အင်္ဂုတ္တရနိကာယ်

(၇) ၂-ဘူမိစာလဝဂ်

၄-ဂယာသီသသုတ်

၆၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဂယာမြို့ ဂယာသီသ (အရပ်) ၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏။ပ။ ရဟန်းတို့ ငါသည် (သစ္စာလေးပါးကို) မသိသေးမီ ဘုရားအလောင်း ဖြစ်စဉ်ကပင် (ဒိဗ္ဗစက္ခုဉာဏ်) အလင်းရောင်ကိုသာ သိရ၏၊ ရူပါရုံတို့ကိုကား မမြင်ရသေး။ (၁)

ရဟန်းတို့ ထိုငါ့အား “အကယ်၍ ငါသည် (ဒိဗ္ဗစက္ခုဉာဏ်) အလင်းရောင်ကိုလည်း သိရ၍ ရူပါရုံတို့ကိုလည်း မြင်ရပါမူ ငါ၏ ဤဉာဏ်အမြင်သည် ထက်ဝန်းကျင် အလွန်စင်ကြယ်သည် ဖြစ်ရာ၏”ဟု အကြံဖြစ်ခဲ့၏။ ရဟန်းတို့ ထိုငါသည် နောက်အခါ၌ မမေ့မလျော့ လုံ့လပြုလျက် နိဗ္ဗာန်သို့စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသည်ရှိသော် (ဒိဗ္ဗစက္ခုဉာဏ်) အလင်းရောင်ကိုလည်း သိရ၏၊ ရူပါရုံတို့ကို လည်း မြင်ရ၏၊ ထိုနတ်တို့နှင့် အတူကား မနေရသေး စကားမပြောရသေး ဆွေးနွေးခြင်းသို့ မရောက် ရသေး။ (၂)

ရဟန်းတို့ ထိုငါ့အား “အကယ်၍ ငါသည် (ဒိဗ္ဗစက္ခုဉာဏ်) အလင်းရောင်ကိုလည်း သိရ ရူပါရုံတို့ကိုလည်း မြင်ရ၍ ထိုနတ်တို့နှင့် အတူနေရ စကားပြောရ ဆွေးနွေးခြင်းသို့ ရောက်ရပါမူ ငါ၏ ဤဉာဏ်အမြင်သည် ထက်ဝန်းကျင် အလွန်စင်ကြယ်သည် ဖြစ်ရာ၏”ဟု အကြံဖြစ်ခဲ့၏။ ရဟန်းတို့ နောင်အခါ၌ ထိုငါသည် မမေ့မလျော့ လုံ့လပြုလျက် နိဗ္ဗာန်သို့စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသည်ရှိသော် (ဒိဗ္ဗစက္ခုဉာဏ်) အလင်းရောင်ကိုလည်း သိရ၏၊ ရူပါရုံတို့ကိုလည်း မြင်ရ၏၊ ထိုနတ်နှင့် အတူလည်း နေရ၏၊ စကားလည်း ပြောရ၏၊ ဆွေးနွေးခြင်းသို့လည်း ရောက်ရ၏၊ ထိုနတ်တို့မူကား “ဤနတ်တို့သည် ဤမည် ဤမည်သော နတ်ဘုံမှ (နတ်တို့တည်း)”ဟု မသိရသေး။ (၃)

