အင်္ဂုတ္တရနိကာယ်
၁-မေတ္တာဝဂ်
၉-နန္ဒသုတ်
၉။ ရဟန်းတို့ နန္ဒရဟန်းကို “အမျိုးကောင်းသား”ဟု ဆိုသည်ရှိသော် ကောင်းစွာ ဆိုသည် မည်ရာ၏၊ ရဟန်းတို့ နန္ဒရဟန်းကို “အားရှိသူ”ဟု ဆိုသည်ရှိသော် ကောင်းစွာ ဆိုသည် မည်ရာ၏၊ ရဟန်းတို့ နန္ဒ ရဟန်းကို “ကြည်ညိုဖွယ်ရှိသူ”ဟု ဆိုသည်ရှိသော် ကောင်းစွာ ဆိုသည် မည်ရာ၏၊ ရဟန်းတို့ နန္ဒရဟန်းကို “ထူပြောသော ရာဂရှိသူ”ဟု ဆိုသည်ရှိသော် ကောင်းစွာ ဆိုသည် မည်ရာ၏၊ ရဟန်းတို့ နန္ဒရဟန်းသည် ဣန္ဒြေတို့၌ လုံခြုံသော တံခါးရှိ၏၊ အစားအစာ၌ အတိုင်းအရှည်ကို သိ၏၊ နိုးကြားမှု၌ အားထုတ်၏၊ အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ နှင့် ပြည့်စုံ၏၊ အကြင်ဣန္ဒြေကိုစောင့်ရှောက်မှုစသည်တို့ကြောင့် နန္ဒရဟန်းသည် မြတ်သော အကျင့်ကို ပြည့်စုံ စင်ကြယ်စွာ ကျင့်ရန် စွမ်းနိုင်၏၊ ထိုအကြောင်းတို့ကို ကြဉ်ထား၍ တစ်ပါးသော အကြောင်းကို ဆိုသဖြင့် အဘယ်အကျိုး ရှိအံ့နည်း။
ရဟန်းတို့ ထိုလေးပါးတို့တွင် ဤဆိုလတ္တံ့သည်ကား နန္ဒရဟန်း၏ ဣန္ဒြေတို့၌လုံခြုံသော တံခါးရှိမှုတည်း၊ ရဟန်းတို့ နန္ဒရဟန်းသည် အကယ်၍ အရှေ့အရပ်ကို တည့်တည့် ကြည့်တော့မည် ဖြစ်အံ့၊ နန္ဒသည် “ဤသို့ အရှေ့အရပ်ကို တည့်တည့် ကြည့်သော ငါ့အား ရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ’ နှလုံး မသာယာမှု ‘ဒေါမနဿ’ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် အစဉ် လိုက်ကုန် လိမ့်မည် မဟုတ်”ဟု အခြင်းအရာအားလုံးကို စိတ်ဖြင့် နှလုံးသွင်း၍ အရှေ့အရပ်ကို တည့်တည့် ကြည့်၏၊ ဤသို့လျှင် ထိုအရှေ့အရပ်ကို တည့်တည့်ကြည့်ရာ၌ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ နှင့် ပြည့်စုံ၏။ ရဟန်းတို့ နန္ဒရဟန်းသည် အကယ်၍ အနောက်အရပ်ကို တည့်တည့် ကြည့်တော့မည် ဖြစ်အံ့။ပ။ မြောက်အရပ်ကို တည့်တည့် ကြည့်တော့မည် ဖြစ်အံ့။ တောင်အရပ်ကို တည့်တည့် ကြည့်တော့မည် ဖြစ်အံ့။ အထက်အရပ်ကို မော့ကြည့်တော့မည် ဖြစ်အံ့။ အောက်အရပ်ကို ငုံ့ကြည့်တော့မည် ဖြစ်အံ့။ အထောင့််အရပ်ကိုစောင်းငဲ့ကြည့်တော့မည် ဖြစ်အံ့၊ နန္ဒရဟန်းသည် “ဤသို့ အထောင့်အရပ်ကိုစောင်းငဲ့ ကြည့်သော ငါ့အား ရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ’ နှလုံးမသာယာမှု ‘ဒေါမနဿ’ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် အစဉ်လိုက်ကုန်လိမ့်မည် မဟုတ်”ဟု အခြင်းအရာ အားလုံးကို စိတ်ဖြင့် နှလုံးသွင်း၍ အထောင့်အရပ်ကိုစောင်းငဲ့ကြည့်၏၊ ဤသို့လျှင် ထိုအထောင့်အရပ်ကိုစောင်းငဲ့ ကြည့်ရာ၌ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ နှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤသည်ကား နန္ဒရဟန်း၏ ဣန္ဒြေတို့၌ လုံခြုံသော တံခါးရှိမှုတည်း။
