့၊ သာယာဖွယ် ‘သုခ’နှင့် တကွဖြစ်သော သမာဓိကိုလည်း ပွါးများလေလော့၊ လျစ်လျူရှုမှု ‘ဥပေက္ခာ’နှင့် တကွဖြစ်သော သမာဓိကိုလည်း ပွါးများလေလော့။ ရဟန်း အကြင်အခါ၌ သင်သည် ဤသမာဓိကို ဤသို့ ပွါးများအပ် ကောင်းစွာ ပွါးများအပ်၏။ ရဟန်း ထိုအခါ၌ သင်သည် “လွန်စွာ အားထုတ်သည် အပြားအားဖြင့် သိသည် အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ ရှေးရှု ကြံစည်မှု ‘အဘိဇ္ဈာ’ နှလုံးမသာယာမှု ‘ဒေါမနဿ’ ကို ပယ်ဖျောက်လျက် ဝေဒနာတို့၌။ စိတ်၌။ တရား သဘောတို့၌ တရားသဘောဟု ရှုလေ့ရှိသည် ဖြစ်၍ နေအံ့”ဟု ကျင့်ရမည်။ ရဟန်း သင်သည် ဤသို့လျှင် ကျင့်ရမည်။ ရဟန်း အကြင်အခါ၌ သင်သည် ဤသမာဓိကို ဤသို့ ပွါးများအပ် ကြိမ်ဖန် များစွာ ပြုအပ်၏။ ရဟန်း ထိုအခါ၌ သင်သည် ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’နှင့် တကွဖြစ်သော ဤသမာဓိကိုလည်း ပွါးများလေလော့၊ ကြံစည်မှု ‘ဝိတက်’ မရှိ, သုံးသပ်မှု ‘ဝိစာရ’ မျှသာရှိသော သမာဓိကိုလည်း ပွါးများလေလော့၊ ကြံစည်မှု ‘ဝိတက်’မရှိ, သုံးသပ်မှု ‘ဝိစာရ’မျှသာရှိသော သမာဓိကို လည်း ပွါးများလေလော့၊ ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’ မရှိသော သမာဓိကိုလည်း ပွါးများလေ့လော့၊ နှစ်သက်မှု ‘ပီတိ’ နှင့် တကွဖြစ်သော သမာဓိကိုလည်း ပွါးများလေလော့၊ နှစ်သက်မှု ‘ပီတိ’ မရှိသော သမာဓိကိုလည်း ပွါးများလေလော့၊ သာယာဖွယ်’သုခ’နှင့် တကွဖြစ်သော သမာဓိကိုလည်း ပွါးများလေလော့၊ လျစ်လျူရှုမှု ဥပေက္ခာနှင့် တကွဖြစ်သော သမာဓိကိုလည်း ပွါးများလေလော့။ ရဟန်း အကြင်အခါ၌ သင်သည် ဤသမာဓိကို ဤသို့ ပွါးများအပ်, ကောင်းစွာ ပွါးများအပ်၏။ ရဟန်း ထိုအခါ၌ သင်သည် သွားလိုရာရာသို့ ချမ်းသာစွာ သွားရပေလိမ့်မည်၊ ရပ်လိုရာရာ၌ ချမ်းသာစွာ ရပ်ရပေလိမ့်မည်၊ ထိုင်လိုရာရာ အရပ်၌ ချမ်းသာစွာ ထိုင်ရပေလိမ့်မည်၊ အိပ်လိုရာရာ အရပ်၌ ချမ်းသာစွာ အိပ်ရပေလိမ့် မည်ဟု (မိန့်တော်မူ၏)။

ထိုအခါ မြတ်စွာဘုရားက ဤအဆုံးအမဖြင့် ဆုံးမအပ်သော ထိုရဟန်းသည် နေရာမှ ထကာ မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုပြီးလျှင် ဖဲသွားလေ၏။ ထို့နောက် ထိုရဟန်းသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်၍ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် နိဗ္ဗာန်သို့စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေသည် ရှိသော် ကောင်းစွာသာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ကြသော အမျိုးကောင်းသားတို့ လိုလားအပ်သော အတုမရှိသော မြတ်သော အကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်အကျိုးကို မကြာမီ မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရ၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိပြီ။ ထိုရဟန်းသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေတော့သတည်း။

တတိယသုတ်။