ရဟန်းတို့ ထိုငါ့အား “အကယ်၍ ငါသည် (ဒိဗ္ဗစက္ခုဉာဏ်) အလင်းရောင်ကိုလည်း သိရ ရူပါရုံတို့ကိုလည်း မြင်ရ၍ ထိုနတ်တို့နှင့် အတူလည်း နေရ စကားလည်း ပြောရ ဆွေးနွေးခြင်းသို့လည်းရောက်ရပြီးလျှင် ထိုနတ်တို့ကို “ဤနတ်တို့သည် ဤမည် ဤမည်သော နတ်ဘုံမှ (နတ်တို့တည်း)”ဟူ၍ လည်း သိရပါမူ ငါ၏ ဤဉာဏ်အမြင်သည် ထက်ဝန်းကျင် အလွန်စင်ကြယ်သည် ဖြစ်ရာ၏”ဟု အကြံ ဖြစ်ခဲ့၏။ ရဟန်းတို့ နောက်အခါ ထိုငါသည် မမေ့မလျော့ လုံ့လပြုလျက် နိဗ္ဗာန်သို့စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသည်ရှိသော် (ဒိဗ္ဗစက္ခုဉာဏ်) အလင်းရောင်ကိုလည်း သိရ ရူပါရုံတို့ကိုလည်း မြင်ရ၍ ထိုနတ်တို့နှင့် အတူလည်းနေရ စကားလည်း ပြောရ ဆွေးနွေးခြင်းသို့လည်း ရောက်ရပြီးလျှင် ထိုနတ်တို့ကို “ဤနတ်တို့သည် ဤမည် ဤမည်သော နတ်ဘုံမှ (နတ်တို့တည်း)”ဟူ၍လည်း သိရ၏။ “ဤနတ်တို့သည် ဤမည်သော ကံ၏ အကျိုးကြောင့် ဤလူ့ဘုံမှ စုတေ၍ ထိုဘုံ၌ ဖြစ်ရကုန်၏”ဟူ၍ကား မသိရသေး။ပ။ ထိုနတ်တို့ကိုလည်း “ဤနတ်တို့သည် ဤကံ၏ အကျိုးကြောင့် ဤလူ့ဘုံမှ စုတေ၍ ထိုဘုံ၌ ဖြစ်ရကုန်၏”ဟူ၍လည်း သိရ၏။ ထိုနတ်တို့ကို “ဤနတ်တို့သည် ဤကံ၏ အကျိုး ကြောင့် ဤသို့ အစားအစာ ရှိကုန်၏၊ ဤသို့ ချမ်းသာဆင်းရဲကို ခံစားရကုန်၏”ဟူ၍ကား မသိ ရသေး။ပ။ ထိုနတ်တို့ကို “ဤနတ်တို့သည် ဤကံ၏ အကျိုးကြောင့် ဤသို့ အစားအစာ ရှိကုန်၏၊ ဤသို့ ချမ်းသာဆင်းရဲကို ခံစားရကုန်၏”ဟူ၍လည်း သိရ၏။ ထိုနတ်တို့ကို “ဤနတ်တို့သည် ဤသို့ အသက်ရှည်ကုန်၏၊ ဤသို့ ကြာမြင့်စွာ တည်ခြင်းရှိကုန်၏”ဟူ၍ကား မသိရသေး။ပ။ ထိုနတ်တို့ကို “ဤနတ်တို့သည် ဤသို့ အသက်ရှည်ကုန်၏၊ ဤသို့ ကြာမြင့်စွာ တည်ခြင်းရှိကုန်၏”ဟူ၍လည်း သိရ၏၊ ထိုနတ်တို့ကို ငါသည် “ဤနတ်တို့နှင့် အတူနေခဲ့ဖူး၏ဟူ၍လည်းကောင်း၊ မနေခဲ့ဖူးသေးဟူ၍လည်းကောင်း”ကား မသိရသေး။ (၄—၇)