ရဟန်းတို့ ထိုလေးပါးတို့တွင် ဤဆိုလတ္တံ့သည်ကား နန္ဒရဟန်း၏ အစားအစာ၌ အတိုင်းအရှည်ကို သိမှုတည်း၊ ရဟန်းတို့ ဤသာသနာတော်၌ နန္ဒရဟန်းသည် အသင့်အားဖြင့် ဆင်ခြင်၍ဆွမ်းကိုမှီဝဲ၏၊ မြူးထူးရန် မာန်ယစ်ရန် တန်ဆာဆင်ရန် အရေအဆင်းဖွံ့ဖြိုးတိုးပွါးရန် (ဆွမ်းကိုမှီဝဲသည်) မဟုတ်၊ ဤ ကိုယ်တည်တံ့ရန်မျှသာ မျှတရန်မျှသာ ဆာလောင်မွတ်သိပ်၍ ပင်ပန်းခြင်းကို ပယ်ဖျောက်ရန်မျှသာ မြတ်သောအကျင့်ကို ချီးမြှောက်ရန်မျှသာ ဆွမ်းကို မှီဝဲ၏၊ ဤသို့ မှီဝဲခြင်းဖြင့် ဝေဒနာဟောင်းကိုလည်း ပယ်ဖျောက်အံ့၊ ဝေဒနာသစ်ကိုလည်း မဖြစ်စေအံ့၊ ငါ့အား မျှတခြင်း အပြစ်မရှိခြင်းနှင့် ချမ်းသာစွာ နေရခြင်းသည် ဖြစ်ပေလိမ့်မည်ဟု ဆွမ်းကို မှီဝဲ၏။ ရဟန်းတို့ ဤသည်ကား နန္ဒရဟန်း၏ အစားအစာ၌ အတိုင်းအရှည်ကို သိမှုတည်း။
ရဟန်းတို့ ထိုလေးပါးတို့တွင် ဤဆိုလတ္တံ့သည်ကား နန္ဒရဟန်း၏ နိုးကြားမှု၌ အားထုတ်ခြင်းတည်း၊ ရဟန်းတို့ ဤသာသနာတော်၌ နန္ဒရဟန်းသည် နေ့အခါ၌ စင်္ကြံလျှောက်ခြင်း ထိုင်နေခြင်း ပိတ်ပင်တားမြစ်တတ်သော ‘နီဝရဏ’ တရားတို့မှ စိတ်ကို သုတ်သင်၏၊ ညဉ့်ဦးယံ၌ စင်္ကြံလျှောက်ခြင်း ထိုင်နေခြင်း ပိတ်ပင်တားမြစ်တတ်သော ‘နီဝရဏ’ တရားတို့မှ စိတ်ကို သုတ်သင်၏၊ ညဉ့်၏ သန်းခေါင်ယံ၌ (လကျာ်) ခြေပေါ်၌ (လက်ဝဲ) ခြေကို စဉ်းငယ်လွန်ကာ တင်ထား၍ သတိရှိလျက် ဆင်ခြင်ဉာဏ်ရှိလျက် (မည်သည့်အချိန်၌) ထအံ့ဟု နှလုံးသွင်း ပိုင်းခြားလျက် လကျာ်နံတောင်းဖြင့် မြတ်သော လျောင်းစက်ခြင်းကို ပြု၏၊ ညဉ့်၏ နောက်ဆုံးယံ၌စောစောထ၍ စင်္ကြံလျှောက်ခြင်း ထိုင်နေခြင်း ပိတ်ပင်တားမြစ် တတ်သော ‘နီဝရဏ’ တရားတို့မှ စိတ်ကို သုတ်သင်၏။ ရဟန်းတို့ ဤသည်ကား နန္ဒရဟန်း၏ နိုးကြားမှု၌ အားထုတ်ခြင်းတည်း။
ရဟန်းတို့ ထိုလေးပါးတို့တွင် ဤဆိုလတ္တံ့သည်ကား နန္ဒရဟန်း၏ အောက်မေ့မှု ‘သတိ’ ဆင်ခြင် ဉာဏ် ‘သမ္ပဇဉ်’နှင့် ပြည့်စုံမှုတည်း၊ ရဟန်းတို့ ဤသာသနာတော်၌ နန္ဒရဟန်းအား ဝေဒနာတို့သည် ထင်ထင်ရှားရှား ဖြစ်ကုန်၏၊ ဝေဒနာတို့သည် ထင်ထင်ရှားရှား ထင်ကုန်၏၊ ဝေဒနာတို့သည် ထင်ထင် ရှားရှား ချုပ်ခြင်းသို့ ရောက်ကုန်၏၊ (သညာ)တို့သည် ထင်ထင်ရှားရှား။ပ။ ဝိတက်တို့သည် ထင်ထင် ရှားရှား။ပ။ ချုပ်ခြင်းသို့ ရောက်ကုန်၏။ ရဟန်းတို့ ဤသည်ကား နန္ဒရဟန်း၏ အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ နှင့် ပြည့်စုံမှုတည်း။
ရဟန်းတို့ နန္ဒရဟန်းသည် ဣန္ဒြေတို့၌ လုံခြုံသော တံခါးရှိ၏၊ အစားအစာ၌ အတိုင်းအရှည်ကို သိ၏၊ နိုးကြားမှု၌ အားထုတ်၏၊ အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ နှင့် ပြည့်စုံ၏၊ အကြင် ဣန္ဒြေကိုစောင့်ရှောက်မှုစသည်တို့ကြောင့် နန္ဒရဟန်းသည် မြတ်သော အကျင့်ကို ပြည့်စုံစင်ကြယ်စွာ ကျင့်ရန် စွမ်းနိုင်၏၊ ထိုအကြောင်းတို့ကို ကြဉ်ထား၍ တစ်ပါးသော အကြောင်းကိုဆိုသဖြင့် အဘယ်အကျိုး ရှိအံ့နည်းဟု (မိန့်တော်မူ၏)။
နဝမသုတ်။