အင်္ဂုတ္တရနိကာယ်
(၉) ၄-သတိဝဂ်
၃-မူလကသုတ်
၈၃။ ရဟန်းတို့ အကယ်၍ သာသနာတော်မှတစ်ပါးသော အယူရှိသည့် ပရိဗိုဇ်တို့သည် “ငါ့သျှင်တို့ တရားအားလုံးတို့သည် အဘယ်လျှင် အခြေခံရှိကုန်သနည်း၊ တရားအားလုံးတို့သည် အဘယ်လျှင် ဖြစ် ကြောင်းရှိကုန်နည်း၊ တရားအားလုံးတို့သည် အဘယ်ကြောင့် ဖြစ်ပေါ်ကုန်သနည်း၊ တရားအားလုံးတို့သည် အဘယ်လျှင် ပေါင်းဆုံရာ ရှိကုန်သနည်း၊ တရားအားလုံးတို့သည် အဘယ်လျှင် ရှေ့သွား ရှိကုန် သနည်း၊ တရားအားလုံးတို့သည် အဘယ်လျှင် အကြီးအကဲရှိကုန်သနည်း၊ တရားအားလုံးတို့သည် အဘယ်လျှင် လွန်ကဲမှု ရှိကုန်သနည်း၊ တရားအားလုံးတို့သည် အဘယ်လျှင် အနှစ်ရှိကုန်သနည်း”ဟု ဤသို့ မေးလာကြကုန်မူ ရဟန်းတို့ ဤသို့ အမေးခံရသော သင်တို့သည် ထိုသာသနာတော်မှ တစ်ပါးသော အယူရှိသည့် ပရိဗိုဇ်တို့အား အဘယ်သို့ ဖြေဆိုကုန်မည်နည်းဟု (မေးတော်မူ၏)။
အသျှင်ဘုရား အကျွန်ုပ်တို့အား တရားတို့သည် မြတ်စွာဘုရားလျှင် အခြေခံရှိပါကုန်၏၊ မြတ်စွာဘုရားလျှင် ထုတ်ဆောင်သူရှိပါကုန်၏၊ မြတ်စွာဘုရားလျှင် လဲလျောင်းရာ ရှိပါကုန်၏။ အသျှင်ဘုရား တောင်းပန်ပါ၏၊ ဆိုအပ်သော တရားစကား၏ အနက်သည် မြတ်စွာဘုရား၏ (ဉာဏ်တော်၌) သာ ထင်ပါစေလော့၊ မြတ်စွာဘုရား၏ (အထံမှ) ကြားနာရ၍ ရဟန်းတို့သည် ဆောင်ထားကြရပါကုန်လိမ့်မည်ဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ထိုသို့ဖြစ်လျှင် ဟောကြားပေအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။
“ကောင်းပါပြီ အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—ရဟန်းတို့ အကယ်၍ သာသနာတော်မှ တစ်ပါးသော အယူရှိသည့် ပရိဗိုဇ်တို့သည် “ငါ့သျှင်တို့ တရားအားလုံးတို့သည် အဘယ်လျှင် အခြေခံရှိကုန် သနည်း၊ တရားအားလုံးတို့သည် အဘယ်လျှင် ဖြစ်ကြောင်းရှိ ကုန်သနည်း၊ တရားအားလုံးတို့သည် အဘယ်ကြောင့် ဖြစ်ပေါ်ကုန်သနည်း၊ တရားအားလုံးတို့သည် အဘယ်လျှင် ပေါင်းဆုံရာ ရှိကုန်သနည်း၊ တရားအားလုံးတို့သည် အဘယ်လျှင် ရှေ့သွားရှိကုန်သနည်း၊ တရားအားလုံးတို့သည် အဘယ်လျှင် အကြီးအကဲ ရှိကုန်သနည်း၊ တရားအားလုံးတို့သည် အဘယ်လျှင် လွန်ကဲမှု ရှိကုန်သနည်း၊ တရား အားလုံးတို့သည် အဘယ်လျှင် အနှစ်ရှိကုန်သနည်း”ဟု ဤသို့ မေးလာကြကုန်မူ ရဟန်းတို့ ဤသို့ အမေးခံရသော သင်တို့သည် ထိုသာသနာတော်မှ တစ်ပါးသော အယူရှိသည့် ပရိဗိုဇ်တို့အား ဤသို့ ဖြေဆိုကြကုန်လော့—
“ငါ့သျှင်တို့ တရားအားလုံးတို့သည် အလိုဆန္ဒလျှင် အခြေခံရှိကုန်၏၊
တရားအားလုံးတို့သည် နှလုံးသွင်းမှု ‘မနသိကာရ’လျှင် ဖြစ်ကြောင်းရှိကုန်၏၊
တရားအားလုံးတို့သည် တွေ့ထိမှု ‘ဖဿ’ကြောင့် ဖြစ်ပေါ်ကုန်၏၊
တရားအားလုံးတို့သည် ခံစားမှု ‘ဝေဒနာ’ ၌ ပေါင်းဆုံကုန်၏၊
တရားအားလုံးတို့သည် တည်ကြည်မှု ‘သမာဓိ’လျှင် ရှေ့သွားရှိကုန်၏၊
တရားအားလုံးတို့သည် အောက်မေ့မှု ‘သတိ’လျှင် အကြီးအကဲရှိကုန်၏၊
တရားအားလုံးတို့သည် သိမှု ‘ပညာ’လျှင် လွန်ကဲမှု ရှိကုန်၏၊
တရားအားလုံးတို့သည် လွတ်မြောက်မှု ‘အရဟတ္တဖိုလ်’လျှင် အနှစ်ရှိကုန်၏”ဟု (ဖြေဆိုကြကုန်လော့)။
ရဟန်းတို့ ထိုသာသနာတော်မှတစ်ပါးသော အယူရှိသည့် ပရိဗိုဇ်တို့ အမေးခံရသော သင်တို့သည့်ဤသို့ ဖြေဆိုကြကုန်လော့ဟု (မိန့်တော်မူ၏)။
တတိယသုတ်။