ရဟန်းတို့ ထိုငါ့အား “အကယ်၍ ငါသည် (ဒိဗ္ဗစက္ခုဉာဏ်) အလင်းရောင်ကိုလည်း သိရ ရူပါရုံတို့ ကိုလည်း မြင်ရ ထိုနတ်တို့နှင့် အတူလည်း နေရ စကားလည်း ပြောရ ဆွေးနွေးခြင်းသို့ ရောက်ရပြီးလျှင် ထိုနတ်တို့ကို ‘ဤနတ်တို့သည် ဤမည် ဤမည်သော နတ်ဘုံမှ (နတ်တို့တည်း)’ဟူ၍လည်း သိရ ထိုနတ်တို့ကို ‘ဤနတ်တို့သည် ဤကံ၏ အကျိုးကြောင့် ဤလူ့ဘုံမှ စုတေ၍ ထိုဘုံ၌ ဖြစ်ကုန်၏’ဟူ၍လည်း သိရ ထိုနတ်တို့ကို ‘ဤနတ်တို့သည် ဤသို့ အစားအစာ ရှိကုန်၏၊ ဤသို့ ချမ်းသာဆင်းရဲကို ခံစားကုန်၏”ဟူ၍လည်း သိရလျက် ထိုနတ်တို့ကို ‘ဤနတ်တို့သည် ဤသို့ အသက်ရှည်ကုန်၏၊ ဤသို့ ကြာမြင့်စွာ တည်ခြင်းရှိကုန်၏”ဟူ၍လည်း သိရသည့်အပြင် ထိုနတ်တို့ကို ငါသည် ‘ဤနတ်တို့နှင့် အတူ နေခဲ့ဖူး၏ဟူ၍လည်းကောင်း၊ မနေခဲ့ရဖူးသေးဟူ၍လည်းကောင်း’ သိရပါမူ ငါ၏ ဤဉာဏ်အမြင်သည် ထက်ဝန်းကျင် အလွန်စင်ကြယ်သည် ဖြစ်ရာ၏”ဟု အကြံဖြစ်ခဲ့၏။ ရဟန်းတို့ နောက်အခါ၌ ထိုငါသည် မမေ့မလျော့ လုံ့လပြုလျက် နိဗ္ဗာန်သို့စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသည်ရှိသော် (ဒိဗ္ဗစက္ခုဉာဏ်) အလင်းရောင်ကိုလည်း သိရ၏၊ ရူပါရုံတို့ကိုလည်း မြင်ရ၏၊ ထိုနတ်တို့နှင့်လည်း အတူ နေရ၏၊ စကားလည်း ပြောရ၏၊ ဆွေးနွေးခြင်းသို့လည်း ရောက်ရ၏၊ ထိုနတ်တို့ကို “ဤနတ်တို့သည် ဤမည် ဤမည်သော နတ်ဘုံမှ (နတ်တို့တည်း)”ဟူ၍လည်း သိရ၏။ ထိုနတ်တို့ကို “ဤနတ်တို့သည် ဤကံ၏ အကျိုးကြောင့် ဤလူ့ဘုံမှ စုတေ၍ ထိုဘုံ၌ ဖြစ်ကုန်၏”ဟူ၍လည်း သိရ၏၊ ထိုနတ်တို့ကို “ဤနတ်တို့သည် ဤသို့ အစားအစာ ရှိကုန်၏၊ ဤသို့ ချမ်းသာဆင်းရဲကို ခံစားရကုန်၏”ဟူ၍လည်း သိရ၏၊ ထိုနတ်တို့ကို “ဤနတ်တို့သည် ဤသို့ အသက်ရှည်ကုန်၏၊ ဤသို့ ကြာမြင့်စွာ တည်ခြင်း ရှိကုန်၏”ဟူ၍လည်း သိရ၏၊ ထိုနတ်တို့ကို ငါသည် “ဤနတ်တို့နှင့် အတူနေခဲ့ဖူး၏ဟူ၍လည်းကောင်း၊ မနေခဲ့ဖူးသေးဟူ၍လည်းကောင်း” သိရ၏။ (၈)

ရဟန်းတို့ အကြင်မျှလောက်သော ကာလပတ်လုံး ငါသည် ဤသို့ ရှစ်မျိုးသော အပြန်ရှိသော လွန်ကဲသည်သာဖြစ်သော ဉာဏ်အမြင်သည် အလွန်စင်ကြယ်စွာ မဖြစ်သေး၊ ရဟန်းတို့ ထိုမျှလောက်သော ကာလပတ်လုံး ငါသည် နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ အတုမရှိသော သမ္မာသမ္ဗောဓိ ‘အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်’ ကို ထိုးထွင်း၍ သိပြီဟု ဝန်မခံသေး။ ရဟန်းတို့ အကြင်အခါ၌ကား ငါ့အား ရှစ်မျိုးသော အပြန်ရှိသော လွန်ကဲသည်သာ ဖြစ်သော ဉာဏ်အမြင်သည် အလွန်စင်ကြယ်စွာ ဖြစ်ခဲ့၏၊ ရဟန်းတို့ ထိုအခါ ငါသည် နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ အတုမရှိသော သမ္မာသမ္ဗောဓိ ‘အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်’ ကို ထိုးထွင်း၍ သိပြီဟု ဝန်ခံခဲ့၏။ ငါ့အား ဉာဏ်အမြင်သည် ထင်ရှားဖြစ်ပေါ်ခဲ့၏၊ ငါ၏ (ကိလေသာတို့မှ) လွတ်မြောက်မှု အရဟတ္တဖိုလ်စိတ်သည် မပျက်စီးနိုင်၊ ဤကား အဆုံးစွန်သော ဘဝတည်း၊ ယခုအခါ ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပြီဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။